အရောဂျံ အဘယံ လာဘံ ပြည့်ဝနိုင်ကြပါစေ

အရောဂျံ အဘယံ လာဘံ ပြည့်ဝနိုင်ကြပါစေ
Published 8 September 2015
ဟေသာချမ်းငြိမ်း

အချိန်က မွန်းလွဲ ၂ နာရီခန့်။ မကွေးတိုင်းရဲ့ အပူချိန်ပြင်းပြင်းအောက် ရွာမူကြိုကျောင်းလေးမှာ ကျွန်မတို့ ဆေးကုအဖွဲ့ ဇီဝိတဒါန ပြုလုပ်ပေးနေချိန်ဖြစ်ပါတယ်။ အသက် ၇၅ နှစ်အရွယ် အဘွားအိုဒေါ်ဝင်းစိုး ရဲ့ သွေးပေါင်ချိန်ဟာ အရမ်းတက်နေပါတယ်။ သူ့ရဲ့ BP က ၁၈၀။၁၁၀။ ကျွန်မတို့ သူငယ်ချင်းနှစ်ယောက်က အဘွားကို သွေးကျ ဆေးတစ်လုံး ချက်ချင်းသောက်ဖို့ပြောရင်း ဆေးလည်းပေးလိုက်ကြပါတယ်။ အနားမှာ ရှိနေတဲ့  ပရဟိတဦးဆောင်သူဘုန်းဘုန်းက ဆေးသောက်ဖို့ရေယူပေးပါတယ်။ အဘွားအိုဟာ သူချက်ချင်းသောက်ရမယ့် သွေးကျဆေး Amolodipine 5mg ဆေးပြားကို ရေခွက်ထဲပစ်ထည့်လိုက်ပါတယ်။ ပြီးတော့ ရေတစ်ခွက်လုံးကို သူသောက်ဖို့ ဟန်ပြင်ပါတော့တယ်။ ဒီအချိန် ကျွန်မတို့နှစ်ယောက် ကြောင်အမ်းအမ်းဖြစ်ပြီး ကြောင်ကြည့်နေမိတယ်။ စက္ကန့်အနည်းငယ်အကြာမှာတော့ ဘုန်းဘုန်းရဲ့ အသံထွက်လာပါတယ်။
“ဒကာမကြီး မဟုတ်ဘူးလေ။ အဲဒီလိုသောက်ရမှာမဟုတ်ဘူး။ ဆေးကိုဒီအတိုင်း ပါးစပ်ထဲထည့်ပြီးမှ ရေသောက်ရမှာလေ။ ဆေးတစ်ခါမှ မသောက်ဖူးဘူးလား ဒကာမကြီး” ဆိုပြီး မုန်းဖောင်ဒေးရှင်းက ဆရာတော် အရှင် ကုမုဒဘုန်းဘုန်းက ပြောတော့မှ ကျွန်မတို့နှစ်ယောက်လည်း သတိပြန်ဝင်လာတော့တယ်။
အထက်ပါအဖြစ်အပျက်ကလေးဟာ ကျွန်မနဲ့ကျွန်မသူငယ်ချင်းတို့နှစ်ယောက် ရေဘေးသင့်ဒေသ ပြန်လည်တည်ထောင်ရေးများအတွက် မကွေးတိုင်း ပွင့်ဖြူမြို့အနီး ကျောင်းတော်ရာဒေသက ကျေးရွာတွေမှာ လွန်ခဲ့တဲ့ရက်သတ္တပတ်က စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားအဖြစ် သွားရောက်ကူညီပေးခဲ့စဉ်က ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးတွေထဲက တစ်ခုပါ။
