လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်များမှ နိုင်ငံ၏ လူမှုသဟဇာတ ဖြစ်မှုနှင့် မတူညီသည့် ကိုးကွယ်ယုံကြည်မှုအပေါ် ထိခိုက်နစ်နာစေမည့် ကိစ္စရပ်များ မပေါ်ပေါက်ရေး အထူးသတိပြုရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က စက်တင်ဘာ ၂ ရက်က လူထုသို့ ပြောကြားသည့် ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။“၂၀၁၅ အထွေထွေရွေးကောက်ပွဲများမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး အနည်းငယ် ပြောကြားလိုပါတယ်။ နိုင်ငံရေးပါတီများ အနေနဲ့ ရက်ပိုင်းအတွင်းမှာ မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်များ စတင်ရတော့မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ကိုယ်စွမ်းရှိသမျှ ပြိုင်ဆိုင်ကြတော့မယ် ဆိုတာကိုလည်း ကျွန်တော့်အနေနဲ့ လက်ခံပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားတဲ့ မူဘောင်၊ စည်းမျဉ်းစည်းကမ်းများ အတွင်းမှ ဒီမိုကရေစီနည်းလမ်းကျ မဲဆွယ်စည်းရုံးမှု အားလုံးကို လက်ခံကြိုဆိုသွားမှာ ဖြစ်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့နိုင်ငံဟာ ဓလေ့ထုံးတမ်းပေါင်းစုံ၊ ကိုးကွယ်ယုံကြည်မှု ပေါင်းစုံရှိတဲ့ လူမျိုးစုများစွာနေထိုင်တဲ့ တိုင်းပြည်ဖြစ်တဲ့အတွက် မိမိတို့ရဲ့ မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်များသည် နိုင်ငံရဲ့ လူမှုသဟဇာတဖြစ်မှုနဲ့ မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုများအပေါ် ထိခိုက်နစ်နာစေမယ့် ကိစ္စရပ်တွေ မပေါ်ပေါက်ဖို့ အထူးသတိပြုကြရမှာ ဖြစ်ပါတယ်” ဟု သမ္မတဦးသိန်းစိန်က ပြောကြားသည်။သမ္မတဦးသိန်းစိန်က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံသားအချင်းချင်း စည်းလုံးညီညွတ်မှု ပျက်ပြားစေမည့် လှုံ့ဆော်ဟောပြောမှုများ မပေါ်ပေါက်စေရန် နိုင်ငံရေးပါတီများ အနေဖြင့် အထူးတာဝန်ယူ စောင့်စည်းကြရန်နှင့် နိုင်ငံရေးအင်အားစု အချင်းချင်း ပြစ်တင်ဝေဖန် ရှုတ်ချစွပ်စွဲပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပျက်ပြားစေမည့် ဟောပြောစည်းရုံးမှုတွေအစား မိမိတို့ ကိုယ်စားပြုမည့် ပြည်သူများ၏ အနာဂတ်အိပ်မက်များဖြစ်သည့် မြန်မာနိုင်ငံသစ်အတွက် ရည်မှန်းချက်တွေ၊ လုပ်ငန်းစဉ်တွေ ပါဝင်သည့် မဲဆွယ်စည်းရုံးမှုများ ဖြစ်စေရန်လည်း တိုက်တွန်းပြောကြားသည်။ “အထူးသဖြင့်တော့ ကိုယ်စားပြုမှု ကိုယ်စီအခိုင်အမာရှိကြတဲ့ နိုင်ငံရေးအင်အားစု အသီးသီးဟာ စေ့စပ်ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှု ဆက်လက်ရှင်သန်နေစေဖို့ ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ အနေနဲ့လည်း အုပ်ချုပ်ရေးကဏ္ဍရဲ့ လုပ်ပိုင်ခွင့် ဘောင်အတွင်းကနေ သန့်ရှင်းလွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများ ဖြစ်စေဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ မတိုင်မီနဲ့ ရွေးကောက်ပွဲအပြီး ကြားကာလများရဲ့ နိုင်ငံရေးတည်ငြိမ်မှု ရှိစေပြီး ပြည်သူလူထုရဲ့ ဆန္ဒမဲများနဲ့အညီ ပေါ်ပေါက်လာမယ့် နိုင်ငံရေး အခင်းအကျင်းသစ် တစ်ရပ်ကို ညင်သာစွာ အသွင်ကူးပြောင်းနိုင်စေဖို့လည်း ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု သမ္မတဦးသိန်းစိန်က ပြောကြားသည်။မကြာမီ ကျင်းပမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများသည် မိမိတို့တိုင်းပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အလွန်ကြီးမားသည့် အဆင့်တစ်ဆင့်၊ ဖြစ်စဉ်တစ်ရပ်ဖြစ်ကြောင်း၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲများကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများ ဖြစ်စေရန် အထူးအရေးကြီးသည်ဟု မှတ်ယူကြောင်း၊ ထိုအရာသည် ပြည်သူများမြင်တွေ့လိုသည့် အနာဂတ်နိုင်ငံတော်သစ် တစ်ရပ်ကို ဖန်တီးတည်ဆောက်ခြင်းအတွက် အရေးကြီးသည့် အဆင့်လည်းဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။ထို့အတွက် မဲဆန္ဒရှင် ပြည်သူလူထု အနေဖြင့် ရွေးကောက်ပွဲမှာ တာဝန်ကိုယ်စီ ကျေပွန်ရန် လိုအပ်ကြောင်း၊ အထူးသဖြင့် အခြေခံကျသည့် နိုင်ငံသားတာဝန်ဖြစ်သည့် ဆန္ဒမဲပေးခြင်းဆိုသည့် တာဝန်ကို မပျက်မကွက် ထမ်းဆောင်သွားရန်နှင့် ဆန္ဒမဲပေးသည့် အခါတွင်လည်း မိမိတို့အား အမှန်တကယ် ကိုယ်စားပြုမည့် ပြည်သူလူထု၏ လိုလားချက်များကို အမှန်တကယ် ဖော်ဆောင်ပေးနိုင်သည့် အရည်အသွေးရှိသည့် လူထုကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ပေးကြရန် အထူးအရေးကြီးကြောင်းနှင့် သို့မှသာ မိမိတို့အားလုံး၏ မျှော်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီထွန်းကားပြီး ပွင့်လင်းလွတ်လပ်သည့် လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ရေးကို၂၀၁၅ အထွေထွေရွေးကောက်ပွဲများကနေ ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။၂၀၁၅ ရွေးကောက်ပွဲများကို နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးခွင့် ကာလကို ရက်ပေါင်း ၆၀ သတ်မှတ်ပေးထားကာ ၂၀၁၅ ခုနှစ် စက်တင်ဘာ ၈ ရက်တွင် စတင်မည်ဖြစ်သည်။
မဲဆွယ်စည်းရုံးမှုများတွင် ကိုးကွယ်ယုံကြည်မှုများအပေါ် ထိခိုက်စေမည့် ကိစ္စရပ်များ မပေါ်ပေါက်ရေး အထူးသတိပြုရမည်ဟု သမ္မတဦးသိန်းစိန် ပြောကြား