ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှု တရားခွင်ကို ကော့စမွီခရိုင်တရားရုံးတွင် ဆက်လက်ခေါ်ယူခဲ့ပြီး တရားခံပြသက်သေအဖြစ် ထိုင်းအမျိုးသားမှုခင်းဆရာဝန် အပါအဝင် သုံးဦးကို စစ်ဆေး
ထိုင်းနိုင်ငံတောင်ပိုင်းတွင်ရှိသည့် လိပ်ကျွန်းခေါ် ခိုထောင်ကျွန်းတွင် ၂၀၁၄ စက်တင်ဘာ ၁၅ ရက်က ဖြစ်ပွားခဲ့သည့် ဗြိတိန်ခရီးသွားနှစ်ဦး အသတ်ခံရသည့်ဖြစ်ရပ်တွင် တရားခံဟု စွပ်စွဲတရားစွဲဆိုခံထားရသည့် မြန်မာလုပ်သားနှစ်ဦးအမှု တရားခွင်ကို ကော့စမွီခရိုင် တရားရုံးတွင် စက်တင်ဘာ ၂၂ ရက်က ဆက်လက်စစ်ဆေးခဲ့သည်။
ထိုနေ့ရုံးချိန်းတွင် တရားခံပြသက်သေအဖြစ် ထိုင်းအမျိုးသား မှုခင်းဆရာဝန်၊ ရဲမှုခင်းဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ရဲမှူးကြီးနှင့် စွပ်စွဲခံရသူများကို ထောင်အတွင်း ဆေးစစ်ဆေးပေးခဲ့သည့် ဆရာဝန်တို့ကို စစ်ဆေးခဲ့ကြောင်း
အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် မြန်မာသံရုံး အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှရှေ့နေ ဦးအောင်မျိုးသန့်ထံမှ သိရသည်။
ယင်းနေ့ နံနက်ပိုင်းက စစ်ဆေးခဲ့သည့် ထိုင်းအမျိုးသား မှုခင်းဆရာဝန်၏ ထွက်ဆိုချက်အရ ၎င်းမှာ အမှုနှင့်ပတ်သက်ပြီး နစ်နာသူများမှ တောင်းဆိုသည့်အတွက် လူသတ်လက်နက်ဖြစ်သည့် ပေါက်တူးရိုးကို ပြန်လည်စစ်ဆေးပေးရကြောင်း၊
ထိုသို့ စစ်ဆေးရာတွင် ပေါက်တူးရိုးတွင် အမျိုးသားဒီအင်န်အေနှင့် အမျိုးသမီးဒီအင်န်အေ နှစ်မျိုးတွေ့ရကြောင်း၊ ထို ဒီအင်န်အေများမှာ သေဆုံးသူ ဒေးဗစ်မီလာ နှင့် ဟန်နာဝှစ်သာရစ်တို့၏ ဒီအန်အေများနှင့် တူညီကြောင်း ထွက်ဆိုခဲ့သည်။ ထို့ပြင် အခြားဒီအင်န်အေများကို စွပ်စွဲခံထားရသူများ၏ ဒီအင်န်အေများနှင့် တိုက်ဆိုင်စစ်ဆေးရာတွင် အဆင့်ငါးဆင့်ထိသာ တူညီသလိုရှိကြောင်း နှင့် ဒီအင်န်အေစစ်ဆေးရာတွင် အဆင့် ၁၀ ကျော်မှသာ ဒီအင်အေတူညီသည်ဟု ဆုံးဖြတ်ရကြောင်း ထွက်ဆိုခဲ့သည်။
မြန်မာသံရုံးရှေ့နေ ဦးအောင်မျိုးသန့်က ဒီနေ့ရုံးချိန်းမှာ တရားခံပြသက်သေ သုံးဦး ထွက်ဆိုပါတယ်။ အဲဒီမှာ ဘာထူးလဲဆိုတော့ ထိုင်းအမျိုးသားမှုခင်းဆရာဝန်ရဲ့ ထွက်ဆိုချက်မှာ ဒီအင်န်အေ စစ်ဆေးတဲ့နေရာမှာ သာမန်အမှုတွေမှာ ရက်ပေါင်း၂၀ စစ်ဆေးရတယ်။ ဒါပေမဲ့ အမှုတွေမှာတော့ ၁၀ ရက်လောက် စစ်ဆေးရပါတယ်လို့ပြောပါတယ်။ ဒါပေမဲ့ ၂၀၁၄ အောက်တိုဘာ ၂ ရက်မှာ အခုစွပ်စွဲခံထားရတဲ့သူတွေကို ဒီအင်န်အေ စစ်ဆေးခဲ့ပါတယ်။ အောက်တိုဘာ ၅ ရက်မှာ ဒီအင်န်အေ တူညီတယ်လို့ဆိုထားတော့ သုံးရက်အတွင်းမှာ ဒီအင်န်အေအဖြေက ရနေတဲ့သဘောပါ။ ဒါက လွဲနေတယ်ဆိုတာ ထင်ရှားစေပါတယ်”ဟု ပြောကြားသည်။
ထို့ပြင် ထိုနေ့ရုံးချိန်းတွင် နောက်ဆုံးထွက်ဆိုခဲ့သည့် တရားခံပြသက်သေမှာ စွပ်စွဲခံထားရသူများ၏ တောင်းဆိုမှုအရ ထောင်အတွင်းသို့ ဝင်ရောက်ဆေးစစ်ဆေးပေးရသည့် ဆရာဝန်ဖြစ်ပြီး ၎င်းမှ စွပ်စွဲခံထားရသူများမှာ ရိုက်နှက်ခံထားရကြောင်းနှင့် ဇော်လင်း၏ ရင်ဘတ်ကို ထောက်ကြည့်ပါက နာကျင်သည်ဟု သိရကြောင်း ထွက်ဆိုခဲ့သည်ဟု ဦးအောင်မျိုးသန့်က ပြောကြားသည်။
သြစတြေးလျနိုင်ငံမှ မှုခင်းသိပ္ပံကျွမ်းကျင်ပညာရှင်မှာ လာရောက်ထွက်ဆိုမည်ဟု ဆိုသော်လည်း ရောက်ရှိလာခြင်းမရှိသေးကြောင်းနှင့် စက်တင်ဘာ ၂၃ ရက် (ယနေ့) ရုံးချိန်းတွင် မြန်မာနှစ်ဦး လာရောက်ထွက်ဆိုမည်ဖြစ်ကြောင်း ဦးအောင်မျိုးသန့်က ထပ်မံ ပြောကြားသည်။
၎င်းက“အဲဒီမှုခင်းကျွမ်းကျင်ပညာရှင်က လာထွက်မယ်လို့ပြောထားပေမယ့် ရောက်မလာသေးပါဘူး။ မနက်ဖြန်မှာတော့ မြန်မာနှစ်ဦး ထွက်ဆိုပါမယ်”ဟု ပြောကြားသည်။
လိပ်ကျွန်းလူသတ်မှုတွင် တရားခံပြသက်သေအဖြစ် ထိုင်းအမျိုးသားမှုခင်းဆရာဝန် အပါအဝင် သုံးဦးကို စစ်ဆေး















