ရွေးကောက်ပွဲအပြီး ဘာတွေဖြစ်လာမလဲ (၂)

ရွေးကောက်ပွဲအပြီး ဘာတွေဖြစ်လာမလဲ (၂)
Published 6 September 2015
ချစ်ဝင်းမောင်

ပွဲတစ်ပွဲတွင် မိတ်ဆွေလုပ်ငန်းရှင်တစ်ဦးနှင့်တွေ့သည်။ တွေ့တွေ့ချင်း “အခြေအနေတွေ ဘယ်လိုလဲဗျ၊ ဘာတွေထူးသေးလဲ” ဟု လှမ်းမေးသည်။ ရွေးကောက်ပွဲ နီးကပ်လာပြီဖြစ်သော ယခုအချိန်မှာ နိုင်ငံရေးအလှုပ် အခတ်တွေလည်းရှိလာတော့ သူက လက်ရှိ တိုင်းပြည်အခြေအနေကို မေးခြင်းဖြစ်သည်။ “အခြေအနေတွေကတော့ ကြားတဲ့အတိုင်းပဲ။ ဘာဖြစ်လာမယ်ဆိုတာတော့ ကျွန်တော်တော့ မခန့်မှန်းတတ်ပါဘူးဗျာ” ဟု ပြန်ဖြေလိုက်သည်။ “လက်ရှိသူတို့ဆင်ထားတဲ့အတိုင်း ဖြစ်လာရင်တော့ ကိစ္စမရှိဘူး။ အဲဒီအတိုင်းဖြစ်မလာရင်တော့ စိုးရိမ်စရာကောင်းတယ်” သူ့ဆီက ကြားရသောစကားဖြစ်သည်။
စီးပွားရေးလုပ်ငန်းရှင်တွေက ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမည့် နိုင်ငံရေးအခင်းအကျင်းကို သိလိုကြသည်။ ကောင်းလာမလား။ ဆိုးသွားမလား။ ကောင်းလာလျှင် ကိစ္စမရှိ။ ဆိုးလာလျှင် သူတို့အတွက် ပြဿနာ ဖြစ်သည်။ နိုင်ငံရေးအခင်းအကျင်းက လောလောဆယ်မှာ တကယ်ပဲခန့်မှန်းရခက်နေသေးသည်။ သူရဦးရွှေမန်းအား အာဏာရ ပါတီအကြီးအကဲအဖြစ်မှ ရုတ်တရက်ဖယ်ရှားလိုက်ခြင်းမှာ ခန့်မှန်းရခက်သော အနာဂတ် မြန်မာ့နိုင်ငံရေးကို အချက်ပြလိုက်ခြင်းဖြစ်သည်။ မိတ်ဆွေစိုးရိမ်နေသည်မှာ လတ်တလော ရာထူးအပြောင်းအရွှေ့များ (စစ်ဗိုလ်ချုပ်ကြီးများအား အငြိမ်းစားယူစေ၍ ပါတီတွင် နေရာပေးခြင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား ရာထူးမှနှုတ်ထွက်စေ၍ အာဏာရပါတီမှတစ်ဆင့် ရွေးကောက်ပွဲဝင်ရန် စီစဉ် ခြင်း ဝန်ကြီးချုပ်အချို့အား ရာထူးနုတ်ထွက်စေပြီး လာမည့်ရွေးကောက်ပွဲအတွက် ပြင်ဆင်စေခြင်း) စသည့် အစိုးရနှင့် တပ်မတော်ဘက်မှ  ရွေးကောက်ပွဲအတွက် အစီအမံများ ချမှတ်လာနေသည့်ကိစ္စဖြစ်သည်။
“သူတို့မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာရင် ကိစ္စမရှိဘူး။ အဲဒီအတိုင်းဖြစ်မလာရင် စိုးရိမ်စရာပဲ” အစိုးရ၊ တပ်မတော်နှင့်အာဏာရပါတီမှာ လက်ရှိအခြေအနေတွင် တစ်ဂိုဏ်းတည်းသားတွေဖြစ်သည်။ တပ်မတော်တွင် အမြင့်ဆုံးရာထူးရယူထားသည့် ဗိုလ်ချုပ်များ ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်လာပြီး လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံကြတော့မည်ဖြစ်သည်။ အလားတူလက်ရှိ အစိုးရအဖွဲ့ဝင်ဝန်ကြီးအချို့လည်း ပြည်ခိုင် ဖြိုးပါတီမှ ရွေးကောက်ပွဲဝင်ရန် မဲဆန္ဒနယ်များပင်သတ်မှတ်ထားပြီးပြီ။ ရန်ကုန်တိုင်းဒေသကြီးမှအပ ကျန်ပြည်နယ်/တိုင်းဒေသကြီး ဝန်ကြီးချုပ်များလည်း ပြန်လည်ရွေးကောက်ခံကြမည်ဟု သိရသည်။ ရိုးရှင်းသော အစီအမံမှာ လာမည့်ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီကပင် အများစုအနိုင်ရပြီး ပါတီဝင်ဖြစ်လာသော ဗိုလ်ချုပ်များ၊ ဝန်ကြီးချုပ်ဟောင်းများ၊ ဝန်ကြီးဟောင်းများကပင် အစိုးရအဖွဲ့သစ်ကို ထပ်မံဖွဲ့စည်းပြီး မူလအတိုင်း အခြေမပျက် ရှေ့ဆက်ရန်ဖြစ်သည်။ ထိုကစားကွက်အတိုင်း အမှန်တကယ်ဖြစ်လာပါက ပြဿနာမရှိပါ။
ထိုအစီအမံအတိုင်းဖြစ်မလာခဲ့သော် ...။ ဒု-သမ္မတအပါအဝင်ရွေးကောက်ခံကြမည့် အစိုးရအဖွဲ့ဝင်ဟောင်းများ၊ စစ်ဗိုလ်ချုပ်များ လာမည့်ရွေးကောက်ပွဲတွင် အနိုင်မရဘဲ ရှုံးနိမ့်သွားခဲ့သော်...။ ဘာတွေဖြစ်လာ မလဲ...ဆိုတာကို မိတ်ဆွေစီးပွားရေးလုပ်ငန်းရှင်က စိုးရိမ်နေခြင်းဖြစ်သည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအမှန်တကယ်ဖြစ်ခဲ့လျှင် ပြည်သူလူထုမဲဆန္ဒဖြင့် ပေါ်ထွက်လာသည့် ယှဉ်ပြိုင်မှုရလဒ်ကို ငြင်းပယ် ၍ မရတော့ပါ။ ဗိုလ်ချုပ်ဟောင်းပဲဖြစ်ဖြစ်၊ ဝန်ကြီးဟောင်းပဲဖြစ်ဖြစ် ထွက်ပေါ်လာသော ရလဒ်ကို လက်ခံရတော့မည်။ စိုးရိမ်စရာမှာ တစ်လျှောက်လုံး အာဏာကို ကိုင်တွယ်သုံးစွဲခွင့်ရလာသည့် ပုဂ္ဂိုလ်များ ရုတ်ခြည်းအာဏာလက်မဲ့ဘဝသို့ ရောက်သွားလျှင် ဘယ်လိုဖြစ်မလဲ။ ထိုရလဒ်ကို အလွယ်တကူ လက်ခံကြ မည်လား။ ထိုပုဂ္ဂိုလ်များအတွက်တော့ ယခုလာမည့်ရွေးကောက်ပွဲမှာ “အလျော်အစား ကြီး”သော ရွေးကောက်ပွဲတစ်ခုဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲတုန်းကတာ့ ပြဿနာမရှိပါ။ ထိုစဉ်က အင်အားကြီးပြိုင်ဘက်မရှိခဲ့သလို အားလုံး ဆင်ထားသည့်အတွက်ထဲ ဝင်ခဲ့သည်။ ရွေးကောက်ခံဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးသိန်းစိန်က သမ္မတဖြစ် လာသည်။ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာ သည်။ ရွေးကောက်ခံ ပြည်ခိုင်ဖြိုးအမတ် အများစုဖြင့် သမ္မတဦးသိန်းစိန်က အစိုးရအဖွဲ့သစ်ဖွဲ့ခဲ့သည်။ ယခုတစ်ကြိမ်ရွေးကောက် ပွဲမှာလည်း စီမံသူ Kingmaker က လွှတ်တော်၊ အစိုးရအဖွဲ့၊ ဥပဒေပြုအဖွဲ့၊ ပြည်နယ်/တိုင်းဒေသကြီး ဝန်ကြီးချုပ်အားလုံးကို လျာထားသတ်မှတ်ပြီး ဖြစ်ကောင်းဖြစ်နိုင်သည်။ မြန်မာပြည်နိုင်ငံရေးက မှန်းဆရခက်လှ သည်။ သူရဦးရွှေမန်း ရာထူးမှ ရုတ်တရက် ဖယ်ရှားခံလိုက်ရသည့်ဖြစ်စဉ်ကို ကြည့်လျှင် သိသာသည်။
