ဖိလစ်ပိုင်နိုင်ငံမှ ၂၀၁၅ ခုနှစ်အတွက်ပေးအပ်သည့် ရေမွန်မက်ဆိုင်းဆိုင်းဆုကို နာရေးကူညီမှုအသင်း(ဥက္ကဋ္ဌ)ဦးကျော်သူက လက်ခံရရှိခဲ့သည်။ အာရှဒေသတွင်းတွင် ဂုဏ်သိက္ခာမြင့်မားသောဆုတစ်ဆုဖြစ်သည့် ရေမွန်မက်ဆိုင်းဆိုင်းဆုကို ဦးကျော်သူအား အများအကျိုးဆောင်ရွက်မှုအတွက် ရွေးချယ်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ရေမွန်မက်ဆိုင်းဆိုင်းဆုရှင် ဦးကျော်သူနှင့်တွေ့ဆုံ၍ ပရဟိတလုပ်ငန်းများအပေါ်ခံယူချက်၊ တစ်ကျော့ပြန်အနုပညာလှုပ်ရှားမှုများနှင့် ရှေ့ဆက်လုပ်ကိုင်ရန် ရည်ရွယ်ထားသည်များကို မေးမြန်းဖြစ်ခဲ့ပါသည်။
မေး- ရေမွန်မက်ဆိုင်းဆိုင်းဆုရတဲ့ပီတိ ကို အရင်သိချင်ပါတယ်ရှင့်။
ဖြေ- ဒီဆုကဘာဆုမှန်းတောင်ကျွန်တော် မသိပါဘူး။ အရင်တုန်းကလည်း နိုင်ငံတကာကပေးတဲ့ဆုတွေရှိတယ်။ အဲဒီလိုပဲ ရိုးရိုးသာမန်ဆုလို့ထင်တာ။ သူတို့ပို့ပေးတဲ့ အင်္ဂလိပ်စာသားတွေကို ကျွန်တော်က အင်္ဂလိပ်စာမရတော့ သားနဲ့သမီးဆီကိုပို့ရ တယ်။ သူတို့ကဒါအရမ်းကြီးတဲ့ဆုဆိုပြီး ပြောကြတယ်။ ကျွန်တော်လည်းဝမ်းသာတာ ပေါ့လေ။ ဒီလိုဆုရဖို့တော့လည်း လုပ်ကိုင်နေတာမဟုတ်ဘူး။ ဟိုရောက်တော့မှသိရတာက ဒီဆုကနှစ်နဲ့ချီပြီးလေ့လာ၊ ကူညီခဲ့တဲ့သူကိုမေးမြန်း၊ ကျွန်တော်တို့အနားမှာရှိ တဲ့သူတွေကို စုံစမ်းပြီးတော့မှပေးတာ။ ဒီလူက ဒီဆုနဲ့ထိုက်တန်တယ်ဆိုမှပေးတာ။ ကွာတာတော့ကွာတယ်။ ဒီမှာသမ္မတကဆု ပေးမယ်ဆိုပြီး ၂၀၁၃ မှာလျှောက်လွှာတင်ခိုင်းတယ်။ ကျွန်တော်တို့က လျှောက်လွှာ တင်ရတာတွေ ဘာတွေဝါသနာမပါဘူး။ ရသင့်ရထိုက်တယ်ထင်ရင်ပေးပေါ့။ မတင် တော့ ဆုပေးပွဲလုပ်တဲ့ ဇူလိုင် ၁၇ ၂၀၁၃ မှာ ကျွန်တော်တို့အဖွဲ့မပါဘူး။ နောက်တစ်လအကျော်ကျမှ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဆုကိုလာယူပါဆိုပြီး အကြောင်းကြားတယ်။ ဆုကသြဂုတ်လကျမှလက်ထဲ ရတာပေါ့။ ဒါတွေကွာတယ်။ အခုဆုပေးပွဲမှာ ဖိလစ်ပိုင်ကအမျိုးသမီးတစ်ယောက်လည်း ဒီဆုရတယ်။ အဲဒီအမျိုးသမီးရဲ့ဓာတ်ပုံတွေကို မြို့တိုင်းမှာကပ်ထားတယ်။ အိန္ဒိယက နှစ်ယောက်ဆုရတယ်။ အိန္ဒိယသံအမတ်ကလည်း တက်ရောက်ချီးမြှင့်တယ်။ တကယ်စဉ်းစားကြည့်မယ်ဆိုရင် အိန္ဒိယကရတဲ့ဆုနှစ်ဆုက တစ်ယောက်ကတော့ ဆင်းရဲဒုက္ခရောက်တဲ့သူတွေကို အဝတ်အထည်တွေလှူလို့ရတာ။ နောက်တစ်ယောက်ကတော့ အစိုးရရဲ့အားနည်းချက်တွေကို ထောက်ပြရင်းနဲ့ဝန်ထမ်းဘဝကပြုတ်သွားတဲ့သူ။ ဒါပေမယ့်သံအမတ်ကလာပြီးဂုဏ်ပြုစကားပြောပေးတယ်။ ဒီမိုကရေစီဆိုတာ ဒီလိုဖြစ်ရမယ်။ ဟိုလူနဲ့မတည့်လို့မသွားဘူး ဆိုတာမဖြစ်ရဘူး။ ဂုဏ်ပြုသင့်ရင်ဂုဏ်ပြုရမယ်။ ဒီဆုပေးပွဲမှာ ဘာအားတက်သွားလဲဆိုရင် ပြည်သူလူထုတိုင်းရင်းသားညီအစ်ကို မောင်နှမတွေအများကြီးလာတယ်။အားပေး တယ်၊ ဂုဏ်ယူကြတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေရော၊ နိုင်ငံတကာကမောင်နှမတွေကိုပါ ကျေးဇူးအများကြီးတင်ပါတယ်။
မေး- ဒီဆုကအာရှဒေသတွင်းမှာ ဂုဏ်သိက္ခာမြင့်မားတဲ့ဆုတစ်ဆုပါ။ ဒီဆုက ဦး ကျော်သူဖြတ်သန်းရတဲ့ ပရဟိတခရီးကြမ်းအတွက် ဘယ်လိုစိတ်ဓာတ်ခွန်အားမျိုးဖြစ်စေပါလဲ။
ဖြေ- ချီးမြှင့်တော့လည်းချီးမြှင့်တယ်ပေါ့လေ။ ကျွန်တော့်အသက်အရွယ်အရရော၊ ပရဟိတလုပ်သက်အရရော လိုချင်တပ်မက်မှုကသိပ်မရှိတော့ဘူး။ ရတဲ့အချိန်လေးတော့ ဝမ်းသာတာပေါ့ဗျာ။ ဒါပေမယ့်ဒီဆုက ကိုယ်သေသွားလည်း ယူသွားလို့ရတာမှ မဟုတ်တာ။ ငွေကြေးလည်းကိုယ်ယူသွားလို့ ရတာမဟုတ်ဘူး။ ကိုယ့်ကောင်းမှုပဲပါသွားမှာ။ ပြောတဲ့စကားတွေ၊ သွားတဲ့လမ်းတွေ၊ လှုပ်ရှားမှုတွေက အများအတွက်ကောင်းတဲ့ ကုသိုလ်ကောင်းမှုတွေဖြစ်ဖို့ပဲအရေးကြီးပါတယ်။ အဲဒီလိုပဲခံယူထားတယ်။
မေး- ရှေ့ဆက်လုပ်ကိုင်သွားမယ့် ပရဟိတလုပ်ငန်းနဲ့ပတ်သက်လို့ရော ဘယ်လိုရည်မှန်းထားလဲ။
ဖြေ- ပရဟိတလုပ်ငန်းဆိုတာ သေရင်အခမဲ့ သဂြိုဟ်ပေးတယ်။ ဆေးကုသပေးတယ်။ ပညာရေးလိုအပ်ချက်တွေပံ့ပိုးပေးတယ်။ ဒုက္ခသည်တွေကိုကူညီပေးတယ်။ အဲဒီမှာ ဘာတွေ့လာလဲဆိုရင် ပါချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသလည်း ဟောပါတယ်။ ပရဟိတလုပ်ရင်းနဲ့အကုသိုလ်တွေ ဖြစ်လာမယ်။ ဒုက္ခသည်တွေကိုလိုတာကူညီရင်းနဲ့ သူတို့မှာအပျင်းရောဂါစွဲကပ်လာမယ်ဆိုရင် အကုသိုလ်ဖြစ်မယ်။ အဲဒီအကျိုးဆက်ကကိုယ်ခံရမှာပဲ။ ဒါကိုကူတော့ကူတယ်။ ကျွန်တော်တို့ကစိတ်ဓာတ်ခွန်အားတွေ၊ ကိုယ့်အားကိုယ်ကိုးတဲ့စိတ်ဓာတ်တွေ ဖြစ်အောင်ဖန်တီးယူရမယ်။ ဖိလစ်ပိုင်က သီလရှင်တွေထောင်ထားတဲ့အဖွဲ့တွေ့ခဲ့တယ်။ မဟာယနဗုဒ္ဓဘာသာအဖွဲ့ပေါ့။ အဲဒီမှာဘာတွေလုပ်လဲဆိုရင် လူငယ်မိန်းကလေး၊ ယောကျ်ားလေးတွေကို အလုပ်အကိုင် အခွင့်အလမ်းရစေမယ့် ကွန်ပျူတာသင်တန်း၊ စက်ချုပ်သင်တန်း၊ ဝရိန်ဆော်တဲ့သင်တန်းတွေဖွင့်ပေးတယ်။ သူတို့အခွေပြလို့ကြည့်ရတာပေါ့လေ။ ပထမဆုံးလက်ခံတဲ့နေ့မှာ ရောက်လာတဲ့ကလေးတွေဆိုရင် ရှော့ ပင်နဲ့ဆံပင်အရောင်ဆိုးတွေနဲ့ရောက်လာတာ။ နောက်တစ်ပတ်နှစ်ပတ်လောက်နေတော့ ယူနီဖောင်းလေးနဲ့သပ်သပ်ရပ်ရပ် ဖြစ်သွားကြတယ်။ ဖိလစ်ပိုင်ကမုန်တိုင်းလည်း ခဏခဏဝင်တော့ မိသားစုတစ်စုစာ ကော်ပုံးကြီးတွေနဲ့အစားအသောက်၊ အဝတ်အထည် လိုအပ်တာတွေကိုအဆင်သင့်ထည့်ထား တယ်။ လှေတွေကအချိုရည်ဘူးအကြီးတွေနဲ့လုပ်တဲ့လှေတွေပြင်ထားတယ်။ အချိုရည် ဘူးထဲကို လေထိုးပြီးတော့အဖုံးသေချာပိတ်ပြီး လှေလုပ်ထားတာ။ ရွာတစ်ရွာဒုက္ခရောက်တယ်ဆိုရင် ပြန်လည်ထူထောင်ရေးအတွက်လုပ်တော့ ရွာသားတစ်ဦးချင်းကို အလုပ်လုပ်တယ်ဆိုရင် နေ့စားခပေးမယ်ဆိုပြီးခေါ်တယ်။ ပထမတော့ အယောက် ၂၀ ပဲလုပ် တယ်။ နောက်တော့တစ်ရွာလုံးနီးပါးလာ လုပ်ကြတယ်။ အလုပ်လုပ်မှပိုက်ဆံရမယ် ဆိုတဲ့အသိတရားရသွားတယ်။ ဒါကိုသင်ခန်းစာရတယ်။ ကျွန်တော်တို့ချင်းတောင်မှာ ပြန်လည်ထူထောင်ရေးလုပ်ဖို့စီစဉ်နေပြီ။ ပညာရှင်တွေနဲ့တိုင်ပင်ထားတယ်။ စိုက်ပျိုးရေးဆိုရင်ဘယ်လိုစိုက်ရမလဲ၊ စီးပွားဘယ်လိုလုပ်ကြမလဲဆိုတာကို အဓိကလုပ်ရမယ်။ အိမ်နီးချင်းနိုင်ငံတွေသွားတဲ့အခါ မြန်မာ တိုင်းရင်းသားပေါင်းစုံကိုတွေ့ခဲ့ရတယ်။ ကျွန်သဘောမျိုးသွားလုပ်ကြရတာ။ ကိုယ့်နိုင်ငံမှာ နေထိုင်ရေးခက်ခဲလို့သွားတာ။ ပြန် လည်ထူထောင်ရေးလုပ်မယ့်ရွာတွေဆိုရင် ကိုယ့်ဘာသာရပ်တည်နိုင်အောင်လုပ်မယ်ဆိုရင် ပြည်ပရောက်တဲ့သူလည်း