ယင်းအဘွားအိုဟာ မုန်းချောင်းတစ်ဖက်ကမ်း ရွာသာကုန်းကျေးရွာမှာ နေထိုင်သူတစ်ဦးဖြစ်ပြီး သွေးပေါင်ချိန်အလွန်တက်နေတာကြောင့် ကျွန်မတို့ဟာ သူ့ကို သွေးကျဆေးတစ်လုံး ချက်ချင်းတိုက်လိုက်တာပါ။ ဒါကို သူဆေးသောက်လိုက်တဲ့ပုံစံက ကျွန်မတို့ကို မှင်တက်သွားစေပါတယ်။ ဆရာတော် အသံကြားပြီး သတိဝင်လာတဲ့တစ်ခဏ ရိုးသားစွာဝန်ခံရရင် ကျွန်မရယ်လိုက်မိပါတယ်။ နောက်တော့ ကျွန်မစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ကျွန်မတွေးနေခဲ့မိတယ်။ ဒီအဘွား ဒီအသက်အရွယ်အထိ ရောက်တာတောင် အင်္ဂလိပ်ဆေးတစ်ခါမှ မသောက်ဖူးတာလား။ ဒါမှမဟုတ် ဆေးကိုချက်ချင်းသောက်ခိုင်းလို့ ကျွန်မတို့ရှေ့မှာ သူကယောင်ကတမ်း ဖြစ်သွားတာလား။ ကျွန်မဝေခွဲမရခဲ့ပါဘူး။ နောက်မှာပြမယ့် လူနာတွေလည်း အများကြီးကျန်နေသေးတာကြောင့် နောက်လူနာတွေအတွက် ဆေးတွေပြင်ဆင်ရင်း ရှင်းပြ ရင်း ဆေးပေးရင်းနဲ့ပဲ အဲဒီအဘွားအကြောင်းဟာ ကျွန်မခေါင်းထဲမှာ တင်္ဒဂပျောက်သွားခဲ့ပါတယ်။
ဆေးပေးခန်းလုံးဝမရှိသေးတဲ့ ဒေသတွေ (သို့မဟုတ်) အမေ့လျော့ခံပြည်သူတွေ
ကျွန်မသွားခဲ့တဲ့ခရီးအတွေ့အကြုံမှာ ဝမ်းနည်းစရာကောင်းတာတစ်ခုက အဲဒီ ကျောင်းတော်ရာဒေသက ကျေးရွာတွေမှာ ဆရာဝန်တစ်ယောက်မှ မရှိပါဘူး။ ယင်း ဒေသတွေဟာ ဆေးလောကသားတွေ လုံးဝမရောက်ခဲ့တဲ့ ဒေသများလားလို့တောင်ကျွန်မ သံသယဖြစ်မိပါတယ်။ ကျေးရွာတစ်ရွာချင်း မှာ ဆရာဝန်တစ်ယောက်မရှိတာတောင် မဟုတ်ဘဲ ကျေးရွာအုပ်စုတစ်ခုမှာတောင် ဆရာဝန်တစ်ယောက်မရှိတဲ့ဒေသတွေကို ကျွန်မရောက်ခဲ့တာပါ။ ဆေကုခန်း၊ ဆေးပေးစင်တာဆိုတာ ရောဂါတစ်ခုခုဖြစ်လာရင် ကျောင်းတော်ရာထိတက်ပြီး ဆေးသွားကုကြရပါတယ်။ ဒါမှမဟုတ် ပွင့်ဖြူမြို့အထိ တက်ပြီး ဆေးကုသမှုခံယူကြရသူတွေပါ။ တော်ရုံတန်ရုံရောဂါအတွက် (သို့မဟုတ်) မသွားနိုင်သူ၊ ငွေကြေးမတတ်နိုင်သူတွေအတွက်တော့ နိစ္စဓူဝသွားလာလှုပ်ရှားရင်း ပြီးသွားကြတာပါပဲ။
အစိုးရဆေးကု၊ ဆေးပေးခန်းလည်း မရှိသလိုNGO တွေ၊ နိုင်ငံရေးပါတီတွေကဖွင့်တဲ့ ဆေးကု၊ ဆေးပေးခန်းတွေလည်း မရှိပါဘူး။ အရင်တုန်းက ဖြိုးစေတနာဆေးခန်း ကတော့ ရှိခဲ့ဖူးပေမယ့် ရွေးကောက်ပွဲတွေ ပြီးသွားတဲ့အခါ မရှိတော့ဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။ ဒါတွေကို အစိုးရတာဝန်ရှိ သူတွေ၊ အဲဒီဒေသရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေ မသိကြတာလား၊ သူတို့ဒီဒေသတွေကို တစ်ခါမှမသွားမိကြတာလား၊ အဖြစ်မှန်တွေကို မတင်ပြကြတာလား၊ ကျွန်မ မပြောတတ် ပါဘူး။ မည်သို့ပင်ဆိုစေ ဒီဒေသကပြည်သူတွေဟာ လျစ်လျူရှုခံထားကြရတယ်ဆိုတာ အသေအချာပါပဲ။
