တိုင်းရင်းသားများနှင့် ယှဉ်ပြိုင်၍ အခွင့်အရေးများကို လုယူချင်သောကြောင့် မဟုတ်ဘဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် အများစုနိုင်မှသာ ဗဟိုအစိုးရကို ပြောင်းလဲနိုင်မည့် အခွင့်အရေး ရမည်ဖြစ်သဖြင့် တိုင်းရင်းသား ဒေသများတွင် ယှဉ်ပြိုင်ရခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့သို့ စက်တင်ဘာ ၅ ရက်က ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် နေရာတိုင်းတွင် အဖွဲ့ခွဲများ ဖွင့်လှစ်၍ အဖွဲ့ဝင်များ စုဆောင်းကာ လှုပ်ရှားလျက်ရှိကြောင်း၊ ထိုသို့ လုပ်ဆောင်ရခြင်းမှာ မိမိတို့နိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံနှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု ဖြစ်ကြောင်း၊ တိုင်းရင်းသားများ အားလုံးသည် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား အချို့သူများက ဗမာပါတီဟု ပြော ဆိုနေခြင်းအား လက်မခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။“ကျွန်မတို့ရဲ့ ပါတီဟာ စပြီးဖွဲ့စည်းစဉ်ကတည်းက တိုင်းရင်းသားတွေ တော်တော်များများ ပါတဲ့ပါတီပါ။ ၁၉၉၀ ရွေးကောက်ပွဲမှာ ဆိုလို့ရှိရင် ကျွန်မတို့အဖွဲ့ချုပ်ဟာ တခြားနိုင်ငံရေး ပါတီတွေ အားလုံးထက်စာလို့ ရှိရင် တိုင်းရင်းသား ကိုယ်စားလှယ် အများဆုံး အရွေးချယ်ခံခဲ့ရတဲ့ ပါတီပါ။ ကျွန်မတို့က တိုင်းရင်းသားတွေနဲ့ ယှဉ်ပြိုင်ချင်လို့ မဟုတ်ဘူး။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို လုချင်လို့လည်း မဟုတ်ဘူး။ ဒါပေမဲ့ လက်တွေ့ ကျကျ ပြောလို့ရှိရင် ဒီနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲ လုပ်ဖို့ဆိုရင် ဗဟိုအစိုးရကို ပြောင်းဖို့လိုတယ်။ ဗဟိုအစိုးရကို ပြောင်းဖို့ဆိုရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲမှာ အများစု အနိုင်ရဖို့ လိုတယ်။ အဲ ဒီလို အများစု အနိုင်ရမှ ကျွန်မတို့ဟာ အစိုးရကို ပြောင်းနိုင်တဲ့ အခွင့်အရေးရမှာ။ ကျွန်မတို့က ပွင့်ပွင့်လင်းလင်း ပြောတယ်။ အစိုးရ အပြောင်းအလဲ လုပ်ကိုလုပ်ရမယ်။ မလုပ်လို့ ရှိရင် ကျွန်မတို့ နိုင်ငံကို ပြောင်းလဲလို့မရဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ထို့ပြင် တိုင်းရင်းသား ဒေသများတွင် ဝင်ပြိုင်ရခြင်းအား မည်သည့်အတွက်ကြောင့် တိုင်းရင်းသားများနှင့် မပူးပေါင်းလိုကြောင်းကို မေးမြန်းမှုများ ရှိသော်လည်း အမှန်မှာ တိုင်းရင်းသားများနှင့် မပူးပေါင်းလို၍ မဟုတ်ဘဲ ပူးပေါင်းလို၍ ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။“ကျွန်မတို့ဟာ နေရာတိုင်းမှာ တတ်နိုင်သမျှ၊ နေရာတိုင်းတော့ မဟုတ်ပါဘူး။ တချို့နေရာတွေမှာ ကျွန်မတို့ အရွေးချယ်မခံတဲ့ နေရာတွေ ရှိပါတယ်။ ဒါပေမဲ့ ပြည်နယ်တွေတိုင်း၊ တိုင်းတိုင်းမှာဝင်ပြီးတော့ အရွေးချယ် ခံရတာဟာ ဗဟိုမှာ ကျွန်မတို့ အစိုးရ ဖြစ်နိုင်ဖို့အတွက် အရွေးခံရတာပါ။ ဒါဖြင့် ကျွန်မ ရှင်းရှင်းပဲ ပြောပါမယ်။ ဗဟိုမှာ ဒီမိုကရေစီ မရှိဘဲနဲ့ ဘယ်လိုလုပ် ပြည်နယ်တွေမှာ ဒီမိုကရေစီ ရှိနိုင်မလဲဆိုတာ စဉ်းစားကြပါတယ်။ ဗဟိုမှာ ဒီမိုကရေစီ ရှိအောင် လုပ်နိုင်မှ ပြည်နယ်တွေမှာ ဒီမိုကရေစီ ရနိုင်မှာပါ။ ကျွန်မတို့က ဖက်ဒရယ် ဒီမိုကရေစီ လမ်းကြောင်းကို သွားမှာပါ။ ဒါကျွန်မတို့ ပေးထားတဲ့ကတိ ဖြစ်တယ်။ ကျွန်မတို့ ဖျက်မှာမဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။နိုင်ငံ၏ စနစ်အား ပြောင်းလဲပြီး ဒီမိုကရေစီ နိုင်ငံဖြစ်ရန်အတွက် ခပ်တိုတို ပြောရပါက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် အစိုးရဖြစ်မှ ဖြစ်နိုင်မည် ဖြစ်ကြောင်း၊ အစိုးရ ဖြစ်နိုင်ရန်အတွက် ပြည်ထောင်စု လွှတ်တော် တွင် မိမိတို့က ပြတ်ပြတ်သားသား အများစု ရရန်လိုအပ်ကြောင်း၊ ပြည်ထောင်စု လွှတ်တော်တွင် မိမိတို့နိုင်ငံကို တိုးတက်ချမ်းသာရန်၊ ညီညွတ်ရန်နှင့် ပိုမိုဖွံ့ဖြိုးရန်အတွက် ဥပဒေများ ပြဋ္ဌာန်းချင်ပါက နေရာအများအပြား ရရှိရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။“တချို့ဟာဆိုလို့ရှိရင် တိုင်းရင်းသား အဖွဲ့အစည်းတွေ ရှိတဲ့နေရာမှာ လာပြီးတော့ ယှဉ်ပြိုင်ရကောင်းလားဆိုပြီး မကျေနပ်တာ ရှိတယ်။ ဒါပေမဲ့ ကျွန်မတို့ မယှဉ်ပြိုင်လို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ တခြားပါတီ ကြီးကလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကလည်း ယှဉ်ပြိုင်နေတာပဲ။ ကျွန်မတို့အဓိက ဗဟိုမှာယှဉ်ပြိုင်ရမှာက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ယှဉ်ပြိုင်ရမှာ။ ဒီပါတီ ယှဉ်ပြိုင်တဲ့နေရာ ကျွန်မတို့ယှဉ်ပြိုင်တာ။ တိုင်း ရင်းသားများ အနေနဲ့ နားလည်မှု ရှိပါတယ်။ ရေတိုကို မကြည့်ပါနဲ့။ ရေရှည်ကို ကြည့်ပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ၎င်းနှင့်မဟာမိတ်ဟု ယူဆရသည့် တိုင်းရင်းသားပါတီများ စည်းရုံးလှုပ်ရှားသည့် ပြည်နယ်များတွင် ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မှုအပေါ် ဝေဖန်မှုများ ရှိခဲ့သည်။
တိုင်းရင်းသားများနှင့် ယှဉ်ပြိုင်၍ အခွင့်အရေးများကို လုယူချင်သောကြောင့် မဟုတ်ဘဲ NLD အများစုနိုင်မှသာ ဗဟိုအစိုးရကို ပြောင်းနိုင်မည့် အခွင့်အရေး ရမည်ဖြစ်သဖြင့် တိုင်းရင်းသား ဒေသများတွင် ယှဉ်ပြိုင်ရခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား















