ဆိုင်ပန်ကျွန်းက ပလွေဆရာ

ဆိုင်ပန်ကျွန်းက ပလွေဆရာ
Published 6 September 2015
နီမင်းဆွေ

နိုင်ငံရေးသမားကောင်းတစ်ယောက်ဖြစ်ဖို့ မရှိမဖြစ် တတ်ကျွမ်းထားသင့်တဲ့ အတတ်ပညာဟာ ဘာတွေဖြစ်လေမလဲလို့ စဉ်းစားကြည့်မိပါတယ်။ ဒီလိုစဉ်းစားနေတဲ့အချိန်မှာပဲ `ဂိုင်း ဂဘောလ်ဒွန်’ Guy Gabaldon လို့ခေါ်တဲ့ အမေရိကန်-မက္ကဆီကန် ကပြား သူရဲကောင်းစစ်သည်တစ်ဦးအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကို နောက်တစ်ခါ ပြန်ကြည့်ဖြစ်သွားပါတယ်။ အဲဒီဇာတ်ကားကတော့ ၁၉၆၀ ပြည့်နှစ်က ထွက်ပေါ်လာခဲ့တဲ့ Hell to Eternity ဆိုတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။
ရုပ်ရှင်အကြောင်းမပြောခင် ဂိုင်းရဲ့ တကယ့်လက်တွေ့ဘဝဖြစ်စဉ်အကြောင်း အရင်ပြောပြချင်ပါတယ်။ ဂိုင်းဟာ ၂၂-၃-၁၉၂၆ ရက်မှာ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မှာ မွေးဖွားခဲ့ပါတယ်။ အသက် ၁၂ နှစ်အရွယ်ရောက်တော့ လော့စ်အိန်ဂျလိစ်မှာပဲရှိတဲ့ ဂျပန်မိသားစုတစ်စုရဲ့မွေးစားခြင်းကို ခံရပါတယ်။ အဲဒီမိသားစုမှာလည်း သူနဲ့ရွယ်တူ ယောက်ျားလေးတစ်ယောက်ရှိနေတော့ သွေးသားမတော်စပ်ပေမယ့် ညီအစ်ကိုတော်လာရသူ ဂျပန်လူငယ်လေးနဲ့ အတူနေရင်းနဲ့ ဂိုင်းဟာ ဂျပန်စကားနဲ့ ဂျပန်ရိုးရာဓလေ့ ထုံးတမ်းစဉ်လာတွေကိုလည်း ကျွမ်းကျွမ်းကျင်ကျင် နားလည်လာပါတယ်။
ဒုတိယကမ္ဘာစစ်ဖြစ်ခါစအချိန် အမေရိကန်ပိုင် ဟာဝေယီကျွန်းပေါ်က ပုလဲဆိပ်ကမ်းကို ဂျပန်တွေဗုံးကြဲပြီးတဲ့နောက် လုံခြုံမှုအရကြိုတင်ကာကွယ်ထားဖို့လိုအပ်တယ်လို့ အမေရိကန်အစိုးရက ယူဆခဲ့တဲ့အတွက် ဂိုင်းရဲ့ ဂျပန်မိသားစုလေးဟာ အခုဖြစ်ပွားရတဲ့ စစ်နဲ့ပတ်သက်ပြီး အပြစ်မရှိပေမယ့် ဂျပန်လူ မျိုးတွေဖြစ်နေလို့ အရီဇိုးနားထိန်းသိမ်းရေးစခန်းမှာ အကျဉ်းချထားခံလိုက်ရပါတယ်။ မိဘတွေနဲ့ရှင်ကွဲ ကွဲသွားပြီးနောက် ဂိုင်းဟာ အသက် ၁၈ နှစ်အရွယ်မှာ အမေရိကန် မရင်းတပ်ထဲကို ဝင်ခဲ့ပါတယ်။
ဂိုင်းဟာ ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းက ဆိုင်ပန်ကျွန်းပေါ်ကို စရောက်တဲ့ညမှာပဲ စခန်းအပြင်ဘက်ကို ခိုးထွက်သွားခဲ့ပါတယ်။ ဂိုင်းပျောက်သွားတော့ စခန်းတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားတော့တာပေါ့။ မနက် ဝေလီဝေလင်းမှာ ဂိုင်းဟာ ဂျပန်နှစ်ယောက်ကို ဖမ်းခေါ်လာနိုင်ခဲ့ပေမယ့် ဂိုင်းကို ကျေးဇူးမတင်တဲ့အပြင် စည်းကမ်းဖောက်တဲ့အတွက် စခန်းမှူးက အရေးယူမယ် တကဲကဲလုပ်နေပါတယ်။ နောက်နေ့ညမှာလည်း ဂိုင်းဟာ စခန်းက ခိုးထွက်ပြန်ပါတယ်။ ဒီတစ်ခါမှာတော့ မနက်လင်းတဲ့အခါ ဂျပန်စစ်သည်နဲ့ အရပ်သား ၅၀ကြီးများ တောင်ပါလာပါတယ်။ နောက်တော့ စခန်းမှူးလည်း မရင်းစစ်သည်တွေအများကြီးနဲ့ ဝိုင်းဖမ်းတောင် ဒီလောက်များတဲ့ သုံ့ပန်းအရေအတွက်ကို မရနိုင်တာမို့ ဂိုင်းကို စခန်းအပြင်ဘက်ကို တရားဝင် ညထွက်ခွင့်ပြုလိုက်ရပါတော့တယ်။
ဂိုင်းဟာ ညညတောနက်ကြီးထဲကို ဖြတ်သန်းပြီး ဂျပန်တွေ ပုန်းအောင်းနေမယ်လို့ ထင်ရတဲ့ လိုဏ်ခေါင်းတွေ ပစ်ကတုတ်တွေထဲကို ဂျပန်လိုအော်ဝင်ပြီး စည်းရုံးခဲ့ရတာပါ။ အသက်အန္တရာယ်ကတော့ မသေးလှပါဘူး။ ဒီလိုနဲ့ ဂိုင်းဟာ ဂျပန်စစ်သည်နဲ့အရပ်သား ၁၅၀၀တို့ရဲ့အသက်ကို တိုက်ပွဲကာလအတွင်း မှာ အသက်မသေအောင် ကယ်တင်နိုင်ခဲ့တာပါ။ ဒါ့ကြောင့် စစ်မှုထမ်းတွေအတွက်ပေးတဲ့ ဒုတိယအမြင့်ဆုံး ဘွဲ့ထူးဂုဏ်ထူးဖြစ်တဲ့ နေဗီ ခရော့စ် (Navy Cross) ကို ဂိုင်း ရခဲ့တဲ့အပြင် ‘ဆိုင်ပန်ကျွန်းက ပလွေဆရာ’ Pied Piper of Hamelin ဘွဲ့ကိုလည်း ဂိုင်းရခဲ့တာဖြစ်ပါ တယ်။
ဒီနေရာမှာတော့ ‘ဟမ်မီလင်က ပလွေဆရာ’ Pied Piper of Hamelin အကြောင်းကို နည်းနည်းပြန်ပြောပြဖို့ လိုမယ်ထင်ပါ တယ်။ ၁၂၈၄ ခုနှစ်မှာ ဂျာမနီက ‘ဟန်မီလင်’ ဆိုတဲ့မြို့လေးတစ်မြို့မှာ ကြွက်တွေ သောင်း ကျန်းလွန်းလို့ မြို့သူမြို့သားတွေအတော့်ကို ဒုက္ခရောက်နေကြပါတယ်။ တစ်ရက်တော့ အဲဒီမြို့လေးကို အရပ်ရှည်ရှည် ပိန်ပိန်လူတစ်ယောက် ရွှေရောင်ပလွေကိုကိုင်ပြီး ရောက်လာပါတယ်။ မြို့ခံလူကြီးတွေကို အသပြာတစ်ထောင်ပေးရင် ကြွက်အန္တရာယ်ကို နှိမ်နင်းပေးမယ်လို့ သူက ကမ်းလှမ်းပါတယ်။ မြို့မိမြို့ဖတွေက အသပြာတစ်ထောင် မဟုတ်ပါဘူး ငါးထောင်တောင်ပေးမယ်ပြောလို့ သဘောတူလိုက်ကြပါတယ်။