ပြည်ခိုင်ဖြိုးပါတီက သူတို့မျှော်မှန်းထားသလို ဖြစ်မလာလျှင် မိတ်ဆွေလုပ်ငန်းရှင် စိုးရိမ်သလို စိုးရိမ်စရာတွေရှိလာသည်။ ယခုချိန်တွင် ရွေးကောက်ပွဲရလဒ်ကို လေးစားပါမည်ဟု နှုတ်ကတိစကားများ ကြားနေရသော်လည်း ပြည်သူများက ၁၉၉၀ ရွေးကောက်ပွဲဖြစ်စဉ်ကို မမေ့ကြသေး။ နိုင်ငံရေးက ညစ် ပတ်တတ်သည့် သဘာဝရှိသည်။ Trick တွေ များလှသည်။
ဒါကမှန်းဆချက်တစ်ခုမျှသာဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီက သူတို့မျှော်မှန်းထားသည့် ရလဒ်အတိုင်းလည်း ထွက်ပေါ်နိုင်သည်။ ဒါမှမဟုတ် လွှတ်တော်အမတ်တစ်ဦးမှန်းဆခဲ့သလို ၂၆ ရာခိုင်နှုန်းရရုံဖြင့်လည်း မျှော်လင့် ထားသလို အစိုးရဖွဲ့နိုင်မည့် အခြေအနေလည်းရှိသည်။ အတိုက်အခံပါတီများဘက်ကတာ့ Chane (ပြောင်းလဲရမည်) ဆို သော ကြွေးကြော်သံကိုကြွေးကြော်နေသည်။ ပါတီအားလုံး ကိုယ့်အိပ်မက်နှင့်ကိုယ်ပဲဖြစ် သည်။ အဖြေမထွက်သေးပါ။ နိုဝင်ဘာ ၈ ရက်လွန်မှ အဖြေသိရမည်။
ကျွန်တော်တို့ စိုးရိမ်နေသည်မှာ “ပြောင်းလဲလိုသူများ” နှင့် “မပြောင်းမလဲနေလိုသူများ” အကြားဖြစ်ပေါ်လာနိုင်သည့် ပွတ်တိုက်မှုများပဲဖြစ်သည်။ အတိုက်အခံပါတီကြီး NLD ဘက်မှ  လာမည့်ရွေးကောက်ပွဲတွင် အင်အားနည်းစွာ အနိုင်ရခဲ့ပါက သူတို့အတွက် ပြဿနာ မရှိ။ အစိုးရဖွဲ့နိုင်လောက်သည့် ကိုယ်စားလှယ်အရေအတွက် အပြည့်အဝရရှိလာခဲ့လျှင် တစ်ဖက်အသင်းက ညစ်ပတ်စွာ ကစားလာမည့် အခြေအနေကိုလည်း ထည့်တွက်ဖို့လိုသည်။
အခြားယူဆချက်တစ်ခုကတော့ မည်သူကမျှ လုံလောက်သော ကိုယ်စားလှယ် အရေအတွက်မရဘဲ ပါတီများပူးပေါင်းရမည့် “ညွန့်ပေါင်း” အခြေအနေဖြစ်သည်။ လတ်တလောနိုင်ငံရေးအခင်းအကျင်းများအရ ဤ အခြေအနေမှာ “ဖြစ်နိုင်ခြေ” ရှိသော အခြေအနေဖြစ်သည်။ သို့သော် နိုင်ငံရေးမှန်းဆချက်တစ်ခုမှာ “တပ်အပ်သေချာ” တာ ဘာမျှ မရှိပါ။ A ဖြစ်နိုင်သလို B ဖြစ်နိုင်သည်၊ C လည်း ဖြစ်နိုင်သည်။ A.B.C မဟုတ်သည့် D လည်း ဖြစ်နိုင်သေးသည်။
သေချာသည်မှာ နှစ်ပေါင်းများစွာခါးစည်းခံနေရသော အာဏာရှင်စနစ်အောက်မှ ပြည်သူတွေ ရုန်းထွက်လိုလှပြီ။ ဒီလူ၊ ဒီမျက်နှာ၊ ဒီစနစ်မျိုးကို ထပ်ခါတလဲလဲ မမြင်လိုကြတော့ပါ။ ပြည်သူလူထုသည် အပြောင်းအလဲ တစ်ရပ်ကို အာသာငမ်းငမ်းတောင့်တနေကြပြီ။ မည်သည့်မက်လုံး၊ ဆွယ်လုံးကိုမျှ ပြည်သူတွေ စိတ်ဝင်မစားကြတော့ပါ။ ပြည်သူတွေမှာ အငုံ့စိတ်တွေ၊ ခံပြင်းမှုတွေ ကိန်းအောင်းနေကြသည်။ လာမည့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ ပြည်သူလူထု၏ ဆန္ဒအစစ်အမှန်ကို မြင်တွေ့ရမည့် သမိုင်းဝင်ရွေး ကောက်ပွဲဟု ဆိုပါရစေ...။

Most Read

Most Recent