အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ရွေးကောက်ပွဲအတွက် မန္တလေးတိုင်းဒေသကြီးအတွင်း အလှပြဖျော်ဖြေရေးယာဉ်ဖြင့် မဲဆွယ်စည်းရုံးမှုကို ယနေ့ (စက်တင်ဘာ ၈ ရက်)မှ စတင်ကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောကြားသည်။တိုင်းအဆင့် ဖျော်ဖြေရေးယာဉ်ဖြင့် မဲဆွယ်စည်းရုံးမှုကို နံနက် ၉ နာရီတွင် မန္တလေးမြို့ ၂၁ လမ်းနှင့် ၈၆ လမ်းမှ မဟာမုနိဘုရားကြီးကို ဦးတိုက်ကာ မန္တလေး ဘိုးဘိုးကြီးနတ်နန်းသို့ သွားမည့်လမ်းတစ်လျှောက် ဖြေဖျော်စည်းရုံးရေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အများစု လိုက်ပါ၍ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ထိုသို့ အလှပြဖျော်ဖြေရေးယာဉ်ဖြင့် တိုင်းအဆင့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို မဲဆွယ်စည်းရုံးရေး ကာလအတွင်း ခွင့်ပြုချက်တင်ကာ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့များသို့ သွားရောက်ကာ မဲဆွယ်စည်းရုံးသွားမည်ဖြစ်ကြောင်း ဦးတင်ထွဋ်ဦး၏ ပြောကြားချက်အရ သိရသည်။မန္တလေးတိုင်းဒေသကြီးအတွင်း မဲဆွယ်စည်းရုံးရေးအတွက် ကိုယ်စားလှယ်လောင်းများ အနေဖြင့် အစီအစဉ်အား ကော်မရှင်အား တင်ပြသည့်နေ့မှစ၍ နှစ်ရက်၊ သုံးရက်အတွင်း စတင်နိုင်မည် ဖြစ်ကြောင်းလည်း တိုင်း NLD ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောကြားသည်။“ကိုယ်စားလှယ်လောင်းတွေကတော့ အစီအစဉ်တွေဆွဲပြီး တင်ဖို့ရှိသေးတယ်ဆိုတော့ လောလောဆယ် တစ်ဦးချင်းအနေနဲ့တော့ မစနိုင်သေးဘူး” ဟု မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောကြားသည်။ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၂၈ နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၀ နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ၅၅ နေရာနှင့် ရှမ်းတိုင်းရင်းသားလူမျိုးစု လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဝင်ရောက်အရွေးခံမည်ဖြစ်ကြောင်း သိရသည်။ရွေးကောက်ပွဲအတွက် ပါတီများအနေဖြင့် စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ရက်ပေါင်း ၆၀ အတွင်း မဲဆွယ်စည်းရုံးရေးကို ပြုလုပ်ရန် ရွေးကောက်ပွဲ ကော်မရှင်မှ ခွင့်ပြုထားသည်။၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး အတွင်း၌ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၂၈ နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၀ နေရာနှင့် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် ၅၆ နေရာနှင့် ရှမ်းတိုင်းရင်းသားလူမျိုးစု လွှတ်တော်ကိုယ်စားလှယ် တစ်နေရာ ရှိမည်ဖြစ်ပြီး လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ် ၃၉၈ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ရွေးကောက်ပွဲအတွက် မန္တလေးတိုင်းအတွင်း အလှပြဖျော်ဖြေရေးယာဉ်ဖြင့် မဲဆွယ်စည်းရုံးမှု ယနေ့စတင်မည်















