ဆီးရီးယားနိုင်ငံဟာ ယိုယွင်းပျက်စီးနေပါတယ်။ပြည်တွင်းစစ် ဖြစ်ပွားနေတာ လေးနှစ်ကြာခဲ့ပါပြီ။ IS တွေက နိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေကို ထိန်းချုပ် ထားကြပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ သမ္မတ ဘာရှာအာဆတ်က ဒမတ်စကတ်မြို့ကို သိမ်းပိုက်ထားတဲ့ အခြေအနေရှိနေပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပတိုက်က IS အဖွဲ့အစည်းတွေကို တိုက်ခိုက်ဖို့ စီစဉ်ထားရှိပေမယ့် လောလောဆယ်မှာတော့ ဘယ်လိုမှ မတတ်နိုင်သေးပါဘူး။ အာဏာရှင် အာဆတ်နဲ့ပေါင်းပြီး အစွန်းရောက် အကြမ်းဖက် ဂျီဟတ်တွေကို တိုက်မလား။ ဒါမှမဟုတ် မိမိတို့ဘာသာပဲ ဂျီဟတ်တွေကို တိုက်ခိုက်မလားဆိုတာကို ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။ ဂျီဟတ်တွေကို နှိမ်နင်းမယ် ဆိုရင်လည်း အာဏာရှင် အာဆတ်ကို အခွင့်အရေး ပေးသလို ဖြစ်နေမယ့် အခြေအနေ ရောက်နေပါတယ်။ အမေရိကန် ဦးဆောင်တဲ့ တပ်ဖွဲ့တွေက IS တွေကို လေကြောင်းကနေ တိုက်ခိုက်မှု တွေကလည်း ထိရောက်မှုမရှိသေး ပါဘူး။
ဆီးရီးယားအရေးနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံနှင့် ဥရောပတိုက်မှာရှိတဲ့ နိုင်ငံတွေရဲ့ နိုင်ငံခြားရေးမူဝါဒဟာ အောင်မြင်မှု မရှိဘူးလို့ ဆိုနိုင်ပါတယ်။ အဲဒီအချိန်မှာ ဆီးရီးယား အရေးနဲ့ပတ်သက်ပြီး နားလည် သဘောပေါက်ထားတဲ့ လူတစ်ယောက် ကတော့ ရုရှားသမ္မတ ပူတင်ပဲ ဖြစ်ပါတယ်။ သူက စက်တင်ဘာ ၄ ရက်မှာ ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ ရုရှားအနေနဲ့ IS တွေကို နှိမ်နင်း တိုက်ခိုက်နေတဲ့ ဆီးရီးယား တပ်မတော်ကို စစ်ရေးအကူအညီတွေ ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။
ပူတင်က အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက် ဝါဒီတွေကို နိုင်ငံတကာက ပူးပေါင်း တိုက်ဖျက်ဖို့ လိုပြီလို့ ပြောကြားခဲ့ပါတယ်။ သူ့ပြောကြားချက်ဟာ ဆီးရီးယားနိုင်ငံနဲ့ ပတ်သက်ပြီး ရုရှားရဲ့ သဘောထားဖြစ်ပါတယ်။ ဒီသဘောထားဟာ ၂၀၁၀ ပြည့်နှစ်ကတည်းက ထားရှိခဲ့တဲ့ သဘောထားဖြစ်ပြီး ပြောင်းလဲမှု မရှိသေးပါဘူး။ အာဆတ်ကို ဖြုတ်ချဖို့ အရေးအတွက် အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေရဲ့ လုပ်ဆောင်မှုတွေကို ဆန့်ကျင်တဲ့ အယူအဆ ရုရှားမှာ ရှိခဲ့ပါတယ်။ အာဆတ်ကို ဖြုတ်ချရေး လုပ်ငန်းတွေကို ရုရှားက လက်မခံပါဘူး။ အဲဒီအစား အနောက်နိုင်ငံတွေ အနေနဲ့ အာဆတ်ကို မဟာမိတ်အဖြစ် သဘောထားဖို့ ရုရှားက လိုလားခဲ့ပါတယ်။
ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံဟာ အနောက်အုပ်စုတွေရဲ့ ဆန့်ကျင်မှုတွေကို ခံခဲ့ရတဲ့အပြင် စီးပွားရေး ပိတ်ဆို့မှုကို လည်း ခံခဲ့ရပါတယ်။ အဲဒီအချိန်မှာ IS တွေကို နှိမ်နင်းဖို့အတွက် ရုရှားက ပါဝင်မှုဟာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးတွေ ပြန်လည်ကောင်းမွန်ဖို့အတွက် ခြေလှမ်း လှမ်းလိုက်တာလည်း ဖြစ်ပါတယ်။
သမိုင်းကို ပြန်လေ့လာမယ်ဆိုရင် ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်မှာ အမေရိကန်နိုင်ငံမှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရပြီးခြင်း ပူတင်က အဲဒီအချိန်က အမေရိကန် သမ္မတဖြစ်တဲ့ ဘုရှ်ထံကို မိမိတို့အနေနဲ့ အာဖဂန်နစ္စတန်မှာရှိတဲ့ တာလီဘန်တွေကို အမေရိကန်နဲ့အတူ လက်တွဲတိုက်ခိုက် မယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အခြား နိုင်ငံတွေကိုလည်း နိုင်ငံတကာ အကြမ်းဖက်သမားတွေကို ရုရှားနိုင်ငံနဲ့အတူ လက်တွဲပြီး ချေမှုန်းကြဖို့ တောင်းဆိုခဲ့ပါတယ်။
အစ္စလာမ္မစ် အကြမ်းဖက် ဝါဒီအရေးဟာ ပူတင်ရဲ့စိတ်ထဲမှာ ရှိနေပါတယ်။ သဘောကတော့ အကြမ်းဖက်ဝါဒ နှိမ်နင်းတိုက်ဖျက် ဖို့ ကြွေးကြော်ခြင်းဟာ သူကို အာဏာ ရယူ စေလို့ပဲ ဖြစ်ပါတယ်။ ၁၉၉၉ စက်တင်ဘာမှာ မော်စကိုမြို့မှာရှိတဲ့ တိုက်ခန်းလေးခု ဗုံးပေါက်ကွဲမှုတွေ ခံခဲ့ရပါတယ်။ အခြား မြို့နှစ်မြို့မှာလည်း အလားတူ ဗုံးပေါက်ကွဲမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီ ဗုံးပေါက်ကွဲမှုမှာ လူပေါင်း ၃၀၀ သေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပါတယ်။ အစ္စလာမ္မစ် အကြမ်းဖက်သမားတွေဟာ ချေချင်းညာဒေသက ဖြစ်တယ်လို့ ရုရှားအစိုးရက စွပ်စွဲခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ရုရှားက ချေချင်းညာကို ဝင်ရောက် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာ ဝန်ကြီးချုပ်ဖြစ်တဲ့ ပူတင်ဟာ သမ္မတရာထူးကို ရယူခဲ့ပါတယ်။
ရုရှားအစိုးရကို ဆန့်ကျင်တဲ့ နိုင်ငံရေးသမားတွေကတော့ မော်စကိုမြို့မှာ ဖြစ်ပွားတဲ့ ဗုံးပေါက်ကွဲတွေဟာ ရုရှားနိုင်ငံရှိ ဖက်ဒရယ် လုံခြုံရေးဗျူရိုက လုပ်ဆောင်ခဲ့တာ ဖြစ်တယ်။ သူတို့ကိုယ်တိုင် မလုပ်ဆောင်ရင် တောင်မှ ပါဝင်ပတ်သက်မှုရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ဗုံးပေါက်ကွဲမှုမှာ ချေချင်းညာက အကြမ်းဖက်သမားတွေ ပြုလုပ်တာ မဟုတ်ဘဲ ရုရှားနိုင်ငံက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပြုလုပ်တယ်ဆိုတဲ့ သံသယဟာ ပိုကြီးမားခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီ လုံ ခြုံရေးဌာနကို ပူတင်က တစ်ချိန်တုန်းက တာဝန်ယူခဲ့ဖူးပါတယ်။ ဗုံးဖောက်ခွဲမှုမှာ အစိုးရကိုယ်တိုင် ပါဝင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် လုံခြုံရေးဌာန အကြီးအကဲကို ရာထူးမှ ဖယ်ရှားခဲ့ပါတယ်။
