ဘတ်စ်ကား

ဘတ်စ်ကား
Published 21 September 2015
အရှင်သုမင်္ဂလ (စစ်ကိုင်း)

(၁)
မဟာမြတ်မုနိ ဘုရားကြီးအနီးရှိ ဟံသာဝတီတိုက် ဆရာတော်ကြီး ပျံတော်မူတော့ ဘုရားကြီး ၄၅-တာဝင်း၌ ဘုန်းကြီးပျံပွဲ ကျင်းပသည်။ စာတတ်ပေတတ် ဆရာတော်ကြီး၏ ဈာပနပွဲပေမို့ တခမ်းတနား ရှိလှသည်။ ဦးဇင်းတစ်ပါးက မိမိတို့ ကိုရင်ငယ်အဖွဲ့ကို ဘုန်းကြီးပျံပွဲကို လိုက်ပို့သည်။ ဆရာသမားက ‘ညတော့ မအိပ်ကြနဲ့’ ဟု မှာတမ်းပြုသည်။ သို့ဖြင့် တစ်ခါမှ မမြင်တွေ့ဖူးသော မန္တလေး ဘုန်းကြီးပျံပွဲကို ပထမဆုံး အကြိမ်အဖြစ် ကြုံဆုံခဲ့ရခြင်း ဖြစ်သည်။
ကွင်းအကျယ်ကြီးထဲမှာ မဏ္ဍပ်တွေကလည်း အများကြီး၊ ဧယင်ကျူးနေသော စင်တွေကလည်း အများကြီး။ ဟိုဟိုသည်သည် လှည့်လည်ကြရင်း မိမိတို့ ကိုရင်လေး နှစ်ပါးက လူစုကွဲသွားသည်။ လူစု ကွဲသွားချိန်၌ မိမိ တို့ရွာသား ကိုရင်တစ်ပါးနှင့် သွားတွေ့သည်။ သူက မန္တလေး ဝေယန်ဘုံသာတိုက်မှာ နေသည်။ ခဏကြာတော့ “ပြန်တော့မယ်” ဆိုပြီး သူက ဘုရားကြီး မြောက်မုခ်ကိုသွားတော့ မိမိတို့လည်း သူ့နောက် လိုက်သွားကြသည်။ ထိုစဉ်၊ အမှတ် (၁) ဘတ်စ်ကားက ထိုးဆိုက်လာသည်။ သူက မိမိတို့ကို လက်ပြပြီး ဘတ်စ်ကားပေါ် တက်သွားတော့ သူ့ကို အတော်လေး အထင်ကြီး သွားမိသည်။ ကိုယ်က ဘတ်စ်ကားမှ မစီးဖူးသေးတာကိုး။
(၂)
မိမိ၏ နောင်တော် ဦးဇင်းတစ်ပါး ခင်မကန်တိုက်မှာ နေတော့ မိမိတို့ မန္တလေးညအိပ် ညနေသွားတိုင်း သူ့ဆီ သွားအိပ်ကြသည်။ မိမိတို့က ဟိုဟိုသည်သည် သွားချင်သည်ဆိုလျှင် သူကလိုက်ပို့သည်။ ဘတ်စ်ကား စီးရမည့်ကိစ္စ ကြုံလာပြီ ဆိုလျှင်လည်း မှတ်တိုင်ကို ခြေကျင်လျှောက်ပြီး ကားစောင့်ရသည်။ ဦးဇင်း ဖြစ်သည်အထိ မန္တလေး ဘတ်စ်ကားတွေက ဘယ်ပုံဘယ်နည်း ပြေးဆွဲနေကြသည်ဟု မိမိမသိ။ ‘ကားပြေးတဲ့ လမ်းကြောတွေကို ဘယ်လို မှတ်ထားတာလဲ’ ဟု သူ့ကို မေးကြည့်တော့ ‘ကြာတော့လည်း သိလာတာပါပဲ’ ဟုသာ သူကဖြေသည်။
