ရွှံ့နွံတွေဖုံးလွှမ်းသွားတဲ့ ကျေးရွာလေးဆီသို့

ရွှံ့နွံတွေဖုံးလွှမ်းသွားတဲ့ ကျေးရွာလေးဆီသို့
Published 8 September 2015
ကိုဆူး(ချင်းတောင်ခြေ)

          ဟားခါးလေးကျေးရွာမှာ ရွှံ့နွံတွေစီးလာပြီး ရွာလုံးကျွတ်မြုပ်သွားလို့ အပြေးအလွှား သတင်းတက်၊ ထောက်ပံ့ရေးတွေပေးဖို့ စီစဉ်ရတာပေါ့။ ကလေးလွင်ပြင်ကတစ်ဆင့် လှူထားပေမယ့် နောက်ထပ် ဆန်တွေလှုဖို့နဲ့ နောက်ဆက်တွဲအခြေအနေတွေသိဖို့အတွက် ဟားခါးလေးကျေးရွာကိုသွားဖို့ စိတ်ကူးလိုက်ပါတယ်။ ဟားခါးလေးကျေးရွာကို တချို့သူတွေက ဟားခါးမြို့နဲ့ အမှတ်မှားပြီး ရမ်းရေးနေကြတော့ ဒီရွာရဲ့တည်နေရာကို ကျွန်တော်ပြောချင်ပါသေးတယ်။ ဟားခါးလေးကျေးရွာကို သွားမယ်ဆိုရင် ကလေး မြို့ကနေ ကလေး-တမူး ကားလမ်းမကြီး အတိုင်းသွားပြီးတော့ ကလေးမြို့ကနေ မိုင် ၃၀ လောက်အကွာမှာ ရာဇဂြိုဟ်ဆည်သို့ ဆိုတဲ့ ဆိုင်းဘုတ်ကနေ ချိုးဝင်လိုက်ပြီး ရာဇဂြိုဟ်ဆည်ပေါ်ကို တက်ရပါတယ်။ လမ်း ချိုးကနေ ဆည်ပေါင်အထိ လမ်းအဆိုးကြီး မဟုတ်ပါဘူး ။ ရာဇဂြိုဟ်ဆည်ပေါင်အတိုင်း စီးလာပြီးတော့ ရေအားလျှပ်စစ်ထုတ်လုပ်မယ့်အဆောက်အအုံကနေ ဆည်အောက်ဘက်ကိုချိုးကွေ့လိုက်ပြီး ဆည်ရဲ့ဝန်ထမ်း လိုင်းခန်းတွေနံဘေးကနေ ပတ်စီးပြီးတော့ တောလမ်းအတိုင်း ငါးမိုင်လောက်စီးလိုက်ရင် ပထမဆုံးသစ်ဆိမ့်ပင်ကျေးရွာကို ရောက်ရှိပါတယ်။ ဆည်ပေါင်ကနေ ဆင်းလိုက်တယ်ဆိုရင်ပဲ လမ်းကသိပ်မကောင်းပါ ။
မနက်ခင်းကို ထွက်မယ်ဆိုပြီး ရည်ရွယ်ခဲ့ပေမယ့် နေမြင့်သွားပါတယ်။ ကလေးမြို့ကနေ ရာဇဂြိုဟ်ဆိုင်းဘုတ် ၊ ဆည်ပေါင်လမ်း၊ နောက် ဆည်ပေါင်ကနေ အောက်ဘက်ဆင်းတော့ လမ်းကဇာတိပြလာပါပြီ။ မိုးရာသီရဲ့ နေခပ်ပြင်းပြင်းအောက်မှာ ရာဇဂြိုဟ်ဆည်ထဲမှာတွေ့ ခဲ့တဲ့ သစ်တုံးကြီး၊ ငယ်၊ လတ် အတိုအပြတ်တွေကို ငေးကြည့်ရင်း သစ်ပင်တွေကို စည်းမဲ့ကမ်းမဲ့ခုတ်သူတွေကို ကျိန်ဆဲမိပါတယ်။ ဒီအပင်တွေ စည်းမဲ့ကမ်းမဲ့ ခုတ်ခဲ့ လို့လည်း ကျွန်တော်တို့ဒေသမှာ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုဒဏ်တွေကို ခံစားနေကြရတာပေါ့။ တောလမ်းလေးဆိုတော့ ချောင်းသေးသေးလေးတွေ၊ မြောင်းသေးသေးလေးတွေကို ဖြတ်ကျော်ရင်း သစ်ဆိမ့်ပင်ကျေးရွာအဝင် ချောင်းကူးကွန်ကရစ်တံတားတစ်ခု လဲပြိုနေပါတယ်။ ချောင်းထဲကနေ ဆိုင်ကယ် ဖြတ်ရင်း ချောင်းရေစီးရဲ့အရှိန်ကို