ယခုနှစ် ဇူလိုင်လမှာလည်း ရုရှားနိုင်ငံရှိ ပုဂ္ဂလိကသတင်းစာ နိုဗာယာဂေဇက်တာက ရုရှားလုံခြုံရေး ကော့ကေးဆပ် မြောက်ပိုင်းကနေ ဆီးရီးယားအထိ ဂျီဟတ်တွေကို ထိန်းချုပ် ပို့ဆောင်နေကြောင်း ဖော်ပြခဲ့ပါတယ်။
ဆီးရီးယားအရေးနဲ့ ပတ်သက်ပြီး ပူတင်ရဲ့ စီမံကိန်းကို နိုင်ငံခြားရေးဝန်ကြီး လက်ရော့က တာဝန်ယူလုပ်ဆောင်ခဲ့ရပါတယ်။ အမေရိကန်နဲ့ အာရပ်နိုင်ငံတွေဟာ အစ္စလာမ္မစ် ဆန့်ကျင်ရေးကို ပူးပေါင်း လုပ်ဆောင်နေကြတာ ဖြစ်တဲ့အတွက် အဲဒီတပ်ဖွဲ့ဝင်တွေဟာ အာဆတ်နဲ့အတူ လက်တွဲလုပ်ဆောင်ဖို့ လက်ရော့က ကြိုးပမ်းခဲ့ပါတယ်။ ကာ့ဒ်တွေ၊ အီရတ်တွေအပြင် အီရန်၊ ဟစ်ဇ်ဘိုလာနဲ့ ရုရှားတို့ဟာ IS နှိမ်နင်းဖို့အတွက် ပူးပေါင်း လုပ်ဆောင်ဖို့ စီစဉ်ထားရှိပါတယ်။
ရုရှားနဲ့ အနောက်နိုင်ငံတွေဟာ IS နှိမ်နင်းရေးကိစ္စမှာ ပူးပေါင်း လုပ်ဆောင်ခြင်းအားဖြင့် ယူကရိန်း အရေးကြောင့် အနောက်ကမ္ဘာနဲ့ ဆက်ဆံရေး ယိုယွင်းနေမှုကို ပြန်လည် ကောင်းမွန်လာစေလိမ့်မယ်လို့ ပူတင် က ယုံကြည်ထားပါတယ်။
တကယ်လို့သာ ပူတင် စီစဉ်ထားရှိတဲ့အတိုင်း ဖြစ်လာမယ်ဆိုရင်တော့ ယူကရိန်း အရေးနဲ့ပတ်သက်ပြီး ရုရှားတို့ရဲ့ ကျူးကျော်မှု လုပ်ရပ်တွေဟာ ခေတ္တ မှေးမှိန်သွားဖွယ်ရာ ရှိနေပါတယ်။ ယူကရိန်း အရေးနဲ့ပတ်သက် ပြီး အနောက်နိုင်ငံတွေက ရုရှားအပေါ်မှာ စီးပွားရေး ပိတ်ဆို့မှုတွေဟာလည်း လျော့ပါးသွားနိုင်ပါတယ်။ ရုရှားက ခရိုင်းမီးယားကို မိမိပိုင်နက်ထဲ သိမ်းသွင်းမှုနဲ့ ယူကရိန်း အရှေ့ ပိုင်းကို မော်စကိုရဲ့ လွှမ်းမိုးမှုအောက်မှာ ထိန်း ချုပ်ထားမှုကို အနောက်နိုင်ငံတွေက တစ်နည်းတစ်ဖုံ အသိအမှတ် ပြုစေရေးဆိုတဲ့ နည်းဗျူဟာကို ကိုင်စွဲပြီး IS တွေကို ရုရှားအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့အတူ နှိမ်နင်းဖို့ အဆင်သင့်ရှိကြောင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်ပါတယ်။
ရုရှားတို့က IS တွေနဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေ ပေးမယ်ဆိုရင်တောင်မှာ အဲဒီသတင်းတွေဟာ မှန်ကန်မှု ရှိပါမလားဆိုတဲ့ အချက်ကိုလည်း ထည့်သွင်း စဉ်းစားရမှာဖြစ်သလို ဆီးရီးယားအရေးနဲ့ ပတ်သက်ပြီး ရုရှားတို့က သံတမန်ရေးအရ ပါဝင်ပတ်သက်မှုဟာလည်း သဘောထား မှန်ကန်မှုရှိပါမလားဆိုတာ သံသယဝင်စရာ ကောင်းပါတယ်။ ပူတင်ရဲ့ ပျားရည်လို ချိုမြိန်တဲ့ စကားတွေဟာ တကယ်တော့ ဓားသွား ထက်မှာ ရှိနေတယ်ဆိုတာကို သတိထားဖို့ လိုနေပါတယ်။