ပြန်လာချင်မှာပဲ။ ကိုယ့်နိုင်ငံမှာနေပျော်ဖို့လေ။ ဒါကိုအဓိကထားပြီးလုပ်ဖို့ဆုံးဖြတ်ထားတယ်။ ကျွန်တော်တို့တစ်သင်းတစ်ဖွဲ့တည်းတော့မရပါဘူး။ တစ်ရွာချင်း စီဒီလိုပဲလုပ်သွားရမယ်။ဒီလိုသာလုပ်သွားမယ်ဆိုရင် အချိန်ကာလတစ်ခုမှာ ပြည်ပကိုအလုပ်သွား လုပ်ချင်တဲ့သူတောင် ရှိတော့မှာမဟုတ်ဘူးလို့ယုံတယ်။ ပရဟိတဆိုတာ အသုဘချနေတာနဲ့တင် မဟုတ်တော့ဘူး။ ကျန်းမာရေးပညာရေးစသဖြင့် လိုအပ်ချက်တွေကို ပရဟိတစိတ်ထားနဲ့လုပ်ကိုင်ဖို့ပဲလိုအပ် တယ်။
မေး- ပရဟိတစိတ်ဓာတ်ကို လူငယ်တွေကို မျိုးစေ့ချပေးခဲ့ပေမယ့်အခုနောက်ပိုင်းမှာ ပရဟိတအလုပ်တွေနဲ့အတူ ပေါ်ပြူလာဖြစ်ချင်တာ၊ နာမည်ကြီးချင်တာ စတာတွေလည်း ပါဝင်လာတဲ့အပေါ်ဘယ်လိုမြင်ပါသလဲ။
ဖြေ- အဲဒါကတော့တဒင်္ဂအနေနဲ့တော့ ဟိုတစ်ယောက်ကတော့ အရမ်းစွန့်လွှတ်တာပဲ၊ ကြိုးစားတာပဲဆိုပြီး မထင်ဘူးနော် လုပ်နိုင်တယ်ဆိုတာမျိုးဖြစ်နိုင်တယ်။ ဒါတွေက ကျွန်တော်တို့ဖြတ်သန်းခဲ့တဲ့ကိစ္စတွေပေါ့။ ဘာလို့ကျွန်တော်တို့လုပ်တုန်းက အုတ်အော်သောင်းနင်းမဖြစ်ခဲ့လဲဆိုတော့ အဲဒီတုန်းက အင်တာနက်ကမကျယ်ပြန့်သေးဘူး။ လုပ်တဲ့သူကတော့လုပ်နေမှာပဲ။ စီးပွားရေးလောကဆိုလည်း အောင်မြင်ချင်တဲ့သူချည်းပဲ။ နိုင်ငံရေးဆိုလည်း နိုင်ချင်တဲ့သူချည်းပဲ။ ပရဟိတလောကမှာလည်း ပေါ်ပြူ လာဖြစ်ချင်တဲ့သူလည်းရှိမယ်။ နာမည်ကြီးချင်လို့၊ လူချစ်လူခင်များချင်လို့လည်းရှိမယ်။ အလှူငွေကို ကိုယ်ကျိုးသုံးချင်လို့။ အစိုးရနဲ့ပေါင်းသလိုလို ဟိုလိုလိုဒီလိုလိုတွေလည်းရှိတယ်။ ဒါတွေကကြာကြာလည်းခံ မှာမဟုတ်ဘူး။ သူ့သမိုင်းသူရေးမှာပဲ။ အဓိကနစ်နာမှာကဒုက္ခသည်တွေပဲ။ အလှူရှင်တွေကတော့လှူမှာပဲ။ ဒုက္ခသည်တွေဆီ ရောက်တာကနည်းနည်း၊အိတ်ထဲထည့်သွားမယ်ဆိုရင် ဒုက္ခသည်တွေနစ်နာမယ်။ ပရဟိတလောကက အဲဒီလူတွေများလာမယ်ဆိုရင် နာမည်ပျက်မယ်။ ပရဟိတသစ္စာဆိုရဲဖို့အရေးကြီးတယ်။ အခုရေဘေးဖြစ်တဲ့အခါ ကျွန်တော်ကားရိုက်သွားနေရတော့ ဦးစီးဦးဆောင်မလုပ်နိုင်ဘူး။ အသင်းကသူ တွေပဲသွားကြတယ်။ ဒီမှာဘာတစ်ခုဝမ်းသာသွားလဲဆိုရင် ဒါစာမေးပွဲစစ်တာပဲ။ ကောင်း တဲ့သူတွေမကောင်းတဲ့သူတွေလည်းပေါ်လာတယ်။ ဒါကြောင့်ရေဘေးကိုတစ်ဖက်ကပြန်တွေးရင် ပရဟိတ ခေါင်းဆောင်ကောင်းတွေထွက်ပေါ်စေတယ်။ မကောင်းတဲ့သူတွေလည်း ထွက်လာတယ်။
