နိုင်ငံခြား အရန်ငွေကြေးမှာ သွင်းကုန် သုံးလစာအောက် နည်းပါးလာကြောင်း နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့က သတိပေးသော်လည်း ဗဟိုဘဏ်က နိုင်ငံခြား လေလံမှတစ်ဆင့် ဒေါ်လာများ ဆက်လက်ရောင်းချ

နိုင်ငံခြား အရန်ငွေကြေးမှာ သွင်းကုန် သုံးလစာအောက် နည်းပါးလာကြောင်း နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့က သတိပေးသော်လည်း ဗဟိုဘဏ်က နိုင်ငံခြား လေလံမှတစ်ဆင့် ဒေါ်လာများ ဆက်လက်ရောင်းချ
Published 22 September 2015
ဇော်ဝေ

နိုင်ငံခြား အရန်ငွေကြေးမှာ သွင်းကုန် သုံးလစာသာရှိပြီး နည်းပါးလာကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့က သတိပေးသော်လည်း ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြား လေလံမှတစ်ဆင့် ဒေါ်လာများကို ပိုမိုရောင်းချ နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် ပြီးခဲ့သည့် သြဂုတ် ၁၂ ရက်တွင် ဘဏ်များနှင့် ငွေကြေး အဖွဲ့အစည်းများသို့ နိုင်ငံခြား ငွေကြေး လေလံရောင်းချမှု စတင် ထုတ်ပြန်ခဲ့ချိန်မှ စပြီး တစ်လကျော် ကာလအတွင်း ဗဟိုဘဏ်အနေဖြင့် ဒေါ်လာ ၇၈ သန်း ဝန်းကျင် ရှိလာပြီး ဘဏ်များနှင့် ငွေကြေး အဖွဲ့အစည်းများက ဗဟိုဘဏ်သို့ ပြန်လည် ရောင်းချမှုမှာ ၁၄ သန်း ဝန်းကျင်သာ ရှိကြောင်း သိရသည်။အနီးစပ်ဆုံးအနေဖြင့် စက်တင်ဘာ ၁၈ ရက်နှင့်  စက်တင်ဘာ ၂၁ ရက် နှစ်ရက် တည်းမှာပင် ဗဟို ဘဏ် အနေဖြင့် ဒေါ်လာ ၁၇ သန်းကျော် ထုတ်ရောင်းခဲ့သည်။ ယင်း ငွေကြေးပမာဏမှာ  အခြား ဈေးကွက်အတွင်းသို့ ဗဟိုဘဏ် အနေဖြင့် တိုက်ရိုက် ရောင်းချခြင်း မပါဝင်ကြောင်းလည်း သိရသည်။ ဗဟိုဘဏ်က ဈေးနှုန်း ထိခိုက် ခံစားနိုင်ခြေ ရှိသည့် စက်သုံးဆီနှင့် သွင်းကုန် အချို့အတွက် ဒေါ်လာဈေး မြင့်တက်မှုကြောင့် ဈေးနှုန်း မြင့်တက်မှုကို ကာကွယ်ရန် ထုတ်ရောင်းခြင်းများ ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ဈေးကွက်မှ သတ်မှတ်ပြဋ္ဌာန်းသည့် နိုင်ငံခြား ငွေလဲနှုန်းကို သိရှိနိုင်ရန် ၂၀၁၂ ခုနှစ်တွင် စီမံခန့်ခွဲမှု ရှိသော ငွေလဲနှုန်းရှင် စတင်စဉ်ကတည်းက ဘဏ်များနှင့်ငွေကြေးအဖွဲ့အစည်း များအကြား နိုင်ငံခြား ငွေကြေးရောင်းချမှုကို စတင်နေခြင်းလည်း ဖြစ်သည်။