ခန့်မှန်းလို့ ရပါတယ်။ ဟိုးယခင်က ချင်းတောင်ခြေမှာ ချောင်းရေကြည်ကြည်လေးတွေ စီးဆင်းခဲ့ တဲ့စမ်းချောင်းလေးတွေက လူတွေရဲ့လောဘတွေ အရောင်ဆိုးလိုက်တော့ ညစ်ထေးထေးနဲ့ပေါ့။ သစ်ဆိမ့်ပင်ရွာ (Sing Tum) ကျေးရွာမှာ ခဏနားရင်းဖုန်းစမ်းကြည့်တော့ ဖုန်းလိုင်းမိနေတာ တွေ့ရပါတယ်။ သစ်ဆိမ့်ပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းထဲမှာ ဒုက္ခသည်စခန်းဖွင့်ထားတယ်လို့ ရလိုက်ရတယ်။
သစ်ဆိမ့်ပင်ကျေးရွာရဲ့ ဒုက္ခသည်စခန်းက ဘုန်းကြီးကျောင်းရဲ့ရှေ့မှာ တရုတ်နိုင်ငံက လှူထားတဲ့ မိုးကာရွက်ဖျင်တဲလေးတွေကို စီရရီထိုးထားပါတယ်။ အားလုံးက ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေကြသလို ဟားခါးလေးကျေးရွာ ရေဘေးကယ်ဆယ်ရေးစခန်းဆိုတဲ့ ဆိုင်းဘုတ်ကိုတော့ ပီနံအိတ်တစ်ခုကိုဖြဲပြီး ရေးထားကာ သစ်ပင်မှာကပ်ချည်နှောင်ထားပါတယ်။ အဲဒီဆိုင်းဘုတ်ရဲ့အောက်မှာတော့ ဘယ်လိုစကားလုံးတွေနဲ့ ဖော်ပြရမှန်းမသိတဲ့ သူတို့ရဲ့ဒုက္ခတွေအတွက် ငေးမောနေဟန် ရှိတဲ့ ဒေသခံတွေနဲ့ သူတို့ရဲ့ ကလေးငယ်တွေ ထိုင်နေကြတာကို တွေ့လိုက်ရပါတယ်။
တချို့သူတွေနဲ့ စကားပြောကြည့်တော့ သူတို့လည်း မြေနေရာမရှင်းရသေးတော့ တဲမရသေးကြောင်း ပြောပြကြတယ်။ အရင်ကတော့ သူတို့က စော်ဘွားလေးကျေးရွာ (တွီခိန်ဇံ) ကျေးရွာက ဒုက္ခသည်တွေနဲ့ ပူး ပေါင်းနေထိုင်ကြပြီး ဒီနေ့ (သြဂုတ် ၃၀ ) မှာ တော့ သစ်ဆိမ့်ပင်ကျေးရွာဘုန်းတော်ကြီး ကျောင်းကို    ပြောင်းရွှေ့လာတဲ့အကြောင်းကို ပြောပြကြတယ်။ လောလောဆယ်မှာတော့ ဟားခါးလေးကျေးရွာဘက်ကို မင်းသားဝေဠုကျော် ရောက်ရှိနေတယ်လို့ သိရပါတယ်။သူလည်းကလေးမြို့ရေဘေး၊ ဟားခါးမြို့မြေပြိုမှုနဲ့ အခုတစ်ခါ ဟားခါးလေးကိုရောက်ရှိ ကူညီနေတာပါ။
ကျွန်တော်တို့နဲ့အတူ လာရောက်တဲ့ အလှူပစ္စည်းသယ်ယူတဲ့ ကားတွေနောက်မှာ ကျန်ခဲ့တာကိုစောင့်ရင်း ဒေသခံတွေကို ရွှံ့နွံတွေပြိုဆင်းလာပြီး ရွာလုံးကျွတ်ဖုံးလွှမ်းထားတဲ့အခြေအနေကို မေးမြန်းကြည့်ပါတယ်။အံ့သြလွန်းရတဲ့ဟန်နဲ့ အသက်ကိုလုပြေးကြရင်း သူတို့ရဲ့စည်းစိမ်ဥစ္စာတွေကိုထားကာ ထွက်ပြေးခဲ့ရပုံတွေ စိတ်မကောင်းခြင်းကြီးစွာ ပြောပြကြပါတယ်။ အလှူကားတွေလာတော့ ပါလာတဲ့ဆန်အိတ်တွေကိုပေးလှူ ပြီး ဟားခါးလေးကျေးရွာဘက်ကို ထွက်လာခဲ့ပါတယ်။ တောလမ်းလေးအတိုင်း