ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စွမ်းအင်ဝန်ကြီးဌာနနှင့် လေယာဉ်ဆီ ပူးတွဲရောင်းချရန် ရွေးချယ်ခံရသည့် Puma Energy Group Pte ကို MIC ယာယီခွင့်ပြုမိန့်ဖြင့်သာ လုပ်ကိုင်ခွင့်ပြု

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စွမ်းအင်ဝန်ကြီးဌာနနှင့် လေယာဉ်ဆီ ပူးတွဲရောင်းချရန် ရွေးချယ်ခံရသည့် Puma Energy Group Pte ကို MIC ယာယီခွင့်ပြုမိန့်ဖြင့်သာ လုပ်ကိုင်ခွင့်ပြု
Published 21 September 2015
ဖြိုးဝေ

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ရန် စွမ်းအင်ဝန်ကြီးဌာနက ရွေးချယ်ခဲ့သည့် Puma Energy Group Pte ကုမ္ပဏီအား မြန်မာနိုင်ငံအတွင်း ဝင်ရောက်လုပ်ကိုင်ခွင့် ရရှိရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ယာယီခွင့်ပြုမိန့်ဖြင့်သာ လုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း စွမ်းအင်ဝန်ကြီးဌာနနှင့် လေယာဉ်ဆီတင်သွင်း၊ သိုလှောင် ဖြန့်ဖြူးရောင်းချရန် Puma Energy Group Pte က National Energy Puma Aviation  Services Co,Ltd အဖြစ် မှတ်ပုံတင်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ စက်တင်ဘာ ၁၁ ရက်က ပြုလုပ်သည့် ၁၆/၂၀၁၅ ကြိမ်မြောက် အစည်းအဝေးတွင် ယာယီခွင့်ပြုချက် ထုတ်ပေးလိုက်ခြင်း ဖြစ်သည်။
စွမ်းအင်ဝန်ကြီးဌာနနှင့် ပူးတွဲလုပ်ကိုင်မည့် နေရာများအဖြစ် အမှတ် (၁) သန်လျင် ရေနံချက်စက်ရုံ (သိုလှောင်ရုံနှင့် သိုလှောင်ကန်)၊ ကာကွယ်ရေး ဝန်ကြီးဌာန လေတပ်အခြေစိုက်စခန်း (မင်္ဂလာဒုံ) နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝင်းအတွင်း လေယာဉ်ဆီတင်သွင်း၊ သိုလှောင်ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများ လုပ်ကိုင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
စွမ်းအင်ဝန်ကြီးဌာနနှင့် လေယာဉ်ဆီ ရောင်းချခြင်းလုပ်ငန်း ဖက်စပ်ကုမ္ပဏီ တည်ထောင်ရန် တင်ဒါခေါ်ယူစဉ်က ကုမ္ပဏီ ၂၃ ခုလျှောက်ထားခဲ့ပြီး ပထမအဆင့် တင်ဒါအောင်သော ကုမ္ပဏီ ၁၃ ခုရှိခဲ့သည်။
အဆိုပါ ကုမ္ပဏီ ၁၃ ခုအနက် Bangkok Aviation Fuel Services Public Company၊ Singapore Petroleum Company၊ Puma Energy Group Pte နှင့် PTT Public Company လေးခုသာ နောက်ဆုံးတင်ဒါ လျှောက်ထား၍ စွမ်းအင်ဝန်ကြီးဌာနနှင့် ပူးတွဲလုပ်ကိုင်မည့် ကုမ္ပဏီအဖြစ် Puma Energy Group Pte နှင့် အရံအဖြစ် PTT Public Company ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။                                                     

Most Read

Most Recent