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၏ မြန်မာနိုင်ငံသို့ ၂၀၁၅ ခုနှစ် Article IV Consultration ခရီးစဉ်အပြီး ဇူလိုင် ၁ ရက် သတင်း ထုတ်ပြန်ချက် အရလည်းကောင်း၊ စက်တင်ဘာ ၁၈ ရက်က Article ခရီးစဉ်အပြီး ထုတ်ပြန်ချက်တွင် လည်းကောင်း နိုင်ငံခြား အရန်ငွေကြေး ပမာဏမှာ သွင်းကုန်ပမာဏ သုံးလစာ အောက် လျော့နည်းလာကြောင်း၊ ပြီးခဲ့သည့်နှစ်က စာရင်းရှင် ငွေစာရင်းတွင် ဂျီဒီပီ၏ ခြောက်ရာခိုင်နှုန်း ထက်ပိုမိုသည့် လိုငွေပြခဲ့ကြောင်း၊ လိုငွေပြမှု အဓိက အကြောင်းရင်းမှာ ကုန်သွယ်မှု လိုငွေကြောင့် ဖြစ်ပေါ်ခဲ့ ခြင်းဖြစ်ကြောင်း၊ အကျိုးဆက် အနေဖြင့် နိုင်ငံခြား အရန်ငွေကြေး ပမာဏ နည်းပါး လာခဲ့ကြောင်း၊ နိုင်ငံတကာ ငွေကြေးအဖွဲ့အနေဖြင့် သွင်းကုန်၏ ငါးလစာမှ ခြောက်လစာအထိ စုဆောင်း နိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ ကြောင်း ဖော်ပြသည်။
ဒေါ်လာဈေး အားကောင်းနေခြင်းနှင့် ကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းလာခြင်း၊ သဘာ၀ ဓာတ်ငွေ့ဈေးနှုန်းများ ကျဆင်းလာခြင်း အပါအဝင် အချို့သော စီးပွားရေး တိုးတက်မှုကို ဟန့်တားသည့် အကြောင်းရင်း များကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ကျဆင်းလာနိုင်သည့် အန္တရာယ်မျိုးနှင့် ရင်ဆိုင် နေရကြောင်း ဇူလိုင် ခရီးစဉ်အပြီးတွင် ထုတ်ပြန်ခဲ့ပြီး သဘာဝဓာတ်ငွေ့ ဈေးနှုန်း ကျဆင်းခြင်းသည် ပို့ကုန် ဝင်ငွေရရှိမှုနှင့် အစိုးရ၏  အခွန်ဘဏ္ဍာကို လျော့နည်း စေနိုင်ကြောင်း အပါအဝင် တရုတ်နိုင်ငံ၏ စီးပွားရေး ကြီးထွားမှု လျော့ကျခြင်းသည် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကို သက်ရောက်နိုင်ကြောင်း စက်တင်ဘာ ၁၈ ရက်က ထုတ်ပြန်သည့် IMF ၏ မြန်မာ နိုင်ငံဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ စီးပွားရေး ကြီးထွားမှုသည် ဆက်လက် အားကောင်းနေကြောင်း သို့သော် လျော့ရဲပြီး အကျပ်အတည်း ဖြစ်စေသည့် ငွေကြေးဆိုင်ရာ အခြေအနေများနှင့် ရေကြီးနစ်မြှုပ်မှုကြောင့် စိုက်ပျိုးရေး လုပ်ငန်းအပေါ် ထိခိုက်မှုများကြောင့် ကုန်ဈေးနှုန်း ဆက်လက် မြင့်လာနိုင်ကြောင်း စသည့် လက္ခဏာများရှိ နေကြောင်း၊ မူဝါဒရေးရာ တင်းကျပ်ရန် လိုအပ်ကြောင်း၊ ရေရှည် ကြီးပွားမှု အဓိကဖြစ်သည့် စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် ဖွဲ့စည်းပုံ ပြန်လည် ပြင်ဆင်ခြင်းများ ဆက်လက် လုပ်ဆောင် ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

Most Read

Most Recent