အင်္ဂလိပ် စာရေးဆရာ၊ ကဗျာ ဆရာကြီး အဲလဖရက်တင်နီဆင်က လူဖြစ်နည်း အခြေခံကို ဤသို့ နည်းပေးထားသည်။ ရိုးရှင်း လွယ်ကူသော နည်းဖြစ်သည်။ အထူးသဖြင့် ကျင့်ကြံနေထိုင်၍ သာလို၏။ လူဖြစ်နည်း-တင်နီဆင့် နည်းသည် ဤသို့ဖြစ်သည်။သင်အုပ်ချုပ်ရန် လိုသော လူတစ်ယောက်တည်းသာရှိ၍ ထိုသူသည် သင်ကိုယ်တိုင်ဖြစ်၏။ ကိုယ်ကျင့်တရားကို ချစ်ကြောက် ရိုသေခြင်း၊ ကိုယ့်အကြောင်းကို ကိုယ်သိခြင်း၊ ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းခြင်း ဤသုံးခုသာလျှင် ဘဝကို မြင့်မြတ်ဆုံးသော တန်ခိုးဆီသို့ ဦးတည်လမ်းညွှန် သွားကြလေသည်။ယင်းသည် တင်နီဆင်၏ လူဖြစ်နည်း အခြေခံပင်။ တင်ပြ ညွှန်ကြားချက် ရိုးရှင်းသည်။ သို့သော် အခိုင်အခံ့ တည်ဆောက်ထားသော ကိုယ်ကျင့်တရားပေါ်တွင် အခြေခံသည်။ ကျင့်ကြံ တည်ဆောက်ရမည့် နည်းဖြစ် သည်။ ပြုစုပျိုးထောင်ရမည့် နည်းဖြစ်သည်။ မပြတ်မလပ် တိတိကျကျ ဆောင်ရွက်ရမည့်နည်း၊ အောင်မြင်ချင်လျှင် အောင်မြင်မည့် နည်းပင်။တင်နီဆင်၏ ပထမဆုံး ညွှန်ကြားချက်ကတော့ မိမိကိုယ်မိမိ အားကိုးဖို့ပင်။ ယင်းကို (သင်အုပ်ချုပ်ရန် လိုသော လူတစ်ယောက်တည်းသာရှိ၍ ထိုသူသည် သင်ကိုယ်တိုင်ပင် ဖြစ်၏။) ဟု ရှေးဦးစွာ ညွှန်ကြားထားခြင်းပင်။ဗုဒ္ဓ၏ ဓမ္မတွင်လည်း အတ္တာဟိ၊ အတ္တနော၊ နာထော မိမိကိုယ်သာ ကိုးကွယ်ရာ ဟူသော အဆိုအမိန့်ရှိ၏ ယင်းအဆိုအမိန့်သည် တင်နီဆင်၏ သင်အုပ်ချုပ်ရန်လိုသော လူတစ်ယောက်တည်းသာရှိ၍ ထိုသူသည် သင်ကိုယ်တိုင်ပင် ဖြစ်၏ဟူသော ရှေးဝါဒ လမ်းညွှန်စကားနှင့် အတူတူပင် ဖြစ်၏။လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း (၂၇-၅-၂၀၁၅) နေ့က ကော့မှူးမြို့နယ်မှာ ဤကဲ့သို့ ပြောခဲ့ပါတယ်။ “ ကျွန်မတို့ ပြည်သူတွေကို သတိပေးပါရစေ။ ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးချင်တဲ့ စိတ်ထားပါ။ သူ များကို အားကိုးရတယ်ဆိုတာ ဘယ်တော့မှ ကောင်းတာ မဟုတ်ပါဘူး ” ဟု။ကောင်းပြီ။ တင်နီဆင်က “ မိမိကိုယ်ကို အုပ်ချုပ်ဖို့ မိမိတစ်ယောက်တည်းသာရှိ၍ ထိုသူသည် (သင်ကိုယ်တိုင်) မိမိသာဖြစ်သည် ” ဟု ဘာကြောင့် ညွှန်ကြား ထားပါသနည်း။ ဒေါ်စုကတော့ သူများကို အားကိုးရတာ မကောင်းပါဘူးဟူ၍ ကိုယ့်ကြမ္မာကိုယ် ဖန်တီးချင်တဲ့ စိတ်ထားပါဟု ပြတ်ပြတ်သားသား ညွှန်ကြားသည်။လူဖြစ်လာသည်နှင့် ထီးထီးနေ၍ မရပါ။ လူအချင်းချင်း ထိတွေ့ဆက်ဆံလာရ၏။ လူမှုရေးအရ မလွဲမသွေ အပေါင်းအသင်း ရှိလာ၏။ ယင်းအပေါင်းအသင်း တို့ထဲတွင် ကောင်းသူလည်းရှိ၏။ ဆိုးသူလည်း ရှိ၏။ မိမိကိုယ် မိမိ အုပ်ချုပ်လာရသောအခါ ကောင်းသူနှင့် လည်းကောင်း၊ ဆိုးသူနှင့်လည်းကောင်း ထိတွေ့ဆက်ဆံ လာရပေသည်။ ယင်းအထဲတွင် အမှားကို အမှန်ဖြစ်စေသကဲ့သို့ ဘဝကို အမှောင်ချထားသည့် အတုအယောင် သမားများလည်း ပါလာ၏။အတုအယောင်နှင့် အစစ်။ အမှန်နှင့် အမှားကို ခွဲခြားနားလည်ဖို့ ဗုဒ္ဓ၏ဓမ္မသည် ရှေ့ဆောင်၏။ အသိဉာဏ်နှင့် စိတ်ဓာတ်အင်အား မြင့်မားလာ၏။ မလိုလားအပ်သည့် အခြိမ်းအခြောက် အနှောင့်အယှက်တို့ ကင်းစင် လာ၏။ အလိုလိုပင် လွတ်လပ်မှုကို ရရှိလာ၏။ ယင်းအကြောင်းအရာ ကထာက ရှင်း၏။ မယုံကြည်ရပါ။ အစဉ်အလာ စကားဖြစ်သည် ဆိုရုံမျှဖြင့်လည်း မယုံကြည်ရပါ။ အမိန့်အာဏာဖြင့် မိမိထဲသို့ ရောက်လာရုံမျှနှင့်လည်း လက်ခံရယူခြင်းကို မပြုသင့်ပါ။ ယင်းသည် ဗုဒ္ဓ၏ ကာလာမသုတ်ကို အခြေခံလျက် ဆရာတော် ဒေါက်တာ အရှင်သီရိဓမ္မနန္ဒာ၏ ဆိုမိန့်မြွက်ဟချက်ပင်။မိမိကိုယ်မိမိ အုပ်ချုပ်ရသော အခါတွင် အစစအရာရာ သတိကို ရှေးရှုထားရလေသည်။ တင်နီဆင်က မိမိလုပ်ရမည့် နီတိသုံးရပ်ကိုလည်း ဤသို့ ပေးထား၏။ ပထမသည် ကိုယ့်ကိုယ်ကိုယ် ချစ်ကြောက် ရိုသေခြင်းပင် ဖြစ်၏။ မိမိကိုယ်ကိုယ် ချစ်ကြောက် ရိုသေဖို့အတွက် မိမိသည် ရိုးသားဖြောင့်မတ်သူ ဖြစ်ရပေမည်။ အမှန်ပင်။ ရိုးသား ဖြောင့်မတ်မှုရှိမှ သာလျှင် မိမိကိုယ်မိမိ ချစ်ရာ ရောက်ပေလိမ့်မည်။ ဖြောင့်မတ်ရိုးသားစွာ ကျင့်သုံး ဆောက်တည်ခြင်းဖြင့် မမှန်မတရား အမှားပြုမိမှာကိုလည်း ကြောက်ရွံ့ရှောင်ကြဉ်ရာ ရောက်ပေလိမ့်မည်။အမှားကို ကြောက်ရွံ့ရှောင်ကြဉ်ခြင်းသည်ပင် အမှန်တရားကို လေးစားစွာ ကျင့်သုံး ဆောက်တည်ခြင်း ဖြစ်၏။ အမှန်တရားကို ကျင့်သုံး ဆောက်တည်ခြင်းဖြင့် မိမိသည် ကိုယ်ကျင့်တရား ကောင်းမွန်သူအဖြစ် လူမှုဆက်ဆံရေး နယ်ပယ်တွင် အောင်မြင်လာ၏။ဒုတိယ နီတိကတော့ ကိုယ့်အကြောင်းကို ကိုယ်သိခြင်းပင် ဖြစ်၏။ စင်စစ် ကိုယ့်အကြောင်းကို ကိုယ်မသိသမျှ ဤလူ့လောကမှာ လူဖြစ်နေရသော