အဘွားအိုဒေါ်ဝင်းစိုးနေထိုင်တဲ့ မုန်း ချောင်းတစ်ဖက်ကမ်း ရွာသာကုန်းကျေးရွာ ဆိုတာ ညောင်ခြုံကျေးရွာအုပ်စုမှာပါဝင်ပြီး အိမ်ခြေ ၁၅၈ လုံး၊ လူဦးရေ ၅၈၇ ဦးရှိကာ ကျွန်မတို့တစ်နေ့ခင်းတည်း ကြည့်ပေးခဲ့ရတဲ့  လူနာအရေအတွက်ဟာ ၁၀၃ ဦးအထိရှိပါတယ်။ ဒါဟာ ကျွန်မတို့ တစ်ရက်တည်းလေး၊ ငါးနာရီစာလောက်သာ ကြည့်ပေးခဲ့ရတဲ့ ပမာဏဖြစ်ပြီး ကျွန်မတို့မရှိနိုင်တော့တဲ့ရက်တွေမှာဆို သူတို့ကိုဆေးကုပေးမယ့်သူ၊ကျန်းမာရေးစောင့်ရှောက်ပေးမယ့်သူ မရှိတော့ပါ ဘူး။ တစ်စုံတစ်ခုဖြစ်လာရင် ဒီအတိုင်းကြိတ် မှိတ်ခံစားနေကြရမယ့်သူတွေပါ။
ကျရာတာဝန်ထမ်းဆောင်စေချင်
ခရီးစဉ်တစ်လျှောက် ကျွန်မသိခဲ့ရတာက ဆရာဝန်လုံးဝမရှိတဲ့ အဲဒီကျေးရွာတွေမှာ ကျွန်မတို့တည်းခိုခဲ့တဲ့ ဇောင်းချမ်းကုန်းကျေးရွာက ဒေသခံ သူနာပြုဆရာမလေးတစ်ယောက်သာ သူ့ကျေးရွာနဲ့အနီးတစ်ဝိုက်က နီးစပ်ရာကျေးရွာတွေမှာ များသောအားဖြင့် အခကြေးငွေမယူဘဲ သူနိုင်တဲ့ဝန်ကိုထမ်းပေးနေရရှာပါတယ်။ တကယ်တော့ ကျွန်မတို့နှစ်ယောက်ဟာလည်း ဆရာဝန်တွေမဟုတ်ကြပါဘူး။ အဖွဲ့အစည်းတစ်ခုခုက စေခိုင်းလို့ သွားတာလည်း မဟုတ်ပါဘူး။ ကျွန်မတို့တွေဟာ ဆေးဝါးပညာရှင်လို့ခေါ်တဲ့ Pharmacist တွေပါ။ ကျွန်မတို့တတ်ထားတဲ့ ဆေးပညာတွေနဲ့ နိုင်ငံနဲ့ပြည်သူတွေမှာ ဘေးဥပဒ်ဖြစ်လာတဲ့အခါ တတ်သည့်ပညာ မနေသာတော့လို့ ကိုယ့်အလုပ်ကိုယ်ပစ်ပြီး တိုင်းပြည်ရဲ့လိုအပ်တဲ့ ကဏ္ဍကို ခဏဝင်ထမ်းပေးခဲ့ရုံပါ။

ကျွန်မရဲ့ လက်ရှိအလုပ်ဟာ ရန်ကုန်ကဂျာနယ်လစ်ပါ။ ဒါပေမဲ့ အဲ့ဒီကျေးရွာတွေမှာ ဆရာဝန်မရှိဘူး။ သူနာပြုဆရာမလေးတစ်ယောက်တည်း ဆေးကုပေးနေရတယ်ဆိုတဲ့  သတင်းစကားဟာ ကျွန်မကို အဲဒီဒေသတွေကို တစ်ရက်ပဲဖြစ်ဖြစ်၊ တစ်ပတ်ပဲဖြစ်ဖြစ် သွားကူညီပေးဖို့ တွန်းအားဖြစ်လာခဲ့ပါတယ်။ ကျွန်မတို့ သွားနေပြီး