ညရောက်တော့ ပလွေဆရာက ဟမ်မီလင် ရဲ့ လမ်းမတွေပေါ်မှာ ဖြည်းဖြည်းလေး လမ်းလျှောက်ပြီး ပလွေကိုမှုတ်ပါတယ်။ ကြွက်တွေ ပလွေဆရာနောက်က အကုန်လိုက်ကြပါတယ်။ ပလွေဆရာက ‘ဗ့ဇာ’ မြစ်ကြီးထဲကို သူ့ရင်ခေါင်းလောက်ထိ မြုပ်အောင် ဖြည်းဖြည်းချင်း လမ်းလျှောက်သွားရင်း ပလွေမှုတ်ပြီး ခေါ်သွားတော့ ကြွက်တွေရေစီးနဲ့ မျောပါပြီး ရေနစ်သေကုန်ကြပါတယ်။
ဒါပေမဲ့ နောက်နေ့မနက်ရောက်တော့ မြို့ခံလူကြီးတွေက ပလွေဆရာကို အသပြာတစ်ပြားတောင်မပေးခဲ့ကြပါဘူး။ အဲဒီညမှာ ပလွေဆရာဟာ ဟမ်မီလင်ရဲ့လမ်းမတွေပေါ်မှာ ပလွေကိုမှုတ်ပြန်ပါတယ်။ ဒီတစ်ခါမှုတ်တဲ့ပလွေသံကိုတော့ ကလေးတွေသာ ကြားနိုင်တော့တာကိုး။ တစ်မြို့လုံးမှာရှိတဲ့ ကလေးတွေက သူ့နောက်ကို တန်းစီလိုက်လာတဲ့အခါ ပလွေဆရာက ကလေးတွေကို မြို့နဲ့အတော်အသင့်ဝေးတဲ့ တောင်ခြေတစ်ခုဆီကို ခေါ်သွားပါတယ်။ နောက် ပလွေဆရာက ပလွေကိုအသံပြင်းပြင်းနဲ့မှုတ်လိုက်တဲ့အခါ ဂူဝတစ်ခုရဲ့ တံခါးကြီးပွင့်သွားပါတယ်။ ပလွေဆရာဟာ ကလေးတွေကိုသူနဲ့အတူ ဂူထဲခေါ်သွင်းလို့ အထဲကိုအကုန်ရောက်သွားပြီးတဲ့အခါ တောင်ပေါ်က မြေကြီးတွေ ပြိုကျလာပြီး ဂူတံခါးဝလည်း လုံးဝပိတ်သွားပါတော့တယ်။ အဲဒီအထဲမှာ ခြေကျိုးနေတဲ့ကလေးတစ်ယောက်သာ ချိုင်းထောက်တစ်ဖက်နဲ့မို့ နောက်ကနေ မီအောင် မလိုက်နိုင်တော့တဲ့အတွက် အပြင်မှာ ကျန်သွားခဲ့ပါတယ်။ သူပြန်လာပြီး အကျိုးအကြောင်းပြန်ပြောပြလို့ ဖြစ်ကြောင်းကုန်စင်ကို မြို့သူမြို့သားတွေ သိကြရပါတယ်။ ဒါပေမဲ့ ဂူတံခါးကတော့ မြို့သူမြို့သားတွေ ဘယ်လို ကြိုးစားပြီးဖွင့်ဖွင့် ပြန်ပွင့်မလာတော့ပါဘူး။
ဒါ့ကြောင့် လူတွေအပါအဝင် သတ္တဝါတွေကို သွေးဆောင်စည်းရုံးနိုင်စွမ်းရှိတဲ့သူကို ပလွေဆရာလို့ လူတွေ တင်စားခေါ်ဆို လာရာက ဂိုင်းဟာလည်း ‘ဆိုင်ပန်ကျွန်းက ပလွေဆရာ’ ဘွဲ့ကို ရလာခဲ့တာပဲ ဖြစ်ပါတယ်။
