ဖမ်းဆီးခံ ကျောင်းသားများနှင့် ဝန်းရံ ပြည်သူများကို စက်တင်ဘာ ၂၂ရက်သို့ ရုံးချိန်းပြန်လည်ချိန်းဆို

ဖမ်းဆီးခံ ကျောင်းသားများနှင့် ဝန်းရံ ပြည်သူများကို စက်တင်ဘာ ၂၂ရက်သို့ ရုံးချိန်းပြန်လည်ချိန်းဆို
Published 15 September 2015

ဒီမိုကရေစီ ပညာရေး ပင်မသပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံကျောင်းသားများနှင့် ဝန်းရံပြည်သူများကို စက်တင်ဘာ ၁၅ရက်က သာယာဝတီမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။ထိုသို့ ရုံးထုတ် စစ်ဆေးရာတွင်  သက်သေခံစာရွက်စာတမ်းများနှင့် အမှုတွဲများ ခရိုင်ရုံးတွင် တင်ပို့ထားသည့်အတွက် သာယာဝတီမြို့နယ် တရားသူကြီးက  အမှုကို ဆက်လက် မစစ်ဆေးဘဲ စက်တင်ဘာ ၂၂ရက်သို့ ရုံးချိန်းပြန်လည် ချိန်းဆိုခဲ့ကြောင်း သိရသည်။အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် သပိတ်မှောက်ဆန္ဒပြခဲ့သော ကျောင်းသားများကို  မတ်လ  ၁၀ ရက်က လက်ပံတန်းမြို့၌ အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး သာယာဝတီ အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။ထို့နောက် ကျောင်းသားများနှင့် ဝန်းရံပြည်သူ ၇၀ ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂ နှင့် ၅၀၅ (ခ) တို့ဖြင့် ဖမ်းဆီးတရားစွဲဆိုခဲ့ပါသည်။ အဆိုပါ ၇၀ အနက် အသက်မပြည့်သေးသည့် ကျောင်းသားနှစ်ဦး အပါအဝင် ၁၆ ဦးကို အာမခံပေးထားကြောင်း သိရသည်။ ထို့ပြင် သပိတ်အားဝန်းရံမှုဖြင့် ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂ တို့ဖြင့် တရားစွဲဆို ခံထားရသည့် ဝန်းရံပြည်သူ ၁၁ ဦးရှိကြောင်း သိရသည်။  စက်တင်ဘာ ၉ ရက်က စစ်ဆေးခဲ့သည့် ၁၆ ကြိမ်မြောက် ရုံးချိန်းတွင်  ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းမှ ကျောင်းသားများနှင့် ဝန်းရံပြည်သူများကို ဖမ်းဆီးတရားစွဲဆိုထားမှုမှာ ဥပဒေကြောင်းများအရ ထင်ရှားစွာလွဲမှားနေသဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ အမှတ် ၅၆၁ (က) အရ ပယ်ဖျက်ပေးရန် လျှောက်လဲချက် ပေးထားမှုကို ပယ်ချကြောင်း မြို့နယ် တရားသူကြီးက အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။ထို့အပြင် လက်ပံတန်း သပိတ်စခန်းအား အကြမ်းဖက် ရိုက်နှက် ဖြိုခွင်းခဲ့သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ရဲတပ်ရင်း ၁၊ ၁၀၊ ၁၁ နှင့် ဒုရဲမှူးကြီး နန္ဒာဝင်းတို့အား ပြစ်မှုဆိုင်ရာ ဥပဒေများအရ အရေးယူပေးရန် လျှောက်လဲချက် ပေးခဲ့မှုကိုလည်း  ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ၁၉၇ (၁) အရ နိုင်ငံတော် သမ္မတထံမှ ခွင့်ပြုချက်ရမှသာ တရားစွဲဆိုနိုင်သောကြောင့် တရားရုံးမှ လက်မခံဘဲ ပယ်ချကြောင်း အမိန့်ကိုလည်း ချမှတ်ခဲ့သည်။သို့သော်  လက်ပံတန်း ကျောင်းသားသပိတ်အဓိကရုဏ်း၌ နည်းလမ်းတကျ ဆောင်ရွက်ခြင်းမရှိသည့် ရဲတပ်ဖွဲ့ဝင်များအား အရေးယူသင့်ကြောင်း အချက်ပါဝင်သည့် ထုတ်ပြန်ချက် တစ်စောင်ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က စက်တင်ဘာ ၁၁ ရက် ထုတ်ပြန်ခဲ့ပါသည်။