ကူညီပေးခဲ့တဲ့အချိန်လေးဟာလည်း တကယ်တော့အရမ်းကို တိုတောင်းလွန်းပါတယ်။ အားလုံးပေါင်းမှ ၈ ရက်ထဲပါ။ ၈ရက်အတွင်း ကျေးရွာ ၁၂ ရွာနဲ့ လူနာ ၆၅၀ ဦး ခန့် ကြည့်ပေးနိုင်ခဲ့ပါတယ်။ ပွင့်ဖြူမသွားခင် ဧရာဝတီတိုင်းဘက် ရက်အနည်းငယ်သွားခဲ့တဲ့အတွက် ပွင့်ဖြူမှာ တစ်ပတ်လောက်သာ အချိန်ပေးနိုင်ခဲ့ပါတယ်။ ကျွန်မကအလုပ်ကို ခွင့်တင်ပြီးအဲဒီဒေသကို သွားခဲ့တယ်။ ကျွန်မသူငယ်ချင်းက နိုင်ငံခြားကနေ တစ်လပြန်ရောက်နေတဲ့ခဏအချိန်ကို အကျိုးရှိရှိသွားခဲ့ကြတာပါ။
အဲဒီဒေသတွေမှာ ဆေးသွားကုပေးဖို့ ဆေးလောကနဲ့ အလှမ်းဝေးနေခဲ့တဲ့ကျွန်မကျောင်းတုန်းက စာတွေကို သေချာပြန်ပြီး လေ့လာခဲ့ရပါတယ်။ ဆေးပညာတတ်ထားပြီးသူမို့ အများကြီးပြန်မလုပ်ခဲ့ရပေမယ့် ပြောင်းလဲလာတဲ့ ရောဂါတွေနဲ့ အသစ်အသစ်ဖြစ်လာတဲ့ Generation အမျိုးအစားတွေကြောင့် နှစ်ရက်တိတိ ပြန်လေ့လာခဲ့ရပါတယ်။ Pharmacology (ဆေးဝါးဗေဒ) ကို ပြန်လေ့လာခဲ့ရတဲ့အခါ ဆေးဝါးတွေရဲ့ chemical composition နောက် ရောဂါရှာဖွေခြင်း (diagnois) အပြင် ဆေးတစ်ခုရဲ့ အရေးကြီးဆုံးဖြစ်တဲ့ Pharmacokinetics နဲ့ Pharmacodynamics လို့ ခေါ်တဲ့ လူ့ကိုယ်ခန္ဒာကဆေးကို တုန့်ပြန်ခြင်းဖြစ်စဉ်တွေနဲ့ ဆေးက လူ့ခန္ဒာကိုယ်ကို အကျိုးသက်ရောက်စေခြင်းဖြစ်စဉ်တွေကို အချိန်ယူပြီး ကျွန်မပြန်လေ့လာခဲ့ရပါတယ်။
အစိုးရမင်းများ ကြားသိနိုင်ပါစေ
ရန်ကုန်မှာနေတဲ့ ဂျာနယ်လစ်တစ်ယောက် မိမိတတ်ထားတဲ့ဆေးပညာကို မကွေးတိုင်းပွင့်ဖြူက ပြည်သူတွေအတွက် ခေတ္တသွားရောက်အကျိုးပြုပေးခဲ့တယ်ဆိုတာ ပြည်သူတွေ တစ်ဦးကိုတစ်ဦး အချင်းချင်း ချစ်မြတ်နိုးကြတယ်၊ ကူညီပေးကြတယ်ဆိုတာရဲ့ ပြယုဒ်တစ်ခုပါပဲ။  တကယ်တော့ အခုလို ပြည်နယ်နဲ့တိုင်းဒေသကြီး ၁၁ ခုမှာ ရေကြီးရေလျှံ သဘာဝဘေးအန္တရယ် ကြုံခဲ့ရတာဟာ ၂၀၀၈ နာဂစ်ဖြစ်ခဲ့သလို လူတွေအများကြီးတစ်ချိန်တည်း တစ်ပြိုင်တည်း မသေဆုံးကြပေမယ့် ပြန်လည်ထူထောင်ဖို့အတွက် အားတွေအများကြီးလိုအပ်ပါတယ်။ တစ်ပတ်ဆယ်ရက်နဲ့ ပြီးသွားမယ့် ကိစ္စမဟုတ်သလို ရေရှည်အစီအစဉ်တွေနဲ့ ကုစားပေးကြရမယ်ဆိုတာ တိုင်းပြည်ကိုချစ်တဲ့ ပညာတတ်လူတိုင်း နားလည်ထားကြပါတယ်။ ဒါကြောင့်လည်း ဒီသဘာဝဘေးဒဏ်ကို ကယ်ဆယ်ကုစားကြတဲ့အခါ ပြည်သူတွေအချင်းချင်း ရိုင်းပင်းနေကြတာကို အားလုံးတွေ့မြင်နိုင်မှာပါ။ ဒါပေမယ့် ကျွန်မတို့ပြည်သူအချင်းချင်းရဲ့ အားဟာ အစိုးရရဲ့အားလောက် ပြင်းထန်ထိရောက်မှုမရှိဘူးဆိုတာ အသေအချာပါ။ သဘာဝဘေးဒဏ် ရေကြီးရေလျှံ ဘာကြောင့်ဖြစ်တယ်ဆိုတဲ့ အကြောင်းကိုတော့ ဒီနေရာမှာ ချီးခြောက်ရေနူး ပြန်မတူးဆွလိုပေမယ့် အုပ်ချုပ်သူများအနေနဲ့ လတ်တလော သဘာဝဘေးဒဏ်သင့် ပြည်သူတွေကို ကိုယ်ဖိရင်ဖိ ကုစားပေးဖို့တော့လိုအပ်ပါတယ်။ တာဝန်လည်းရှိပါတယ်။
ကျွန်မတို့ တစ်နေရာကို တစ်ပတ်လောက်သာ အချိန်ပေး ဆေးကုပေးနိုင်ပေမယ့် အစိုးရအုပ်ချုပ်သူများသာ အစီအမံတွေချပြီး ဆေးပေးခန်းတွေဖွင့်လှစ်ပေးမယ် ကျန်းမာရေးဝန်ထမ်းတွေကို တာဝန်ချပေးလိုက်မယ်ဆိုရင် အဲဒီဒေသက ပြည်သူတွေအတွက် အာရောဂျံ အဘယံ လာဘံ (ကျန်းမာခြင်းနှင့် ဘေးအန္တရယ် ကင်းရှင်းခြင်းသည် လာဘ်တစ်ပါးဖြစ်ခြင်း) ဆိုတာ သူတို့ရဲ့လက်တွေ့ဘဝတွေ ဖြစ်လာပါလိမ့်မယ်။
နောက်ထပ်လူနာတစ်ဦး ကျွန်မခေါင်းထဲ ခုချိန်ထိပြန်တွေးနေမိတဲ့သူက ကြီးအုံကြီး၀ ဆည်အနီးက ကျွဲတခါးရွာ (ခေါ်) ရုံးပင်ရွာကဖြစ်ပါတယ်။ ကျွဲတခါးအုပ်စုမှာပါဝင်ပြီး အိမ်ခြေ ၁၄၇ လုံး၊ လူဦးရေ ၅၂၃ ဦးရှိပြီး ကျွန်မတို့ ကြည့်ပေးခဲ့ရတဲ့လူနာဦးရေ ၇၇ ဦးရှိပါတယ်။ ၇၇ ဦးဆိုပေမယ့် အဲ့ဒီရွာကို ဆေးကုပေးခဲ့ရတာ အင်မတန်ပင်ပန်းခဲ့ပါတယ်။ အများစုဟာ အသက်ကြီးပိုင်းတွေ လာပြတာ ဖြစ်တဲ့အပြင် စာမဖတ်တတ်သူတွေများတာရယ်၊ သူတို့သားသမီးတွေ ပါမလာတာရယ်ကြောင့် ဆေးသောက်ပုံသောက်နည်းတွေကို မမှားအောင် သေချာရှင်းပြရပါတယ်။ အရမ်းခေါင်လွန်းတဲ့ မဖွံ့ဖြိုးတဲ့အရပ်ဒေသမို့ ရေဘေးသင့်မဖြစ်ခင်ကတည်းက မုန်းဖောင်ဒေးရှင်းဆရာတော်တို့ နှစ်တိုင်းသွားလှုနေခဲ့တာ သုံးနှစ်လောက်တောင်ရှိပြီလို့ ဆိုပါတယ်။ ဆေးကု ဆေးပေးခန်းမရှိဘူးဆိုတာကတော့ အထူးတလည် ပြောစရာမလိုတော့တဲ့ ကိစ္စပါပဲ။