ရုပ်ရှင်ဇာတ်လမ်းကတော့ တကယ့်ဖြစ်စဉ်နဲ့ နည်းနည်းကွဲလွဲမှုရှိပေမယ့် ပရိသတ် စိတ်ဝင်စားအောင်တော့ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ပရိသတ်တွေ သတိရနေတဲ့ ရုပ်ရှင်ထဲက အခန်းတစ်ခန်းရှိပါတယ်။ အဲဒီအခန်းက တော့ ဆိုင်ပန်ကျွန်းပေါ်ကို ဂိုင်း ရောက်လာပြီး မကြာခင် မတ်စောက်လှတဲ့ ချောက်ကမ်းပါးတစ်ခုရဲ့ထိပ်မှာ အမေနဲ့ ညီလေးကို ပြန်လည်ဆုံတွေ့လိုက်ရတဲ့အခန်းပဲ ဖြစ်ပါတယ်။ ‘ အဖမ်းခံရရင် အမေရိကန်တွေ နှိပ်စက် မုဒိမ်းကျင့်ပြီး သတ်ပစ်တာခံရမယ်’ လို့ ဂျပန်တပ်မတော်က နားသွင်းထားတဲ့အတွက် စစ်ရှုံးတော့မယ်ဆိုတာ သေချာတဲ့အချိန်မှာ၊ ဆိုင်ပန်ကျွန်းပေါ်က ဂျပန်စစ်သည်နဲ့ အရပ်သားတွေဟာ ရာနဲ့ချီပြီး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့ကြပါတယ်။ ပေတစ်ထောင်လောက်မြင့်တဲ့ ချောက်ကမ်းပါးပေါ်ကနေ ကလေးတွေနဲ့ အမျိုးသမီးတွေကို ဟိုအောက်ထဲက သန္တာကျောက်ဆောင်တွေပေါ်အရင်ပစ်ချ၊ နောက်မှ ယောက်ျားတွေက လိုက်ခုန်ချကြနဲ့ အစုလိုက်အပြုံလိုက် ခုန်ချကြတာတွေရှိသလို တစ်ယောက်ချင်း နှစ်ယောက်ချင်း ခုန်ချကြတာတွေလည်းရှိခဲ့ပါတယ်။  
အမေနဲ့ ညီလေးကို အဲဒီချောက်ကမ်းပါးအစွန်းမှာ ဂိုင်းတွေ့လိုက်ရပြီး သူတို့နှစ်ဦးကို ကြည့်ရတာဟာ ချောက်ထဲကိုခုန်ချတော့မယ့် ပုံ ဖြစ်နေလို့ ‘အမေ ခုန်မချနဲ့ ကျွန်တော်လာ ပြီ’ လို့ပြောလိုက်တဲ့ တစ်ချိန်တည်းမှာပဲ အမေနဲ့ ညီလေးတို့ဟာ တစ်ယောက်လက်တစ်ယောက် ဆုပ်ကိုင်ပြီး ချောက်ထဲကို ခုန်ချသွားကြပါတော့တယ်။ ဒီပြကွက်လေးဟာ ကမ္ဘာ့ရုပ်ရှင်ကြည့်ပရိသတ်ရဲ့ရင်ထဲမှာ အခုအချိန်ထိ တွယ်ငြိပြီး ခံစားရဆဲဖြစ်ပါတယ်။ အမေနဲ့ညီလေး ချောက်ထဲခုန်ချသွားတော့ ဂိုင်းဟာ မိုက်ခနဲဖြစ်သွားခဲ့ရှာပါတယ်။