သူနှင့် ဘတ်စ်ကား စီးရတာ အဆင်ပြေသည်။ ထိုင်ခုံလွတ် တစ်နေရာ ရပြီဆိုလျှင် သူက ဘယ်တော့မှ မထိုင်၊ မိမိကိုသာ ထိုင်ခိုင်းသည်။ ကားပြတင်းပေါက်မှနေ၍ မြင်မြင်သမျှ တို့ကိုငေးပြီး လိုက်လာရတာကို မိမိက သဘောကျသည်။ တစ်ခေါက်က ဘုရားကြီး ဘက်မှပြန်အလာ၊ ဈေးချိုနား ရောက်ခါနီး၌ ‘ရှေ့မှတ်တိုင်မှာ ဆင်းမယ်နော်’ ဟု သူက သတိပေးသည်။ ဈေးချိုတောင်ထိပ် ရဲရင့်မှတ်တိုင်နား ရောက်တော့ မိမိက နေရာမှ ထသည်။ ‘နာရီစင် မှတ်တိုင်ရောက်မှ ဆင်းမယ်’ သူက ဆိုသော်လည်း မိမိက ပြန်မထိုင်ဖြစ်တော့ အဆင်းပေါက်ဝနားကို ရောက်နေပြီ။
ဆက်လက် ထွက်ခွာသော ကားက နာရီစင်ကြီးအောက် အရောက်၊ မီးနီမိ၍ ခေတ္တ ရပ်သည်။ မီးနီမီးစိမ်းကိစ္စကို နားမလည်ခဲ့သူ မိမိက ‘ကားရပ်ပြီ’ အထင်ဖြင့် ဆင်းလိုက်သည်။ စောစောက ‘နာရီစင်ပါတယ်’ ဆို သူတွေကလည်း တစ်ယောက်မှ လိုက်ဆင်းမလာကြ။ တစ်ယောက်တည်း အူကြောင်ကြောင်ကြီး ဖြစ်နေသည်။ သူက ‘ဘာလို့ဆင်းတာလဲ’ ဟု  မိမိကို လှမ်းဆူသည်။ ဒရိုင်ဘာကြီးက မိမိကို မကြည်ကြည့် ကြည့်သည်။ ကားပေါ် ပါလာသူ အများစုကလည်း မိမိကို အထူးအဆန်း ဂြိုဟ်သားတစ်ဦးပမာ လှမ်းကြည့်ကြသည်။ သူနှင့် ပြန်တွေ့တော့ မီးနီမီးစိမ်းကိစ္စကို သူက ပြောပြသည်။ “မြို့ပေါ်မှာ ဘတ်စ်ကားစီးရတာ တယ်လည်း ဥပဒေသ များသကိုး” ဟု တွေးရင်း “အင်းပါ၊ မှတ်ထားပါ့မယ်” ဟု သူ့ကို ပြန်ပြောလိုက်ရသည်။
(၃)
စာသင်သား ဘဝဖြင့် မန္တလေးကို ရောက်တော့ ဘတ်စ်ကား၏ သဘောသဘာဝကို အတန်အသင့် နားလည်ခဲ့ရသည်။ မန္တလေးသား အများစုက ဘတ်စ်ကား စီးသည်ဟု မိမိ မထင်။ သူတို့၏ သီးခြား စီးတော်ယာဉ်က စက်ဘီးဖြစ်သည်။ ဘတ်စ်ကားကို နယ်မှ ဈေးဝယ်လာသူ၊ ဘုရားဖူးလာသူ၊ဆေးကုလာသူ အများစုနှင့် ဈေးသည်အများစု စီးကြသည်။ နောက်ပြီး ဦးဇင်း ကိုရင်တွေ စီးကြသည်။ တစ်ခါတစ်ခါ၊ နိုင်ငံခြားသား ကမ္ဘာလှည့်တွေကိုလည်း တွေ့ရတတ်သည်။
ထိုခေတ်က မန္တလေး၌ ပြေးဆွဲနေသည် ကချက်ပလက် ကားအိုကြီးများ ဖြစ်သည်။ “သတိ၊ ဆီ၊ ရေ၊ လေ” ဟု ရေးထားသော လေးထောင့်ပုံးကြီးနှင့် ဂီယာ မောင်းတံကို ထောက်ထားသော တစ်ထွာသာသာခန့် သစ်သားချောင်းလေးလည်း ပါရှိသည်။ မိမိတို့က စီးနေကျမို့ ကြောက်ရလန့်ရ ကောင်းမှန်းမသိသော်လည်း နိုင်ငံခြားသားများကတော့ ကြောက်ပုံရသည်။ တစ်ခါက နိုင်ငံခြားသား တစ်ယောက် ဘုရားကြီးဘက် ထွက်မည့်ကား ပေါ်တက်လာသည်။ ကားဆရာက ထောက်တံကို ဆွဲဖြုတ်လိုက်ချိန်၌ ကားကို အရပ်ခိုင်းပြီး ခပ်သုတ်သုတ် ဆင်းသွားသည်ကို တွေ့ဖူးသည်။
မန္တလေး ဘတ်စ်ကား လောက၌ ကားပြာလိုင်း၊ ကားနီလိုင်း စသည်ဖြင့် ရှိသည်။ ကားပြာလိုင်းတွေက ဘုရားကြီး၊ ဂေါဝိန်၊ ဘူတာကြီး၊ ဆေးရုံကြီး၊ လေဆိပ်ဘက်သို့ ပြေးဆွဲသည်။ ကားနီလိုင်းတွေက မန္တလေးတောင်၊ ရန်ကင်းတောင်၊ နန်းတော်ရှေ့ဘက်သို့ ပြေးဆွဲသည်။ ဘတ်စ်ကားတိုင်းက နာရီစင်ကြီးကို ဦးတိုက်ကြရသည်။ ထိုစဉ်ကတော့ နာရီစင်ကြီးက ဘုရင်တစ်ဆူ မဟုတ်ပါလား။
စာသင်သား ဘဝဖြင့် ဆွမ်းခံထွက်စဉ်က ဈေးချိုမှတ်တိုင်မှ တော်ဝင်သံလမ်း မှတ်တိုင် အထိ သပိတ်ကြီး တစ်ဖက်ဖြင့် ဘတ်စ်ကားစီး ခဲ့ရဖူးသည်။ ဘတ်စ်ကား အတော်များများက သပိတ်နှင့် ဘုန်းကြီးများကို  မတင်လိုကြ။ အကြောင်းကား ပိုက်ဆံ မရသောကြောင့် ဖြစ်သည်။ ဘတ်စ်မှတ်တိုင်၌ သပိတ်နှင့် ကိုယ်တော်တွေ စုနေပြီဆိုလျှင် ဘတ်စ်ကား အချို့က ထိုမှတ်တိုင်၌ မရပ်ကြတော့။ လူအချောင်ကြီး ဖြစ်သော်လည်း ဇွတ်မောင်းပြေးသည်။ ရံခါ ရပ်ပေးပါသော်လည်း ကိုယ်တော်တွေနှင့် အတော်လေးဝေးသော နေရာကို ရောက်မှရပ် ပေးသည်။
အချို့ ကားသမားများက ပညာခန်းတွေ အရမ်းသုံးသည်။ သပိတ်ကြီး ကားအနီးသို့ ရောက်ကာမှ “ဝူး” ခနဲ မောင်းထွက်ပြေးသည်။ ထိုထက်ဆိုးသည်က သပိတ်ကြီး တစ်ဖက်ဖြင့် ကားပေါ်ရောက်ပြီးနောက် လက်ကိုင်တန်းကိုမှ အမှီမပြုရသေးခင် ကားကို ရှေ့တိုး နောက်ဆုတ်လုပ်သည်။ ယိမ်းထိုးအောင် လုပ်သည်။ တစ်ခါက ကိုယ်တော်လေး တစ်ပါးသည် ဘရိတ်ဖမ်းပြီး ကျွမ်းဘားကစားသည့် ကားဆရာ၏ ပညာခန်းအောက်၌ သပိတ်ရော လူပါ ခါယမ်းထွက်သွားသည်။ ဘတ်စ်ကား ကြမ်းပြင်ပေါ်၌ ဆွမ်း၊ ဆွမ်းဟင်းတွေ ပြန့်ကျဲသွားသည်။
ထိုအဖြစ်ဆိုးကို မြင်တွေ့မိပြီးသည့် နောက်သပိတ် တန်းလန်းဖြင့် ဘတ်စ်ကား စီးရခြင်းကို စိတ်ကုန်သွားသည်။ ဆွမ်းခံ ကိုယ်တော်လေးများ၏ ဘဝကို စာနာနားလည်စွာဖြင့် စိတ်ရှည်လက်ရှည် ရပ်ဆိုင်းပေးကြသော ဘတ်စ်ကား ယာဉ်မောင်းတို့ကား မရှိမဟုတ်၊ ရှိပါ၏။ သို့သော် ရှားသည်။