ကျွန်မခေါင်းထဲ ခုချိန်ထိရှိနေသူ နောက်တစ်ဦးဟာ အဲဒီကျွဲတခါးရွာက အဘွားအိုပါပဲ။ နာမည်အတိအကျ မမှတ်မိတော့ပေမယ့် ယင်းအဘွားဟာ နားလေးနေပါတယ်။ သူ့ကိုရောဂါမေးရတာ၊ ဆေးပေးရတာ အတော်ကို အော်ပြီး မေးရပြောရပါတယ်။ ဘယ်လောက်ထိ သူ့ကိုကြားအောင် အော်ပြီးရှင်းပြရသလဲဆိုရင် သူပြီးတော့ နောက်လူနာတွေကိုပါ ဆက်အော်ပြောနေမိတဲ့အထိပါပဲ။ ကျွန်မ သူ့ကိုသောက်ဖို့ဆေးတွေပေးတော့ (မှတ်မိသလောက် အစာအိမ်ဆေးတွေဖြစ်တဲ့ Omeprazole နဲ့ Kremil S) ကို ဆေးသောက်ဖို့ ရှင်းပြနေတုန်း သူပြန်မေးလိုက်တာက သမီး ဒီဆေးတွေက အရက်နဲ့တည့်လားတဲ့။ ပထမတော့ ကျွန်မပြန်ဖြေလိုက်တာ ရှင် … ဟုတ် … ဆိုပြီး ယောင်ပြီးပြောလိုက်မိပြီးတော့မှ အဘွားက အရက်သောက်လို့လားလို့ ပြန်မေးလိုက်တော့ မဟုတ်ပါဘူးသမီးရယ် … အဘွားသောက်တာမဟုတ်ဘူး .. အဘွားရဲ့ အိမ်သား (ခင်ပွန်း) သောက်လို့ပါတဲ့။ အဲ့ဒါနဲ့ ကျွန်မလည်း ပြန်ရှင်းပြရတယ်။ အဘွားအိမ်သားအတွက် ဆေးတွေမဟုတ်ဘူး။ အဘွားသောက်ရမယ့်ဆေးတွေဖြစ်တဲ့အကြောင်း အကျယ်ကြီးအော်ရှင်းပြရတော့တယ်။ ဒါနဲ့ သူလည်း အေးအေး ဟုတ်ပါပြီဆိုပြီး ထသွားတော့တယ်။
ညဘက်ရောက်မှ သူငယ်ချင်းနှစ်ယောက် အဲ့ဒီအဘွားအကြောင်း ပြန်ပြောဖြစ်ရင်း ကျွန်မတွေးမိလိုက်တာက အော် အဘွားရယ် .. သူဖြစ်တဲ့ရောဂါတွေကို မပြောဘဲ သူ့ခင်ပွန်းဖြစ်တာတွေများ ပြောသွားသလားမသိဘူးဆိုပြီး စိတ်ထဲဇဝေဇဝေါဖြစ်နေမိတာ အခုချိန်ထိပါပဲ။ သူကိုယ်တိုင်ခံစားနေရတဲ့ အနာနဲ့ဆေးမတည့်ဘဲဖြစ်သွားမလား စိတ်ပူနေမိပါတယ်။
ကျွန်မရဲ့ ဒီစာလေးကတဆင့် အစိုးရမင်းများ ကြားနိုင်မြင်နိုင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ သဘာဝဘေးဒဏ်သင့်ချိန်မှာတင်မဟုတ်ဘဲ ပုံမှန်အချိန်မှာလည်း ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတဲ့ ယင်းဒေသတွေအတွက် ပုံမှန်တာဝန်ကျ ဆေးကုသပေးမည့်သူ၊ ပုံမှန် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မယ့် ဆေးကုဆေးပေးခန်းများ ဖွင့်လှစ်ပေးပြီး ၎င်းတို့ဘဝတွေ ကျန်းမာပျော်ရွှင်စွာ၊ ဘေးဘယကင်းစွာ အသက်ရှင်နေထိုင်နိုင်ပါစေကြောင်း မျှော်လင့်နေမိပါတယ်။
 

Most Read

Most Recent