ဒါပေမဲ့ တကယ်ခုန်ချသွားသူနှစ်ဦးဟာ ဂိုင်းရဲ့ဂျပန်မိခင်နဲ့ညီလေးစစ်စစ်တော့ မဟုတ်ကြပါဘူး။ အမေနဲ့ညီလေးရဲ့မျက်နှာကိုမမြင်ရတာ သုံးနှစ်တောင်ရှိသွားပြီဖြစ်လို့ စိတ်ထဲမှာစွဲလမ်းနေတာကတစ်ကြောင်းမို့ ဆိုင်ပန်ကျွန်းပေါ်က ဂျပန်သားအမိနှစ်ယောက်ကို သူ့အမေနဲ့သူ့ညီလေးလို့ ထင်သွားခဲ့တာဖြစ်ပါတယ်။ ဒါကတော့ ရုပ်ရှင်ထဲက ပလွေဆရာတစ်ယောက်ရဲ့ အတွေ့အကြုံအကြောင်းဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ကိုယ့်နိုင်ငံက ပလွေဆရာတွေအကြောင်း ပြောပြချင်ပါတယ်။
တကယ်တော့ နိုင်ငံရေးသမားကောင်းတစ်ဦးဖြစ်ဖို့ဆိုတဲ့နေရာမှာ လူတွေကို ယုံကြည်အောင် ပြောဆိုစည်းရုံးနိုင်တဲ့ အတတ်ပညာမျိုးကို ဂိုင်းလို မတတ်ဘဲနဲ့တော့ ဘယ်လိုမှဖြစ်မလာနိုင်ပါဘူး။ အခုကိုယ်တို့နိုင်ငံက ပြည်သူတွေ ပလွေသံတွေကိုနားထောင်ကြရမယ့် အချိန်ရာသီကိုရောက်လို့လာပါပြီ။ ပလွေဆရာတွေကတော့ အတတ်နိုင်ဆုံးကြိုးစားပြီး အင်မတန်မှငြိမ့်ညောင်းသာယာတဲ့ အသံတွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်ကြတော့မှာပဲ ဖြစ်တယ်။
ဒီနေရာမှာ အရေးကြီးတာက သာယာငြိမ့်ညောင်းတဲ့ ပလွေသံနောက်ကို ဘာသောညာသောစဉ်းစားမနေဘဲ ကောက်ကာငင်ကာ လိုက်မသွားမိကြဖို့ပါပဲ။ ပလွေသံရဲ့ချိုသာမှုကို ဦးစားပေးနားထောင်မယ့်အစား ပလွေ ဆရာရဲ့အဇ္ဈတ္တသန္တာန်၊ သူ့ရဲ့ရိုးသားမှု၊ အသိဉာဏ်ထက်မြက်မှု၊ စွမ်းဆောင်နိုင်မှု၊ စွန့်လွှတ်အနစ်နာခံမှုနဲ့ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးအပေါ် အကျိုးပြုနိုင်မယ့် အရည်အချင်း အစစ်အမှန်တွေရှိမရှိဆိုတာကို မြင်အောင် ကြည့်ပြီးမှ ကိုယ်လိုက်သွားသင့်တဲ့ ပလွေဆရာကို မှန်ကန်အောင်ရွေးချယ်နိုင်ဖို့ အင်မတန်မှ အရေးကြီးလှပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပလွေဆရာတွေဟာ ကိုယ်တို့တစ်တွေကို ချမ်းမြေ့သာယာစေနိုင်မယ့် အရပ်ဒေသတစ်ခုဆီကို ခေါ်ဆောင်သွားနိုင်မယ့်လူတေဖြစ်နိုင်ကြသလို အင်မတန်မှနက်ပြီး ရေစီးသန်လှတဲ့ ‘ဗေ့ဇာ’ မြစ်ကြီးထဲကို ခေါ်ဆောင်သွားမယ့် လူတွေလည်း ဖြစ်လာနိုင်ကြသေးလို့ပါပဲ။

Most Read

Most Recent