ဆက်ထွက်လာတော့ လွန်ခဲ့တဲ့တစ်လကျော်လောက်က ရေဘေးသင့် ပြည်သူတွေ ဖြစ်တဲ့ စော်ဘွားလေး (တွီခိန်ဇံ) က ဒေသခံတွေကို ရွက်ဖျင်တဲတွေနဲ့ နေထိုင်ကြတာတွေ့ရပါ တယ်။ နောက်တော့ မန်လုံချောင်းအပြင်ဘက်မှာလည်း သစ်တုံးတို သစ်တုံးစတွေနဲ့ ပျံ့ကျဲနေတာကို တွေ့ရပါတယ်။ အဲဒီအထဲကို ဆိုင်ကယ်ကွေ့ပတ်စီးရင်း ရေစီးသန်တဲ့နေရာလေးမှာ တံတားလေးတစ်ခု ထိုးပေးထားပါတယ်။ တချို့ဒေသခံက ရွာမှာကျန်ခဲ့တဲ့ မိမိတို့ရဲ့ပစ္စည်းတွေကို ပြန်လည်သယ်ယူနေကြတာတွေ့နေရတယ်။ တံတားလေးကိုကျော်တော့ တွီခိန်ဇံကျေးရွာဝင်ခဲ့ပါတယ်။
သူတို့ရဲ့ အိမ်လေးတွေကို စွန့်ခွာခဲ့ပြီး လူအစောင့်လောက်ပဲ ရှိတော့တာပါ။ တွီခိန်ဇံ (စော်ဘွားလေး)နဲ့ ဟားခါးလေးကျေး ရွာက နှစ်ရွာတစ်ရွာလို သိပ်မဝေးဘူး။ တွီခိန်ဇန်ကျေးရွာရဲ့ ကျောင်းလေးကလည်း တိတ်ဆိတ်လို့ ကျောင်းရဲ့နောက်ဘက်မှာက ရေတွေက ချောင်းလိုဖြစ်နေပါတယ်။
တွီခိန်ဇံကျေးရွာကလွန်တော့ ဟားခါးလေးကျောင်းရဲ့ ဘုန်းတော်ကြီးကျောင်းအပေါ်ကို တက်လာခဲ့ပါတယ်။ ဘုန်းတော်ကြီးကျောင်းက အမြင့်ပိုင်းဖြစ်တာကြောင့် ရွှံ့နွံတွေက ဘုန်းကြီးကျောင်းအနီးလောက် ပဲရောက်ခဲ့တာပါ။ ရွာရဲ့အကွက်အကွင်းတစ်ခုလုံးကို ဘုန်းတော်ကြီးကျောင်းပေါ်က မြင်နိုင်ပါတယ်။  ရွှံ့နွံတွေ၊ သစ်တုံးကြီး၊လတ်၊ ငယ်တွေ အပြည်နဲ့ပေါ့ ။ ဟိုနားလေးက စာသင်ကျောင်း၊ ဟိုနားလေးက ရဲစခန်း စသဖြင့် ဒေသခံတွေက ပြောပြပေမယ့် လူတစ်ရပ်ကျော်ကျော်လောက်ရှိတဲ့ ရွှံ့နွံတွေက တစ်ရွာလုံးကိုဖုံးလွှမ်းခဲ့ပါပြီ။ ရွှံ့နွံတွေက ဟိုးချင်းတောင်ပေါ်ကနေ တဖြည်းဖြည်းစီးကျလာပြီး နာရီပိုင်းအတွင်းမှာ ဖုံးလွှမ်းခဲ့တာပါ။ အဲဒီရွှံ့နွံရည်တွေက မြစိမ်း၊ မြလင်း၊ နန်းကျင်းဆောင် ကျေးရွာတွေအထိရောက်ခဲ့ပြီး  ရွှံ့နွံဖုံးလွှမ်းတဲ့ ဧရိယာအရှည်က တစ်မိုင်၊ နှစ်မိုင်ကျော်မယ်လို့ ဒေသခံတွေ ခန့်မှန်းကြ ပါတယ်။ ညဘက်ကြီးဖြစ်တော့ ဒေသခံတွေ ပိုပြီး ဒုက္ခရောက်ကြတယ်လို့ သိရပါတယ်။ သစ်တုံးတွေ မျောနေတဲ့ ရွှံ့နွံပင်လယ် ကြီးဖုံးလွှမ်းနေတဲ့ရွာကြီးကို ကျွန်တော်တို့ စိတ်မကောင်းကြီးစွာ ငေးမောကြည့်နေရ တာပေါ့။ အဲဒီညက ကမ္ဘာပျက်မတတ်ဖြစ်ခဲ့တဲ့ ဒေသခံတွေရဲ့ ပုံရိပ်တွေကို မှန်းဆကြည့်ရင်း သူတို့တစ်တွေဘယ်လောက်များ ကြောက်ရှာကြမလဲဆိုပြီး ကိုယ်ချင်းစာမိပါတယ်။
