စိတ်ကူးသစ်တည်းခိုခန်း လူသတ်မှုဖြစ်စဉ်မှ တရားစွဲခံထားရသူ ငါးဦးအား လူသတ် အလောင်းဖျောက်မှု ပုဒ်မများဖြင့် အနောက်ပိုင်းခရိုင် တရားရုံးတွင် အသီးသီးစွဲချက်တင်

စိတ်ကူးသစ်တည်းခိုခန်း လူသတ်မှုဖြစ်စဉ်မှ တရားစွဲခံထားရသူ ငါးဦးအား လူသတ် အလောင်းဖျောက်မှု ပုဒ်မများဖြင့် အနောက်ပိုင်းခရိုင် တရားရုံးတွင် အသီးသီးစွဲချက်တင်
Published 15 September 2015
မြင့်သူ

ကြည့်မြင်တိုင်မြို့နယ်ရှိ စိတ်ကူးသစ် တည်းခိုခန်းတွင် ဖြစ်ပွားခဲ့သော လူသတ်ပြီး အလောင်းဖျောက်သည့် ဖြစ်စဉ်မှ ကျူးလွန်သူ ဦးမောင်မောင်ပါ ငါးဦးကို စက်တင်ဘာ ၁၄ ရက်တွင် အနောက်ပိုင်းခရိုင် တရားရုံးမှ လူသတ် အလောင်းဖျောက်သည့် ပုဒ်မများဖြင့် အသီးသီး စွဲချက်တင်ခဲ့ကြောင်း ဆိုသည်။
စက်တင်ဘာ ၁၄ ရက် ရုံးချိန်းတွင် အနောက်ပိုင်း ခရိုင်တရားရုံးမှ အခင်းဖြစ်စဉ်တွင် စိတ်ကူးသစ် တည်းခိုခန်း၌ လာရောက်တည်းခိုနေသော ကို....အား ဓားဖြင့် ထိုးခဲ့သည့် တည်းခိုခန်းမန်နေဂျာ ဦးမောင်မောင်အား လူသတ်မှုပုဒ်မ ၃၀၂ (၂)၊ အလောင်း ဖျောက်ဖျက်မှု ပုဒ်မ ၂၀၁ တို့ဖြင့်စွဲချက်တင်ခဲ့ပြီး အလောင်းအား အင်းလျားကန်သို့ သွားရောက်စွန့်ပစ် ဖျောက်ဖျက်ရာတွင် ပါဝင်ခဲ့သော တည်းခိုခန်းမှ ဝန်ထမ်းများဖြစ်သည့် ကျော်မင်းဦး၊ ကျော်ခန့်နှင့် ဇော်ဖြိုးအောင်တို့အား အလောင်းဖျောက်ဖျက်မှု ပုဒ်မ ၂၀၁ ဖြင့် စွဲချက်တင်ခဲ့ကြောင်း၊ ထို့အပြင် အလောင်းဖျောက်ရန်အတွက် ညွှန်ကြားခဲ့ပြီး ပူးပေါင်းပါဝင်ခဲ့သော တည်းခိုခန်း ပိုင်ရှင်ဖြစ်သူ ဦးဌေးလှိုင်အား ပုဒ်မ ၂၀၁/၁၁၄ ဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရသည်။
ယင်းနောက် စွဲချက်တင်ခံခဲ့ရသော ဦးမောင်မောင်၊ ကျော်မင်းဦး၊ ကျော်ခန့်နှင့် ဇော်ဖြိုးအောင်တို့ ဘက်မှ မျက်မြင်သက်သေ အောင်မျိုးဦးအား ပြန်ခေါ်သက်သေအဖြစ် တရားရုံးသို့ တင်သွင်းခဲ့ပြီး၊ တည်းခိုခန်းပိုင်ရှင် ဦးဌေးလှိုင်က မျက်မြင်သက်သေ အောင်မျိုးဦး၊ ယခင်ကြည့်မြင်တိုင်  ဒုမြို့နယ်တရားသူကြီး ဦးမြသောင်းနှင့် ကြည့်မြင်တိုင် မြို့မစခန်းမှူး ဒုရဲမှူး တိုးရွှေတို့အား ပြန်ခေါ်သက်သေအဖြစ် တရားရုံးသို့ တင်သွင်းခဲ့ကြောင်း သိရသည်။
“ဒီနေ့သူတို့ကို တရားရုံးကနေ အသီးသီးစွဲချက် တင်လိုက်ပါပြီ။ သူတို့ဘက်ကနေ အောင်မျိုးဦးရယ်၊ ဒုရဲမှူးတိုးရွှေရယ်၊ အရင် ကြိုတင်ထွက်ချက်ပေးခဲ့ရတဲ့ ယခင်က ကြည့်မြင်တိုင် ဒုမြို့နယ်တရားသူကြီး ဦးမြသောင်းကို ပြန်ခေါ်သက်သေတင်တယ်။ နောက်တစ်ပတ် ၂၅ ရက်နေ့ကို ရုံးချိန်း ပြန်ချိန်းလိုက်ပြီးတော့ ဒုရဲမှူးတိုးရွှေကို ပြန်ခေါ်သက်သေ  အဖြစ်စစ်ဆေးသွားမှာ ဖြစ်ပါတယ်”  ဟု တရားလိုဖြစ်သူ ကိုရန်နောင်ကျော်က စက်တင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ဖြစ်စဉ်မှာ လှိုင်မြို့နယ်နေ ကို.....သည် ၂၀၁၄ ခုနှစ်ဇူလိုင် ၂၀ ရက်က ကြည့်မြင်တိုင်မြို့နယ်ရှိ “ စိတ်ကူးသစ်”  တည်းခိုခန်းသို့ ရောက်ရှိကာ တည်းခိုခဲ့ပြီး နောက်တစ်နေ့တွင် ကို...နှင့် တည်းခိုခန်း  မန်နေဂျာဖြစ်သူ ဦးမောင်မောင်နှင့် စကားများရန်ဖြစ်ရာ ဦးမောင်မောင်မှ အနီးတွင် တွေ့ရှိသောစတီး ဓားဖြင့် ကို....အား ထိုးခဲ့ကြောင်း သိရသည်။
ယင်းနောက် ဦးမောင်မောင်သည် တည်းခိုခန်းပိုင်ရှင်ဖြစ်သူ ဦးဌေးလှိုင်နှင့် တိုင်ပင်ကာ တည်းခိုခန်းဝန်ထမ်းများ ဖြစ်သော ကျော်မင်းဦး၊ ကျော်ခန့်၊ ဇော်ဖြိုးအောင်တို့နှင့်အတူ အလောင်းအား ကားဖြင့်တင်ဆောင်ကာ အင်းလျားကန်ရေပြင် အတွင်းပစ်ချကာ အလောင်းဖျောက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

Most Read

Most Recent