ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် နာဂလက်နက်ကိုင် အဖွဲ့တို့ ရန်ကုန်မြို့၌ တွေ့ဆုံ၍ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးကိစ္စ ဆွေးနွေး

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် နာဂလက်နက်ကိုင် အဖွဲ့တို့ ရန်ကုန်မြို့၌ တွေ့ဆုံ၍ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးကိစ္စ ဆွေးနွေး
Published 16 September 2015

အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် နာဂလက်နက်ကိုင်အဖွဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) တို့သည် စက်တင်ဘာ ၁၆ ရက် နံနက်က ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ တွေ့ဆုံ၍ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ထိုသို့ တွေ့ဆုံစဉ် အစိုးရ ကိုယ်စားလှယ်များက တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးရေး ကိစ္စများနှင့် ပတ်သက်၍ ရှင်းပြခဲ့ကာ အပစ်ရပ်လက်မှတ် ထိုးပြီးပါက နာဂအဖွဲ့က လိုက်နာရမည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း UPWC ၏ အလုပ်အဖွဲ့ Myanmar Peace Center မှ ဦးအောင်နိုင်ဦးက ပြောကြားသည်။ဦးအောင်နိုင်ဦးက “အဓိက,ကတော့ လက်မှတ်ထိုးမယ့် ကိစ္စကို ရှင်းပြတာပေါ့။ အစိုးရဘက်က လက်မှတ်ထိုးမယ့် ကိစ္စတွေကို ရှင်းပြတယ်။ လက်မှတ်ထိုးပြီးရင် နိုင်ငံရေးဆွေးနွေးပွဲ သွားမယ်ဆိုတာကို ရှင်းပြတယ်။ ဒါပေမဲ့ နာဂကိစ္စက အခက်အခဲလေးရှိတဲ့ သဘောက နာဂက အိန္ဒိယဘက်မှာလည်း နှစ်ဖွဲ့သုံးဖွဲ့လောက် ရှိတယ်။ အဓိက အဖွဲ့ကတော့ NSCN-N အဖွဲ့ပေါ့။ ဒီဘက်မှာက NSCN-K ကပ်ပလန် အဖွဲ့ပေါ့။ ဒီလိုအဖွဲ့တွေ ရှိတယ်။ နောက်တစ်ခုက တချို့နေရာတွေမှာ နာဂတွေက ဒီဘက်မှာလည်း ရှိတယ်။ ဟိုဘက်မှာလည်းရှိတော့ အမျိုးတွေ ရှိနေတာ ရှိတယ်။ နောက်တစ်ခုက နာဂက ကျွန်တော်တို့ နိုင်ငံမှာလည်း ဒီဘက်က နာဂနဲ့ လက်မှတ်ထိုးထားတယ်။ ဟိုဘက်မှာလည်း ငြိမ်းချမ်းရေးစကား ပြောနေတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီဘက်က နာဂနဲ့ အိန္ဒိယအစိုးရနဲ့ သိပ်မတည့်ဘူး။ ဆိုတော့ ဒီပထဝီနိုင်ငံရေး ကိစ္စတွေပါ ပါလာတယ်။ အဲဒီတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကျူးကျော်တယ်ဆိုတဲ့ ဟာမျိုးလေးတွေလည်း ပြောကြတာရှိတယ်။ အဲဒီ အနေအထားမှာ လက်မှတ်ထိုးရင် နာဂဘက်က လိုက်နာရမယ့် ကိစ္စလေးတွေ အစိုးရဘက်က ပြောပြတာပေါ့။ အဓိကကတော့ နှစ်နိုင်ငံ ချစ်ကြည်ရေး မပျက်ပြားဖို့ ပြောပြတယ်” ဟု ပြောကြားသည်။နာဂအဖွဲ့ အနေဖြင့်လည်း တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးရန်နှင့် ပတ်သက်၍ ၎င်းတို့အဖွဲ့အတွင်း ပြန်လည်ဆွေးနွေး ဆုံးဖြတ်ရမည့်အကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။တွေ့ဆုံပွဲသို့ အစိုးရဘက်မှ UPWC ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ UPWC ဒုတိယဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်နှင့် တပ်မတော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး နာဂအဖွဲ့ဘက်မှ အဖွဲ့ခေါင်းဆောင် ဦးကျော်ဝမ်းစိန် ဦးဆောင်သည့် ကိုယ်စားလှယ်ငါးဦး တက်ရောက်ခဲ့ကြောင်း သိရသည်။နာဂအဖွဲ့ အနေဖြင့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ အပစ်ရပ်စာချုပ် ညှိနှိုင်းရေး ဆွေးနွေးပွဲ အချို့တွင် လေ့လာသူအဖြစ် တက်ရောက်ခဲ့ဖူးပြီး ၎င်းတို့အဖွဲ့ အနေဖြင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးတွင် ပါဝင် လက်မှတ်ရေးထိုးလိုကြောင်း၊ သို့ရာတွင် နိုင်ငံရေးဆွေးနွေးပွဲတွင် မပါဝင်လိုသေးကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ အစိုးရနှင့် နာဂအဖွဲ့တို့အကြား ၂၀၁၂ ခုနှစ်က အပစ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်ပြီး ယင်းကာလမှ လက်ရှိအချိန်ထိ နှစ်ဖက်အကြား ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ခြင်း မရှိကြောင်း ဦးအောင်နိုင်ဦးက ရှင်းပြသည်။