မေး- ပရဟိတအလုပ်တွေကိုလုပ်ဖြစ်စေ တဲ့ အဓိကတွန်းအားက ဘာဖြစ်မလဲ။
ဖြေ- ကျွန်တော်တို့စလုပ်တုန်းက ဘဘ ဦးသုခနဲ့လုပ်ကြတယ်။ အနုပညာလောကထဲ ကျင်လည်နေတုန်းကတော့ မကောင်းတာတွေစုံအောင် လုပ်ခဲ့ဖူးတယ်။ ကောင်း တာတွေပဲလုပ်တော့မယ်ဆိုတဲ့အချိန်မှာ မှန်မှန်ကန်ကန်လုပ်ပေမယ့် ပိတ်ပင်မှုတွေ၊ တားဆီးမှုတွေ ဖြစ်လာတယ်။ အဲဒီလိုလုပ်လာလေ ထိုးဖောက်ချင်တဲ့စိတ်ဖြစ်လာလေပဲ။ ဒီလောက်အချိန်အထိ ပရဟိတအလုပ် တွေကို လုပ်ဖြစ်စေတဲ့အဓိကအကြောင်းရင်းကတော့ စစ်အစိုးရပဲ။
မေး- အနုပညာအလုပ်တွေကို ၈ နှစ်လောက်ရပ်နားခဲ့ပြီးမှ ပြန်ဝင်ဖြစ်စေတဲ့ အကြောင်းရင်းကရော ဘာများဖြစ်မလဲ။
ဖြေ- အနုပညာကိုငယ်ငယ်ကတည်းက ဝါသနာပါတယ်။ မြတ်နိုးလို့လုပ်ရင်း အောင်မြင်လာတယ်။ ၂၀၀၇ ခုနှစ်မှာ သံဃာတော်တွေကိ ုဆွမ်းကပ်တာနဲ့ အနုပညာအလုပ် အပိတ်ခံရတယ်။ ၇ ရက်အဖမ်းခံရတယ်။ အနုပညာမလုပ်ရဘူးဆိုပေမယ့် သွေးထဲမှာ အနုပညာကစီးနေတယ်။ ပရဟိတလုပ်ရာမှာလည်း အနုပညာစိတ်ဓာတ်နဲ့လုပ်တယ်။ ဒီကြားထဲအစိုးရအပြောင်းအလဲဖြစ်တဲ့အချိန် ကျွန်တော့်အမျိုးသမီးက ပွဲတစ်ပွဲသွားတက်တယ်။ အဲဒီမှာသမ္မတဦးသိန်းစိန်က ကျွန်တော်က ကျော်သူ့ပရိသတ်ပါလို့ပြောတယ်။ အဲဒီနောက်ပိုင်းတော့ ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခဲ့ကြတယ်။ ဇာတ်တွေကြည့်ပြီး လုပ်ချင်စိတ်မရှိဘူး။ ၂၀၁၅ မှာ လာကမ်းလှမ်းတဲ့အချိန် ဘာတွေးမိလဲဆိုရင် ဘဘဦးသုခတောင် ပရဟိတအလုပ်လုပ်တယ်၊ ရုပ် ရှင်လည်းရိုက်တယ်။ သူရိုက်တဲ့ကားတွေက ပရိသတ်အတွက်အကျိုးရှိစေမယ့်ကားတွေ။ ဒါကကောင်းကျိုးဖြစ်မှာပဲဆိုပြီး စဉ်းစားမိတယ်။ ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားက သုဘရာဇာဇာတ်ကောင်။ ကျွန်တော့် ဆရာကြီးမင်းသိင်္ခရဲ့စာအုပ်။ သူ့ကိုလည်း