ဘဝတွင် ကြီးစွာသော အားနည်းချက်တို့ ရှိနေပြီကို သတိပြု ရပေမည်။မိမိအကြောင်း မိမိသိအောင် မိမိကိုယ်မိမိ စဉ်းစားရမည်။ ဆင်ခြင်ရမည်။ သုံးသပ်ရမည်။ ကြည့်ရှု စစ်ဆေးရမည်။ မိမိမှာ ဘာအားနည်းချက်တွေ ရှိနေပါသလဲ။ မိမိဘာအမှားတွေ ကျူးလွန်နေပါသလဲ။ အမှန်တရား လမ်းကြောင်းပေါ်တွင် မိမိလျှောက်လှမ်း နေခြင်းသည်ပင် ဟုတ်မှဟုတ်ပါရဲ့လား ဟူသော အမေးစကားတို့ဖြင့် မိမိကိုယ်မိမိ မေးမြန်းရပေမည်။ယင်းအမေးတို့ကို အဖန်တလဲလဲ ဝေဖန်သုံးသပ် ကြည့်ရှုစစ်ဆေး သောအခါ မိမိကိုယ်မိမိ သတိမထားမိသော အားနည်းချက် ချွတ်ယွင်းချက် အမှားအယွင်းတို့ကို တွေ့ရှိရပေမည်။ ယင်းမှာ မိမိ၏ ရှေ့ဆက်သွားမည့် ဘဝခရီးအတွက် ဖြောင့်မတ်သော လမ်းကြောင်း တို့ကို သုံးသပ် တွေ့ရှိလာရပေမည်။ ယင်းသည်ပင် ကိုယ့်အကြောင်းကို ကိုယ်သိခြင်း၏ အပေါင်းလက္ခဏာ ဖြစ်၏။ကိုယ့်အကြောင်းကို ကိုယ်ဆင်ခြင်သိခြင်းဖြင့် မိမိ၏ ကျန်းမာရေး၊ ပညာရေး၊ ဘ၀ လုံခြုံရေးပင်။ အစားကို စားချင်သလောက် မစားဘဲ သင့်တင့်မျှတစွာ စား၏။ နေထိုင် သွားလာရာတွင် ကျန်းမာရေး၊ လူမှုရေးနှင့် လျော်ညီစွာ လိုက်နာကျင့်သုံး၏။ လူအများကြားတွင် မပြောအပ်သည့် စကား မပြုအပ်သည့် အမူအကျင့်တို့ကို မပြုလုပ်ဘဲ စောင့်ထိန်းခြင်းသည် မိမိကိုယ်မိမိ ချုပ်တည်းခြင်းပင်ဖြစ်၏။ မိမိကိုယ်မိမိ ချုပ်တည်းခြင်းသည်ကား မိမိကိုယ်မိမိ ကောင်းစွာ စောင့်ရှောက်ခြင်းပင်။ဆရာကြီး တင်နီဆင်သည် မည်သူမဆို လူ့ဘဝတွင် လူတစ်လုံး သူတစ်လုံးဖြစ်ရန် သူ့သြဝါဒ၊ သူ့နီတိတို့ဖြင့် ညွှန်ကြား ပို့ဆောင်ပေးထား၏။ ကျန်းမာရေး၊ ပညာရေး အလေးထားသူ မိမိကိုယ်မိမိ သတိဖြင့် စောင့်ရှောက် ထိန်းသိမ်းတတ်သူ ကိုယ်ကျင့်တရား ကောင်းမွန်သူ အများကို ကူညီမစသူ စာနာထောက်ထားတတ်သူ အဖြစ် လူ့ဘုံခန်းဝါမှာ သူ့သြဝါဒတို့က ခန့်ထည်စွာ တည်ဆောက်ပေး၏။တင်နီဆင်က သူ့သြဝါဒ သူ့နီတိတို့ကို လေးစားယုံကြည်စွာ လိုက်နာကျင့်သုံးခြင်းဖြင့် လူ့ပတ်ဝန်းကျင်မှာ အကျင့်သိက္ခာ လေးစားရသူအဖြစ် ဂုဏ်သရေရှိစွာ ရပ်တည်သွားနိုင်မည် ဖြစ်ပါကြောင်း စေတနာကောင်းဖြင့် လေးစားစွာ တင်ပြလိုက်ရကြောင်းပါ ခင်ဗျာ။
လူဖြစ်နည်း
Most Read
Most Recent
10 hours ago