ဟားခါးလေးကျေးရွာက ချင်းပြည်နယ်ဆိုပေမယ့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်နဲ့ပိုနီးပါတယ်။ တောင်ခြေကရွာလေးတစ်ခုဖြစ်ပြီး တချို့တလေပြောနေကြတဲ့ ရေကျသွားရင် သူတို့တစ်တွေ အိမ်ပြန်ကြမှာ ပေါ့လို့ အဝေးကနေမှန်းဆပြောသူတွေကို အဲဒီရွှံ့နွံပင်လယ်ထဲမှာသွားထားဖို့ ကောင်းပါတယ်။
ဟားခါးလေးကျေး ရွာက ဒေသခံတွေ ပြန်စရာရွာမရှိတော့ပါ။ အားလုံးဟာ ပျက်စီးသွားခဲ့ပါပြီ။ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ၊ နေရာထိုင်ခင်းတွေ၊ တောင်ယာတောတွေ၊ ရွာနေရာအပါအဝင် အားလုံးပေါ့။ သူနဲ့ကပ်လျက် တွီခိန်ဇံကျေးရွာက လူတွေကတော့ နေစရာ အိမ်ရှိသေးလို့တော်သေးတယ်။ ဟားခါးလေးကျေးရွာကတော့ ရွာသစ် နေရာသစ်ပြန် လည်ထူထောင်ကြရမှာ။ ဘယ်သူကများ ဦးဆောင်လုပ်ကိုင်ပေးမှာပါလိမ့်။
ဟားခါးလေးရွာက အပြန်မှာတော့ ချင်းတောင်ဆီမှာ မိုးတွေကညို့လာပါတယ်။ ဒေသခံတွေအားလုံးက မိုးတွေလာပြီဆိုပြီး ခပ်သုတ်သုတ်။ မိုးလာပြီဆိုရင် သူတို့ကြောက်လန့်နေကြပြီလေ။ ကျွန်တော်တို့ကိုယ်တိုင် လည်း ခပ်သုတ်သုတ်ပြေးလွှားရင် ဆိုင်ကယ်ထားခဲ့တဲ့နေရာကို အပြေးအလွှားပြန်ခဲ့ပါတယ်။ ကျွန်တော်တို့တစ်တွေ ချောင်းပြင်ကို ဖြတ်ပြီးပြန်ထွက်ချိန်မှာ မိုးသိပ်မသည်းပါဘူး ။ ဒါပေမဲ့ လမ်းမှာတဖြည်းဖြည်းမိုးက သည်းလာခဲ့ပါပြီ။ သစ်ဆိမ့်ပင်ကျေးရွာကနေ မိုးသည်းသည်းနဲ့ ထွက်လာရင်း လမ်းမှာတော့ ရွှံ့ဗွက်တွေကို ကြိုးစားဖြတ်ကျော်ရပါတယ်။ ရာဇဂြိုဟ်ဆည်ကို လျှပ်စီးတွေတဝင်းဝင်းကြား၊ ရွှံ့ဗွက်တွေကိုကျော်ဖြတ်ရင်း ဆိုင်ကယ်လဲမလို ဖြစ်ခဲ့တာက အကြိမ်ကြိမ်။ မိုးကလည်း အငြိုးနဲ့များရွာလေသလားလို့ထင်ရပါတယ်။ လမ်းကကျောက်ခဲနဲ့တိုက်မိကာ ဆိုင်ကယ်ဘရိတ်တံကွေးသွားပြီး ဘရိတ်အုပ်လို့မရတော့ အပြန်ခရီးက နှေးကွေးသွားပါတယ်။ ရာဇဂြိုဟ်ဆည်ပေါင်ပေါ်ရောက်တော့ ဖြည်းဖြည်းစီးလာပြီးလမ်းမှာ ကောက်သွားတဲ့ ဘရိတ်တံကို ဖြောင့်ရင်းကလေးမြို့ကို ပြန်ခဲ့ပါတော့တယ်။ ဟားခါးလေး ဒေသခံတွေဆီကို အကြိမ်ကြိမ် ကျွန်တော်သွားပါဦးမယ်။ သူတို့ ရှေ့ဆက်ဖြတ်သန်းရမယ့်ခရီးကို ကျွန်တော်တို့တတ်နိုင်သလောက် ကူညီပေးချင်ပါသေးတယ်။ ရွှံ့နွံပင်လယ်ဖုံးလွှမ်းခဲ့တဲ့ ဟာခါးလေးကျေးရွာရဲ့ အနာဂတ်က အခုအချိန်မှာတော့ မှုန်ဝါးဝါး။

Most Read

Most Recent