မတရားအသင်း ဆက်သွယ်မှု၊ မှတ်ပုံတင် မမှန်ကန်မှုတို့ဖြင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်မှ ပယ်ချခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ်လောင်း လေးဦး အယူခံ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ပြန်လည်လက်ခံ

မတရားအသင်း ဆက်သွယ်မှု၊ မှတ်ပုံတင် မမှန်ကန်မှုတို့ဖြင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်မှ ပယ်ချခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ်လောင်း လေးဦး အယူခံ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ပြန်လည်လက်ခံ
Published 5 September 2015

မတရားအသင်းဆက်သွယ်မှု၊ မှတ်ပုံတင် မမှန်ကန်မှုတို့ဖြင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်မှ ပယ်ချခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ်လောင်း လေးဦးအယူခံ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ပြန်လည်လက်ခံခဲ့ကြောင်း၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ကွန်းက ပြောကြားသည်။ 
 
ခရိုင်ရွေးကောက်ပွဲကော်မရှင်မှ ပယ်ချခြင်းခံရသူ လေးဦးအနက် သုံးဦးမှာ တနိုင်းမဲဆန္ဒနယ်များမှဖြစ်ပြီး မတရားအသင်း ဆက်သွယ်မှုဟု လူသိများသော ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ(၁၀) (ဒရင်မုတ်) ဖြင့် ခရိုင်ကော်မရှင်မှ ပယ်ချခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ ပယ်ချရာတွင် NLD ပါတီမှ တနိုင်းမဲဆန္ဒနယ် အမှတ် (၄) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး၊ မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦး၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)မှ တနိုင်းမဲဆန္ဒနယ် အမှတ် (၄)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးမှာ မတရားအသင်း ဆက်သွယ်မှုဖြင့် ပယ်ချခံရခြင်းဖြစ်ပြီး NDF ပါတီမှ နောင်မွန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးမှာ မှတ်ပုံတင်အမှန်၊ အမှားကိစ္စဖြင့် ပယ်ချခြင်းခံရခြင်းဖြစ်ပြီး ပြည်နယ်ရွေးကောက်ပွဲကော်မရှင်တွင် အယူခံတင်သွင်းရာတွင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ ပြန်လည်လက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
တနိုင်းမဲဆန္ဒနယ်မှ ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအချို့ကို အစိုးရအရာရှိများက တားမြစ်မှုများရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ကာယကံရှင်များမှာ ခရီးလွန်နေကြသဖြင့် ဆက်သွယ်၍ မရခဲ့ပေ။
 
ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ကွန်းက “ကျွန်တော်တို့ ကတက်လာတဲ့ အချက်တွေကို ယူတယ် ။ဌာနတာဝန်ရှိသူတွေကိုလည်း ခေါ်သင့်သူတွေကိုလည်း ခေါ်တယ်။ အချက်အလက်တွေ အားလုံးရမှ အဖွဲ့ဝင်တွေ အားလုံး စုစည်းဆုံးဖြတ်ပြီး ခိုင်လုံတဲ့ အထောက်အထားအရ ကိုယ်စားလှယ်လောင်းအဖြစ် ပြန်လည်လက်ခံလိုက်တာပါ။ ကျွန်တော်တို့ စစ်ဆေးချက်တွေလည်း အဖွဲ့အစည်းအလိုက် အင်္ဂလိပ်ခေတ်ကတည်း က မှတ်တမ်းတွေပါ ပါတယ်။ သုံးဦးကို မတရားအသင်း ဆက်သွယ်မှုနှင့် ခရိုင်က ပယ်လို့ အယူခံဝင်တာဖြစ်ပြီး နောင်မွန်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကတော့ မှတ်ပုံတင် လိမ်ညာတင်မှုနဲ့ ခရိုင်က ပယ်တာ။ ဒီမှာစစ်ဆေးတော့ လဝကဌာနရဲ့ ချို့ယွင်းချက် ဖြစ်နေတယ်။ မှတ်ပုံတင်နံပါတ်ပါ တူနေတာပါ။ ဒီမှာအားလုံးကို စစ်ကြည့်တော့ ဌာနရဲ့ ချို့ယွင်းချက်ဖြစ်ပြီး ကာယကံရှင်ရဲ့ ချို့ယွင်းချက် မဟုတ်လို့ ပြန်လက်ခံလိုက်ပါပြီ။ ပူတာအိုက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကတော့ အသက်မပြည့်တာဆိုတော့ ဘာမှလုပ်မရဘူး။ အယူခံလည်း မတက်လာတော့ဘူး”ဟု ပြောကြားသည်။
 
ကချင်ပြည်နယ်တွင် ပါတီပေါင်း ၁၇ ပါတီမှ နေရာပေါင်း ၇၀ အတွက် ကိုယ်စားလှယ်ပေါင်း ၅၀၅ ဦးယှဉ်ပြိုင်ရန် စာရင်းပေးထားပြီး တစ်ဦးနုတ်ထွက်သွားပြီ ဖြစ်သည်။