ခရိုင်တရားရုံးနှင့် တရားသူကြီးအား အယုံအကြည် မရှိသည့်အတွက် အမှုကို ရင်မဆိုင်တော့ဟု ရေပူဆရာတော် ပြောကြား

ခရိုင်တရားရုံးနှင့် တရားသူကြီးအား အယုံအကြည် မရှိသည့်အတွက် အမှုကို ရင်မဆိုင်တော့ဟု ရေပူဆရာတော် ပြောကြား
Published 14 September 2015
ငြိမ်းဇော်လင်း

ပြင်ဦးလွင်ခရိုင် တရားရုံးတွင် ကျောက်မျက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသော မိုးကုတ်မြို့ ရေပူကျောင်းတိုက် ဆရာတော်အား စွဲချက်တင် အမိန့်ချမှတ်မည့် စက်တင်ဘာ ၁၄ ရက် ရုံးချိန်းတွင် တရားခွင်အတွင်း ရဲတပ်သားတစ်ဦးက သေနတ်မောင်းချိန်သည်ဟု ဆိုကာ တရားရုံးအတွင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။ရေပူဆရာတော်၏ အမှုနှင့် ပတ်သက်၍ ခရိုင်တရားသူကြီး ဒေါ်သဇင်ရွှေက ဆရာတော် အပါအဝင် တရားစွဲဆို ခံထားရသူများ၏ အမည်ခေါ်ကာ အောက်ပါအတိုင်း စွဲချက်တင်လိုက်သည်ဟု ပြောကြားခဲ့ပြီးသည့်နောက်တွင် ဆရာတော်က “ရပြီ။ ဒီကနေ့ကစပြီး ဒီခရိုင် တရားရုံးနဲ့ တရားသူကြီးကို အယုံအကြည် မရှိတဲ့အတွက် ဒီအမှုကို ဘုန်းကြီး ရင်ဆိုင်မသွားတော့ဘူး။ ကြိုက်သလို စီရင်သွားလို့ရတယ်။ ကြိုက်သလို ဆုံးဖြတ်လို့ ရတယ်။ စွဲချက်တင်သင့် မတင်သင့်ဆိုတာ သက်သေတွေ ထွက်ဆိုချက်တွေ အပေါ်မှာ ကြိုက်တဲ့ တရားသူကြီး၊ ကြိုက်တဲ့ ဥပဒေပညာရှင်၊ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ဥပဒေပညာရှင်ပဲ ဖြစ်ဖြစ် လာစစ်ဆေး စစ်ဆေး စစ်ဆေးခံနိုင်ပါတယ်။ ဒါကြောင့် တရားရုံးကို ယုံကြည်မှု မရှိတဲ့အတွက်၊ တရားသူကြီးကို ယုံကြည်မှု မရှိတဲ့အတွက် စွဲချက်တင်တယ်ဆိုလို့ရှိရင် ဒီကနေ့ကစပြီး ဒီတရားရုံးနဲ့ တရားသူကြီးကို လုံး၀ သပိတ်မှောက်ပါတယ်။ အစစ်ခံမှာ မဟုတ်ပါဘူး” ဟု မိန့်ကြား၍ တရားခွင်မှ ထွက်ခွာစဉ် ရဲတပ်သားတစ်ဦးမှ သေနတ်မောင်းချိန်သည်ဟုဆိုကာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။တရားခွင်အတွင်း ပြောကြားခဲ့သည်မှာ စွဲချက်တင်သည်ဟု အမိန့်ချမှတ်သည့် အဆင့်ထိ မရောက်သေးကြောင်းနှင့် ယခုကဲ့သို့ ဖြစ်ပွားခဲ့သဖြင့် ရုံးပြောင်းလျှောက်ရန်သာ ပြောကြားကြောင်း ခရိုင်တရားသူကြီး ဒေါ်သဇင်ရွှေက ပြောကြားသည်။စက်တင်ဘာ ၁၄ ရက် ရုံးချိန်းတွင် ရေပူဆရာတော်အား တွေ့ရစဉ်
တရားခွင်အပြီးတွင် ဆရာတော်က “ဒီအမှုနဲ့ ပတ်သက်ပြီး ဘုန်းကြီးအနေနဲ့ အသက်ကိုစွန့်ချင် စွန့်ရပါစေ မိမိစောင့်ထိန်းနေတဲ့ သီလသိက္ခာပုဒ်ကို မစွန့်ပါဘူး။ အဲဒီလိုပါပဲ ဘုန်းကြီးရဲ့ ယုံကြည်ချက်ကို နောက်ဆုံးထွက်သက်အထိ ဘုန်းကြီး ဆုပ်ကိုင်သွားမယ်ဆိုတာ ဘုန်းကြီး ပြောချင်တယ်။ ဘုန်းကြီးရဲ့ အသက် ၅၀ ရှိပါပြီ။ သက်တမ်းအားဖြင့် တွက်မယ်ဆိုရင် ဘယ်လောက်မှ မကျန်တော့ပါဘူး။ ဘုန်းကြီးအတွက် ဘာမှ မျှော်လင့်ချက် မရှိပါဘူး။ ဒါပေမဲ့ ဒီကနေ့ ဒီအချိန်မှာ အခုလို မတရား အမှုတွေကို အနစ်နာခံပြီးတော့ မတွန်းလှန်ခဲ့ဘူးဆိုရင် နောင်မျိုးဆက်သစ်တွေ ဆက်ကာဆက်ကာ ခံနေရမှာ စိုးတဲ့အတွက် ဘုန်းကြီး ထွက်သက်ရောက်တဲ့ အချိန်ထိ ဒီမတရားမှုတွေကို တော်လှန်သွားမယ်လို့ ဆုပ်ကိုင်ထားပါတယ်” ဟု မိန့်ကြားခဲ့သည်။တရားခွင်အတွင်း ရဲတပ်သားများသည် သေနတ်ယူဆောင်ခဲ့ပြီး၊ သေနတ်မောင်း ချိန်ခဲ့သည်ဟု ရေပူဆရာတော် အပါအဝင် တရားခွင်တွင် နားထောင်ခဲ့သည့် ဆရာတော်၏ ဒကာများနှင့် သံဃာတော်များက ဆိုသည်။“ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရမှာပေါ့။ စုံစမ်းစစ်ဆေးပြီးတော့ တာဝန်ပေါ့လျော့တယ်၊ မလိုအပ်ဘဲနဲ့ ဆောင်ရွက်တယ် ဆိုခဲ့ရင်တော့ သူ့ကို ထိုက်သင့်တဲ့ အရေးယူ ဆောင်ရွက်မှု လုပ်ရမှာပေါ့” ဟု ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။မိုးကုတ်မြို့ ရေပူကျောင်း ဆရာတော်ကို ကျောင်းတိုက်အတွင်း၌ မြေစာများအား ရေပိုက်ဖြင့် ထိုးပက်ထားသည်ကို ၂၀၁၅ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၄၁(က)(ခ)အရ ပြင်ဦးလွင်မြို့ ခရိုင်တရားရုံးတွင် တရားစွဲဆိုသည့်အပြင် ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် သာသနာညှိုးနွမ်းစေမှု ပြစ်မှုပုဒ်မ ၂၉၅ နှင့် သစ်တောဥပဒေ ဥပဒေပုဒ်မ ၄၂(ခ)ဖြင့် တရားစွဲဆိုထားသည်။