ပြန်ပြီးဂါရဝပြုတဲ့အနေနဲ့ ရိုက်ချင်တယ်။ ပြောရတဲ့ဒသနတွေကလည်းအရမ်းကောင်းတယ်။ အဲဒါကြောင့်လက်ခံဖြစ်တယ်။ ဒုတိယကားက ငဘ။ လယ်သမားဆိုတာကို ပုံဖော်တာ။ အခုမျိုးဆက်သစ်ကလေးတွေဆိုရင် ကျော်သူဆိုတာကိုမမြင်ဖူးကြတော့ဘူး။ ဂျပန်ခေတ်အင်္ဂလိပ်ခေတ်က လယ်သမားဆိုတာပိုဝေးရော။ အဲဒီခေတ်ကလယ် သမားဆိုတာဘယ်လိုဖိနှိပ်ခံရတယ်၊ ဒီခေတ်လယ်သမားတွေက ဘယ်လိုလဲ။ ဘာ တွေကွာခြားသွားလဲဆိုတာ စဉ်းစားတတ်အောင် ရိုက်ကူးဖြစ်တာ။ တတိယဇာတ်ကား က ဝိညာဉ်စိမ်း။ ဒါကသရဲကားစုန်းကားမဟုတ်ဘူး။ မကျွတ်မလွတ်တဲ့လောကဆိုတာ ရှိသေးတယ်။ အခုခေတ်ဆိုရင် မကျွတ်မလွတ်တွေကပိုများတယ်။ စားဝတ်နေရေးအတွက် လောဘဒေါသတွေနဲ့ရုန်းကန်ရင်း သေရတဲ့အခါမကျွတ်မလွတ်နိုင်ဘူး။ အဲဒါကို ပညာပေးချင်လို့ ရိုက်ဖြစ်တာ။
မေး- အနုပညာလောကထဲတစ်ကျော့ပြန်ဝင်တဲ့အခါ အဓိကကွာခြားချက်တွေက ဘာတွေဖြစ်မလဲ။
ဖြေ- ပြောင်းလဲသွားတာက စက်ပစ္စည်းတွေပေါ့။ ဝမ်းလည်းသာတယ်။ စက်ပစ္စည်းတွေ ကသာ တိုးတက်အောင်မြင်လာတယ်။ အနုပညာက ဘာလို့အောက်ကျသွားလဲ။ မြန်မာနိုင်ငံကိုကြည့်ရင် အရင်ကတဲလေးတွေပဲ၊ အခုတော့မိုးမြင့်တိုက်ကြီးတွေဖြစ်နေပြီ။ ဘာလို့စိတ်ဓာတ်ကအောက်ကျသွားလဲ။ ရုပ်ရှင်လောကလည်းဒီအတိုင်းပဲ။ အဲဒါကတော့ စေတနာမပါလို့ပဲ။ ထုတ်လုပ်သူ၊ မင်းသားမင်းသမီး၊ ဒါရိုက်တာကစေတနာပါပါနဲ့လုပ်ရမယ်။ ဒါမှကြည့်တဲ့သူအတွက် တန်ဖိုးရှိမယ်။
မေး- ပရိသတ်အတွက်ပြောချင်တဲ့စကား လက်ဆောင်များရှိပါသလားရှင့်။
ဖြေ- စီးပွားရေးလောကပဲဖြစ်ဖြစ်၊ အနုပညာလောကပဲဖြစ်ဖြစ်၊ နိုင်ငံရေးလောကပဲ ဖြစ်ဖြစ် ပရဟိတစိတ်လေးတွေရှိဖို့အရေးကြီးတယ်။ အဓိကတော့ကိုယ်ချင်းစာနာစိတ်ပေါ့။ ကိုယ်ချင်းစာနာစိတ်မရှိဘဲနဲ့ လောဘ ဒေါသတွေနဲ့ဆိုရင် ကောင်းမှာမဟုတ်ဘူး။ နိုင်ငံကိုအုပ်ချုပ်တယ်ဆိုလည်း ကိုယ်ချင်းစာနာစိတ်နဲ့အုပ်ချုပ်မှ ကောင်းမယ်။ ကိုယ်ချင်းစာနာစိတ်လေးနဲ့လုပ်ကြဖို့အရေးကြီးပါတယ်။
ရေမွန်မက်ဆိုင်းဆိုင်းဆု ဆွတ်ခူးရရှိခဲ့သည့် နာရေးကူညီမှုအသင်း(ဥက္ကဌ) ဦးကျော်သူနှင့် တွေ့ဆုံခြင်း