Myanmar Youth Micro Film Contest အမြင့်ဆုံးဆုရှင် သရုပ်ဆောင်၊ ဒါရိုက်တာဘုဏ်းသိုက်နှင့် တွေ့ဆုံခြင်း

Myanmar Youth Micro Film Contest အမြင့်ဆုံးဆုရှင် သရုပ်ဆောင်၊ ဒါရိုက်တာဘုဏ်းသိုက်နှင့် တွေ့ဆုံခြင်း
Published 9 September 2015

ဇာတ်လမ်းတို ပြိုင်ပွဲများစွာအနက် ဆုကြေးငွေ အမြင့်ဆုံး ချီးမြှင့်ခဲ့သည့် Myanmar Youth Micro Film Contest ၏ ဆုချီးမြှင့်ပွဲကို စက်တင်ဘာ ၆ ရက်တွင် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ယင်းပြိုင်ပွဲမှာ ငါးမိနစ်စာ ဇာတ်လမ်းတိုများအား နှစ်သက်ရာ အကြောင်းအရာ ခေါင်းစဉ်ဖြင့် ရိုက်ကူး ယှဉ်ပြိုင်ရခြင်း ဖြစ်ပြီး ရိုက်ကူးသူ၏ အမည်မပါဝင်ဘဲ ကုတ်နံပါတ်များဖြင့်သာ ယှဉ်ပြိုင်ကာ နောက်ဆုံးအဆင့် ဆုရဇာတ်ကား ထွက်ပေါ်လာပြီးမှသာ ယင်းဇာတ်ကား၏ ဖန်တီးသူကို သိရှိစေခြင်း ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲတွင် အမြင့်ဆုံး ဆုငွေကျပ်သိန်း ၁၀၀ ကို ဆွတ်ခူးနိုင်ခဲ့သူမှာ သရုပ်ဆောင်အဖြစ် ပရိသတ် လက်ခံထားသူ ဘုဏ်းသိုက်ပင် ဖြစ်သည်။ လက်ဆင့်ကမ်း မျိုးဆက်အမွေ အကြောင်းအရာကို တွေးတောစရာ များစွာဖြင့် ဖန်တီးထားသည့် သရုပ်ဆောင် ဒါရိုက်တာ ဘုဏ်းသိုက်နှင့် တွေ့ဆုံမေးမြန်း ဖြစ်ပါသည်။
မေး- Myanmar Youth Micro Film Contest ကို ဝင်ပြိုင်ဖြစ်တဲ့ အကြောင်းရင်းလေး အရင်သိချင်ပါတယ်။ဖြေ- ပြိုင်ဖြစ်တဲ့ အကြောင်းက ပြိုင်ပွဲလုပ်မယ်ဆိုပြီး အချိန် တော်တော်ကြာတဲ့အထိ မသိပါဘူး။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်က သရုပ်ဆောင် သင်တန်းတက်နေတာ။ အိမ်လာလည်ရင်းနဲ့ ပြိုင်ပွဲရှိတယ်။ပြိုင်ပါလားပေါ့။ ဆုကြေးတွေလည်း ဒီလိုတွေ ရှိတယ်ဆိုပြီး တိုက်တွန်းတယ်။ လျှောက်လွှာလည်း ယူလာပေးတယ်။ ဒါပေမယ့် မပြိုင်ဖြစ်သေးဘူး။ ဖောင်ပိတ်ခါနီး ၁၀ ရက်လောက် အလိုကျမှပဲ ရိုက်ချင်တဲ့စိတ် ဖြစ်လာတာနဲ့  ရိုက်ပြီး ဝင်ပြိုင်ဖြစ်သွားတာပါ။မေး- ဒီပြိုင်ပွဲက ခေါင်းစဉ်တစ်ခု သတ်မှတ်ပေးထားတာမျိုး မရှိဘူး။ နှစ်သက်ရာ ခေါင်းစဉ်၊ နှစ်သက်ရာ အကြောင်းအရာကို ရွေးချယ် ရိုက်ကူးနိုင်တာ ဖြစ်တဲ့အတွက် အခု ဆုရတဲ့ အကြောင်းအရာကို ဘာကြောင့် ရွေးချယ်ဖြစ်သွားတာလဲ။ဖြေ- ခေါင်းစဉ် မရှိတာကိုတော့ ပိုကြိုက်တယ်။ ကိုယ်ရိုက်ချင်တာကို လွတ်လွတ်လပ်လပ် ရိုက်လို့ရတယ်။ “မျိုးဆက်” ကို ဘာလို့ ရိုက်ဖြစ်လဲဆိုရင် ဘာရိုက်မလဲလို့ တွေးလိုက်တဲ့ အချိန်မှာ ပြိုင်ပွဲအဖွဲ့အစည်းကို ဝင်လေ့လာကြည့်တဲ့အခါ ရည်ရွယ်ချက်လည်း ကောင်းတာတွေ့ရတယ်။ သေသေသပ်သပ်လေးလည်း လုပ်မယ့်ပွဲပေါ့။ ရုပ်ရှင်ကြည့်တယ်ဆိုရင် နှစ်နာရီစာလောက် ကြည့်ပြီးရင် ပြီးပါပြီလို့ စာတန်းထိုးရတယ်။ စာတန်းမထိုးရင်တောင် ဇာတ်လမ်းက ပြီးသွားပြီ။ နှစ်နာရီစာ ဇာတ်လမ်းမှာတောင် ပြီးသွားပြီဆိုတော့ ငါးမိနစ်စာ ဇာတ်လမ်းမှာလည်း ပြီးပါပြီလို့ စာတန်းထိုးလို့ မရတာ မျိုးရိုက်ချင်တယ်။ အဲဒီလို စာတန်းထိုးလို့ မရတဲ့ အကြောင်းအရာက မျိုးဆက်ပေါ့နော်။ ကျွန်တော်တို့တွေရဲ့Generation နဲ့ ပတ်သက်လို့ရှိရင် ဘယ်တော့မှ ပြီးပါပြီလို့ စာတန်းထိုးလို့ ရမှာမဟုတ်ဘူး။ မျိုးဆက်က အမြဲတမ်း စီးဆင်းမှု ရှိနေတာကိုး။ အဲဒါကြောင့် ဒီအကြောင်းအရာကို ရွေးဖြစ်တာပါ။မေး- ကိုယ်တိုင်ကလည်း ဖခင်တစ်ယောက် ဖြစ်နေတဲ့အတွက် ဒီအကြောင်းအရာကို ပိုပြီး ရွေးချယ်ဖြစ်ခဲ့တာလား။ဖြေ- အဲဒါကြောင့်တော့လည်း မဟုတ်ပါဘူး။ အဓိကတော့ အကြောင်းအရာကို ကျယ်ကျယ်နဲ့၊ ပြချင်တဲ့ Subject နည်းနည်းထဲမှာမှ အကြောင်းအရာ ကျယ်ကျယ်ပြန့်ပြန့် ခွဲထွက်နိုင်တာမျိုးကို ရွေးချယ်ဖြစ်တာပါ။မေး- ဇာတ်ကားထဲမှာ ပါဝင်တဲ့ ကာရိုက်တာနဲ့ အကြောင်းအရာကိုရော ဘယ်လို ရွေးချယ်ခဲ့လဲ။ဖြေ- လူ့အဖွဲ့အစည်းတိုင်း လိုအပ်တာက မျိုးဆက်စီးဆင်းမှုဆိုတာ တစ်ဆင့်ထက်တစ်ဆင့် မြင့်လာသင့်တယ်။ လူတိုင်းကလည်း ကိုယ့်မျိုးဆက်ကို ကိုယ့်ထက်ပိုပြီး မြင့်လာစေချင်တယ်။ ကိုယ့်ရဲ့မျိုးဆက်ကို မြင့်စေချင်တာကတော့  လူတိုင်းမှာရှိတဲ့ စေတနာနဲ့ မေတ္တာပဲ။ တစ်ခါတစ်ရံမှာ ဒီလိုမြင့်မသွားဘဲ ကိုယ့်တုန်းကထက်တောင် ပိုပြီးနိမ့်သွားတဲ့ အခြေအနေမျိုးကျရင် သားအဖချင်း ဖြစ်ပေမယ့် ယောကျ်ားချင်း ထားရမယ့် မာနတို့၊ အခြေအနေ တစ်ခုကို အောင့်သီးအောင့်သက်နဲ့ လက်မခံချင်ဘဲ လက်ခံလိုက်ရတဲ့ ဟာမျိုးပေါ့။ မျိုးဆက်က မြင့်မသွားဘဲ နိမ့်ကျနေတယ် ဆိုတာကို ဘယ်အဖွဲ့အစည်း ဘယ်စနစ်ကိုမှ အပြစ်တင်တာမျိုး မပြောထားဘူး။ ဒီမြေးအဘိုး၊ သားအဖ သုံးယောက်ကိုပဲ ကိုယ်စားပြုပြီး ရိုက်ထားတာပါ။မေး- ဇာတ်ကားရဲ့အချိန်သတ်မှတ်မှုက