ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ ဆယ်ကျော်သက် အရွယ် ကလေးများ ပျောက်ဆုံးမှု ပိုများလာရှိကြောင်း ရဲ မှုခင်း မှတ်တမ်းများ အရ သိရသည်။
ထိုသို့ ပျောက်ဆုံး နေသူများတွင် အသက် ၁၂ နှစ်မှ ၁၇ နှစ်အထိ ပါဝင်ကြပြီး ကျောင်း ပညာ သင်ကြားနေသူများ ပါဝင်နေကြောင်း သိရသည်။
မြောက်ဒဂုံမြို့နယ်တွင် ၁၀ တန်း ကျောင်းသူနှစ်ဦး ကျူရှင်သွားရာမှ ပျောက်ဆုံး သွားမှု ဖြစ်ပေါ်ခဲ့ပြီး ရဲစခန်းတွင် လူပျောက် တိုင်တန်းကာ စုံစမ်း ရှာဖွေ နေသော်လည်း ယနေ့အချိန်အထိ ပြန်လည် တွေ့ရှိခြင်း မရှိသေးကြောင်း မြောက်ဒဂုံ မြို့မရဲစခန်းမှ သိရသည်။
စက်တင်ဘာ ၅ ရက် မွန်းလွဲ ၁ နာရီခန့် တွင် ၁၀ တန်း ကျောင်းသူ နှစ်ဦးဖြစ်သည့် မြောက်ဒဂုံမြို့နယ်၊ (၄၅) ရပ်ကွက်၊ဇော်ဂျီ လမ်းနေ မနေခြည်လင်း ၁၅ နှစ်နှင့် မြောက်ဒဂုံမြို့နယ်၊(၃၈)ရပ်ကွက်၊ အင်ကြင်းလမ်းနေ မနှင်းသဇင် ၁၇ နှစ်တို့ နှစ်ဦးသည် ကျူရှင် တက်ရောက်ရန် အတူ ထွက်သွားရာမှ ပြန် ရောက်လာခြင်း မရှိခဲ့ကြောင်း သိရသည်။
ယင်းနောက် မိဘ ဆွေမျိုးသားချင်းများ မှ ကျူရှင်နှင့် သူငယ်ချင်းများ၏ နေအိမ်များ ထံသို့ လိုက်လံ ရှာဖွေ စုံစမ်းရာ တွေ့ရှိခြင်း မရှိဘဲ ပျောက်ဆုံးနေသဖြင့် စက်တင်ဘာ ၆ ရက်၌ မြောက်ဒဂုံ မြို့မရဲစခန်းတွင် လူပျောက် တိုင်တန်းခဲ့သဖြင့် ရဲစခန်းမှ လူပျောက် အမှတ်စဉ် (၄၇/၂၀၁၅) ဖြင့် စုံစမ်း ရှာဖွေ လျက်ရှိကြောင်း သိရှိရသည်။
အလားတူ လူ ပျောက်ဆုံးသည့် ဖြစ်စဉ်မျိုး ရန်ကုန်တိုင်း ဒေသကြီး မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် စခန်းကြီး ကျေးရွာရှိ ဖားအောက် တောကျောင်းနေ ကိုရင်ခြောက်ပါး နှင့် ကျောင်းသားသုံးဦး စုစုပေါင်းကိုးဦး စက်တင်ဘာ ၁၄ ရက်က ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းအနက် ကိုရင်နှစ်ပါးကို စက်တင်ဘာ ၁၈ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး မြောက်ဥက္ကလာပ မြို့နယ်ရှိ ဘုန်းကြီး ကျောင်းတိုက်တစ်ခု၌ ပြန်လည်တွေ့ရှိခဲ့ပြီး ကျန်ရှိသည့် ကိုရင်လေးပါးနှင့် ကျောင်းသား သုံးဦးတို့အား စက်တင်ဘာ ၂၂ရက်တွင် ရှမ်းပြည်နယ်၊ ကျောက်မဲ ကျောင်းတိုက်တွင် ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရသည်။
“ဆယ်ကျော်သက် ကလေးတွေက Facebook ၊ အွန်လိုင်း အသုံးပြုရင်း မသမာသူတို့ အချို့နဲ့ ချိတ်ဆက်မိပြီး သူတို့ရဲ့ သွေးဆောင် ခေါ်ဆောင်ရာကို ပါသွားတတ်ကြတယ်။ မသမာသူ အချို့က လူအများဆုံး အသုံးပြုတဲ့ အွန်လိုင်းက နေပြီး လိမ်လည် ငွေကြေး တောင်းခံမှုတွေ၊ ခြိမ်းခြောက်မှုတွေ ကို ကျူးလွန်တဲ့ မှုခင်း ဖြစ်စဉ်တွေရှိလာပြီ။ အဲဒီတော့ အွန်လိုင်းကနေ တစ်ဆင့် ခြိမ်းခြောက်၊ သွေးဆောင် ဖြားယောင်းမှုတွေကို အလွယ်တကူ မယုံကြည်ကြဖို့ မှုခင်း ကျဆင်းရေး ပညာရေး ဟောပြောမှု တွေမှာ အသိပေးသွားဖို့ရှိတယ်။ မြောက်ဒဂုံမြို့နယ် ပျောက်သွားတဲ့ ကလေးတွေကိုတော့သူတို့ရဲ့မိသားစု အသိုင်းအဝိုင်းတွေနဲ့ ချိတ်ဆက်ပြီး စုံစမ်းရှာဖွေနေတယ်။ ပြီးတော့ သူတို့ရဲ့ ဓာတ်ပုံတွေကိုလည်း ရဲစခန်းတိုင်းမှာ လူပျောက် ကြော်ငြာ အနေနဲ့ ဖြန့်ဝေထားပါတယ်” ဟု မြောက်ဒဂုံ မြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှသန်းက ပြောကြားသည်။
ထို့အပြင် စက်တင်ဘာ ၁၂ ရက်က ဟဲဟိုးမြို့ ပုန်အင်းကျေးရွာနေ ဟဲဟိုး အထက်တန်းကျောင်းတွင် ပညာ သင်ကြားနေသည့် အသက် ၁၇ နှစ်အရွယ် ၁၀ တန်းကျောင်းသူ မအိဒုံနှင့် အသက် ၁၅ နှစ်အရွယ် ၉ တန်း ကျောင်းသူ မနှင်းမုံ တို့မှာ ဘုန်းကြီးကျောင်း သွားမည်ဆိုကာ ထွက်သွားရာမှ ယနေ့အချိန်ထိ ပျောက်ဆုံးလျက် ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပျောက်ဆုံးနေသည့် ဆယ်ကျော်သက်အရွယ် ကလေးများအား တွေ့ရှိပါက ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ၀၁ ၂၁၇၅၀၂၊ ၂၁၇ ၅၀၃ သို့ ဆက်သွယ် ကူညီ အကြောင်းကြားပေးရန် ဖော်ပြထားကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဆယ်ကျော်သက် အရွယ် ကလေးများ ပျောက်ဆုံးမှု ပိုများလာ