(၄)
ရန်ကုန်ရောက်တော့ ဘတ်စ်ကား၏ နယ်မြေက ပိုလို့ ကျယ်ဝန်းသွားသည်။ မန္တလေး၌ နေစဉ်က ဘတ်စ်ကားတစ်စီး စီးရဖို့အရေး ရံခါ တမေ့တမောကြီး စောင့်နေရတတ် သော်လည်း ရန်ကုန် ဘတ်စ်ကားတွေကတော့ ဟောတစ်စီး ဟောတစ်စီး ဖြစ်သည်။ တကယ်တမ်းကျတော့ မှတ်တိုင်၌ စောင့်နေသူများက ‘ဟောတစ်စီး၊ ဟောတစ်စီး’ ထက် ပိုများသည်။ ကားတစ်စီး ထိုးဆိုက်လာ ပြီးဆိုလျှင် ထန်းလျက်ခဲ ပုရွက်ဆိတ်အုံ သည့်အလား အလုအယက် ပြေးတက်ကြရသည်။
မန္တလေး ဘတ်စ်ကားများက အိပဲ့ အိပဲ လုပ်နေကြသော်လည်း ရန်ကုန်ကတော့ ‘ဒုန်းဆိုမှဒုန်း’ ဖြစ်သည်။ “နောက်ကားပါ လာတယ်ဆရာရေ့၊ ဆွဲ” ဆိုလျှင် ဒရိုင်ဘာက စက်ကုန်ဖွင့်၍ ရွက်လွှင့်သည်။ ခရီးသည်တွေ အထိုင်ကျ မကျကိစ္စ သူနှင့် မဆိုင်။ နောက်ကားကို မျက်ခြည်ဖြတ်ထားဖို့ အဓိက။ ထိုအချိန်မျိုး၌ လမ်းဆင်း ခရီးသည် ပါလာပြီဆိုလျှင် သူတို့မျက်နှာက အချိုးပြောင်းသွားသည်။ ခရီးသည် ခြေထောက်မှ မြေပြင်နှင့် မထိသေး ‘ဝူး’ ဆို မောင်းထွက်ပြေးသည်။ ခရီးသည်က နောက်ကားလောက် အရေးမကြီးဟု ဆိုလိုသည်။ အဆိုးဆုံးကတော့ လူခေါ်စဉ်က ‘ဘယ်အထိ ရောက်မယ်’ ပြောပြီး၊ ခရီးသည်က ထင်သလောက် မရချိန်၌ ဒါ၊ ဂိတ်ဆုံးပဲ’ ဆိုပြီး သူတို့ ဆုံးချင်သည့် နေရာ၌ ဆုံးလိုက်ကြခြင်း ဖြစ်သည်။ ကြာတော့ ခရီးသည်တွေက ဘတ်စ်ကားကို စိတ်ကုန်လာကြသည်။
ခုတလော၊ မထသ (ဗဟို) က ဘတ်စ်ကားခတွေ တိုးကောက်သော သတင်းတွေကို ကြားရသည်။ စည်းကမ်းဖောက် ယာဉ်များအတွက် အမှုသေး ဒဏ်ကြေးငွေကို တစ်ထောင့်ငါးရာမှ၊ သုံးသောင်းအထိ တိုးမြှင့်လိုက်သည့် အတွက် အချို့ဘတ်စ်ကားများ မပြေးဆွဲဘဲ နေကြသည်ဟုလည်း ကြားသိခဲ့ရသည်။ ဒဏ်ကြေးငွေက အဆ နှစ်ဆယ်လောက် တက်သွားသော်လည်း သူတို့ဝင်ငွေက အဆ နှစ်ဆယ်လောက် မတက်ပါဟု သူတို့က ဆိုသည်။ “ငါးထောင် နှင့်တစ်သောင်း အကြားသာ ဝင်ငွေရှိသူများက သုံးသောင်းကျပ် ဒဏ်ကြေး ပေးဆောင်ရမည်ကို ကြောက်လန့်နေကြသောကြာင့် ကားမပြေးကြဘဲ ရပ်နားထား ပုံရသည” ဟု တာဝန်ရှိသူ တစ်ဦးက ဖြေဆိုသွားသည်ကို ရုပ်သံလိုင်း တစ်ခု၌ တွေ့လိုက်ရသည်။
ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် ယာဉ် အစီးရေ လေးထောင်ကျော်ရှိသည့် အနက်၊ တစ်ထောင်ကျော်က ပြေးဆွဲခဲ့ခြင်း မရှိသည့် အတွက် ခရီးသွားပြည်သူအများ အခက်အခဲ ဖြစ်ခဲ့ကြရသည်ဟု နောက်ဆုံး သတင်းများ အရသိရသည်။  ခရီးသွားများသည် ကားသမားများ၏ ကျေးဇူးရှင် ဖြစ်သည်ကို မမေ့သင့်ပါ။
(၅)
မြန်မာ့ ဇာတ်သဘင် နယ်ပယ်၌ နာမည်တစ်လုံး ထူထောင်နိုင်ခဲ့သည့် မင်းသားကြီး ရွှေမန်းတင်မောင်၏ သဘောထားကို အမြွက်မျှ ပြောပြလိုပါသည်။ ညခင်းအချိန်၌ သူတို့ ကပြမည့် ဇာတ်ပွဲကို ကြည့်ရှုရန် တောပရိသတ်ကြီး ရောက်လာကြသည်။ လှည်းဝိုင်းကြီးကိုက တမျှော်တခေါ်ကြီး။ နေ့လည် နေ့ခင်း ဇာတ်အဖွဲ့သားများ အနားယူ အိပ်စက်နေသခိုက် ရွှေမန်းတင်မောင်က မအိပ်ဘဲ အပြင်ထွက် ကြည့်သည်။ ထို လှည်းဝိုင်းကြီးကို မြင်တော့ မင်းသမီး အောင်သန်းတင်ကို ခေါ်ပြီး “အောင်သန်းတင်ရေ၊ လာလာ၊ ဒါ ငါတို့ ကျေးဇူးရှင်တွေဟ” ဆိုပြီး  ဇာတ်စင်ပေါ်မှ ဦးသုံးကြိမ်ချ၍ ကန်တော့ခဲ့ပါသတဲ့။
လောက၏ သဘောက အပြန်အလှန် အမှီပြုရခြင်း သဘောကိုဆောင်သည်။ ဈေးသည်ကလည်း ဈေးဝယ်ကိုမှီ၍ အသက်မွေးရသည့် နည်းတူ၊ အနုပညာသမားကလည်း ပရိသတ်ကိုမှီ၍ အသက်မွေးရ ပါသည်။ တစ်ဦး တစ်ယောက်တည်း ရပ်တည်၍ မရစကောင်းပါ။ ကားစီးသူနှင့် ကားမောင်းသူ၌လည်း ထိုသဘောကို တွေ့နိုင်ပါသည်။ ဘတ်စ်ကားများ မပြေးဆွဲဘဲထားတော့ ပြည်သူ အများဒုက္ခ ရောက်ခဲ့ကြရသည်။ ယာဉ်စီးခတွေ တက်ရိပ် တက်ယောင်ပြတော့ ကုန်ဈေးနှုန်းကလည်း ခေါင်းမော့ရင်ကော့ လုပ်ချင်တတ်သည်။ ထိုကိစ္စက ဤနိုင်ငံ၌ ထုံးတမ်းစဉ်လာ တစ်ခုပမာ ဖြစ်နေပြီ။ ကုန်ဈေးနှုန်းတက်ပြီ ဆိုလျှင်တော့ ထိုဒဏ်ကို ကားစီးသူကော၊ ကားမောင်းသူပါ မလွဲမသွေ ခံကြရမည် ဖြစ်ပါ၏။
ပြစ်ဒဏ်ကို ကြောက်၍ အလုပ်မလုပ်ခြင်းသည် မှန်ကန်သော အဖြေတစ်ခုမဟုတ်ပါ။ ပြစ်ဒဏ် မသင့်ရလေအောင် စည်းကမ်းတကျ လုပ်ဆောင်ခြင်းသည်သာလျှင် အကောင်းဆုံး အဖြေတစ်ခု ဖြစ်ကြောင်း မေတ္တာစကား ပြောကြားလိုပါသည်။

Most Read

Most Recent