ငါးမိနစ် ဖြစ်တဲ့အတွက် သတ်မှတ်ချိန် အတွင်းမှာ ပေးချင်တဲ့ Message တွေ အကုန်ရအောင် ဖန်တီးရာမှာ ဘယ်လို အခက်အခဲတွေ ရှိခဲ့လဲ။ဖြေ- မျိုးဆက် စီးဆင်းမှုကို ပုံဖော်မယ် ဆိုတဲ့အခါ ဒါကို ပေါ်လွင်စေတာကတော့ လက်ဆင့်ကမ်းပေးတဲ့ အမွေပေါ့။ အဘိုးလုပ်တဲ့သူက သားကို ကက်ဆက်တစ်လုံး ဝယ်ပေးနိုင်ခဲ့တယ်။ သားလက်ထက်ကျတော့ သူ့ရဲ့သားကို ကက်ဆက်တောင် မဝယ်ပေးနိုင်ဘဲ အဲဒီထက်နိမ့်တဲ့ ရေဒီယိုလေး။ ရေဒီယိုတောင် အသစ်ဆိုင်က မဟုတ်ဘဲ အခြေအနေတစ်ခုကနေ ရအောင်ယူလာရတယ်။ ပေးချင်တဲ့ အမွေက မေတ္တာပေါ့။ ဒါကို အဓိက တည်ပြီးတော့ Subject တည်ပြီး ရိုက်ခဲ့ရတာပါ။ ရိုက်မယ့်နေရာ ရှာဖွေတာလောက်ပဲ အချိန်ယူခဲ့ရတယ်။ တကယ် ရိုက်ကူးတဲ့အခါ နှစ်ရက်လောက်ပဲ အချိန်ယူခဲ့ရပါတယ်။မေး-ဘယ်သူ ဆုရမယ်ဆိုတာ ကြိုတင် ခန့်မှန်းလို့မရတဲ့ ဒီပွဲမှာ ဆုရတဲ့အတွက် ခံစားမှုကိုလည်း သိချင်ပါတယ်။ဖြေ- ဆုမကြေညာခင် စက္ကန့်ပိုင်း အလိုထိကို ဆုရမယ်လို့ မျှော်လင့်မထားပါဘူး။ အနုပညာနဲ့ ပတ်သက်ရင် ပြိုင်ပွဲကြီးတစ်ခုလို ဝင်ပြိုင်ရတာမျိုးကို မကြိုက်ပါဘူး။ ကိုယ်ဘယ်လောက် ထိလုပ်နိုင်တယ်၊ ဘယ်လောက်ထိ ဖန်တီးချင်စိတ် ရှိတယ်၊ ဘယ်လောက်ထိ ဒီအလုပ်ကိုချစ်တယ်ဆိုတာ ပြဖို့အတွက်ကျတော့လည်း ပြိုင်ပွဲတွေဝင်ပြိုင်မှပဲ သိရမှာဆိုတော့ ဒီလောကထဲမှာ ကျွန်တော်က ဆက်ရှိချင်တာ ဖြစ်တဲ့အတွက် ဒီလောကထဲက သူတွေ၊ ပရိသတ်တွေ၊ ဒိုင်တွေ သိဖို့ပြိုင်ဖြစ်တာ။ ဆန်ခါတင် ဇာတ်ကား ၁၀ ကားကို ပြသတဲ့အခါ ကျွန်တော့်ဇာတ်ကား ပြပြီးတဲ့အချိန်မှာ ဒိုင်တွေက ပြောတဲ့မှတ်ချက်တွေကို ကြားပြီးတာနဲ့တင် ကျွန်တော့် အတွက်ကတော့ လုံးဝကို ပျော်နေပြီ။ ပထမဆုရတယ်လို့ ကြားလိုက်တော့ ဘယ်လို ဖြစ်သွားမှန်းကို မသိဘူး။ ဒိုင်တွေရဲ့ အားပေးစကားနဲ့တင် လုံလောက်နေတဲ့ အချိန်မှာ အပိုထပ်ဆောင်းဆု ရလိုက်သလိုပါပဲ။မေး- အခုရလိုက်တဲ့ ဆုက ရှေ့ဆက်လုပ်မယ့် အနုပညာ လုပ်ငန်းတွေအတွက် ဘယ်လို အထောက်အကူ ဖြစ်လာမယ်လို့ မျှော်လင့်ထားလဲ။ဖြေ- လက်တွေ့အားဖြင့်တော့ ဒီဆုက ဘယ်လောက် အထောက်အကူ ဖြစ်လာမယ်ဆိုတာ ပြောလို့ မရသေးဘူးပေါ့လေ။ တစ်ခါတလေကျတော့ ကျွန်တော်တို့က ကိုယ်ဘယ်လောက် ထိလုပ်နိုင်တယ်၊ လုပ်ချင်စိတ် ရှိတယ်။ လုပ်တတ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်ပဲ ယုံကြည်နေလို့ မရဘူး။ တခြားသူတွေက ယုံကြည်နေဖို့လည်း လိုအပ်ပါတယ်။ အဆင့်ဆင့် ရွေးချယ်ခြင်းကနေ နောက်ဆုံး ရလာတဲ့ဆုမှာ ကျွန်တော် ရိုက်ထားမှန်း မသိဘဲ ကြိုက်ခဲ့ကြတဲ့ ပရိသတ်တွေ၊ နောက်ဆုံးဆုရလို့ ကျွန်တော် ရိုက်ထားမှန်း သိသွားတဲ့ အချိန် ထပ်ရလာတဲ့ ယုံကြည်မှုတွေက စိတ်ဓာတ်ပိုင်း ဆိုင်ရာအရ အရမ်းကို အားရပါတယ်။မေး- အရင်ကလည်း ဝဿန်ရုပ်ရှင်ပွဲတော်မှာ ဝင်ပြိုင်ပြီး ဆုရခဲ့ဖူးတော့ ဒါရိုက်တာ တစ်ယောက်အဖြစ်နဲ့ သရုပ်ဆောင် တစ်ယောက်အဖြစ် ဘာနဲ့ပိုပြီး အသက်မွေး ဝမ်းကျောင်းပြုချင်တာလဲ။ဖြေ- ရှေ့မှာ သရုပ်ဆောင်လုပ်ဖို့ လာကမ်းလှမ်းတာတွေ အများကြီး ရှိပါတယ်။ တစ်ခါတစ်ရံမှာ ဇာတ်ကောင်တစ်ခုအပေါ် ကျွန်တော် ဝင်စားချင်တာနဲ့ ထားတဲ့စေတနာက တခြားသူတွေနဲ့ မတူဘူး။ ကျွန်တော် တစ်ခန်းပဲ ပါရပါစေ။ ဇာတ်လမ်းအတွက် ပရိသတ်အတွက် ထူးခြားမယ်၊ အလှည့်အပြောင်း ဖြစ်စေမယ်ဆိုရင် ရိုက်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ထားတယ်။ ပေါ်ပြူလာ ဖြစ်ချင်လို့ ဒီအလုပ်ကို လုပ်ခဲ့တာလည်း မဟုတ်ဘူး။ ဘာလို့ ဒါရိုက်တာ လုပ်ဖြစ်လဲဆိုရင်တော့ ဟာသစကားပုံ လိုပါပဲ။ မြည်းသတ္တဝါ အဖို့တော့ ညာခြေထောက်အောက်က မြက်လည်း စားရမှာပဲ၊ ဘယ်ခြေထောက်အောက်က မြက်လည်း စားရမှာပါပဲ။ ကျွန်တော့် အဖို့ကလည်း ကိုယ်နိုင်တယ်ထင်တဲ့ ဝန်ကို ကိုယ့်ကိုယ်ကိုယ် ဝင်ထမ်းတဲ့ သဘောပါ။မေး- အနုပညာ လောကမှာ အချိန်အကြာကြီး ရပ်တည်လာခဲ့ရာမှာ ဘယ်လို စိတ်ဓာတ်ခွန်အားနဲ့ ရုန်းကန်ဖြစ်ခဲ့လဲ။ဖြေ-ထူးခြားတဲ့ ဆောင်ပုဒ်တစ်ခုအနေနဲ့ လက်ကိုင်ထားတာမျိုးတော့ မရှိပါဘူး။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ရိပ်မိတာက အမြဲတမ်းလုပ်ချင်နေတဲ့ အလုပ်က ဒီအနုပညာပါ။ ကျန်တဲ့ အရာတွေသာ မသေချာရင် ရှိရမယ်။ ဒီအနုပညာကို ချစ်တာကတော့ သေချာတယ်။မေး-ပရိသတ်ကို ပြောချင်တဲ့ စကားများ ရှိပါသေးလား။ဖြေ- ကျွန်တော့်ကို အားမလိုအားမရဖြစ်တဲ့ ပရိသတ်တွေလည်း ရှိမှာပါ။ အဲဒီအတွက်လည်း အရမ်းအားနာတယ်။ ဒီအလုပ်ကို ကျွန်တော် ဘယ်လောက် ရူးသွပ်တယ်ဆိုတာ ပါးစပ်နဲ့ ပြောတာမျိုး မဟုတ်ဘဲ ကျွန်တော် လုပ်တဲ့ အနုပညာ အလုပ်တွေကပဲ အချိန်ကာလ တစ်ခုရောက်ရင် သက်သေခံသွားပါလိမ့်မယ်။

Most Read

Most Recent