ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများ စနစ်တကျ မဲဆွယ်စည်းရုံးနိုင်ရေးနှင့် ပြည်သူများ မှန်ကန်စွာမဲပေးနိုင်ရေး NLD ဗဟိုအောင်နိုင်ရေးအဖွဲ့ သင်တန်းပို့ချ

ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများ စနစ်တကျ မဲဆွယ်စည်းရုံးနိုင်ရေးနှင့် ပြည်သူများ မှန်ကန်စွာမဲပေးနိုင်ရေး NLD ဗဟိုအောင်နိုင်ရေးအဖွဲ့ သင်တန်းပို့ချ
Published 2 September 2015
အောင်ဇော်ထွန်း

၂၀၁၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  (NLD) ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် စနစ်တကျ မဲဆွယ်စည်းရုံးနိုင်ရေးနှင့် ပြည်သူများ မှန်ကန်စွာ မဲပေးနိုင်ရေးတို့နှင့် ပတ်သက်၍  NLD ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့က စက်တင်ဘာ ၁ ရက်မှ စတင်ပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင် ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့၏ ရွေးကောက်ပွဲကိုယ်စားလှယ်များအား စတင်သင်တန်းပို့ချလျက်ရှိကြောင်း သတင်းရရှိသည်။
 
ရန်ကုန်မြို့ တော်ဝင်နှင်းဆီတွင် ပြုလုပ်သည့် စက်တင်ဘာ ၁ ရက် သင်တန်းတွင် ရန်ကုန်တိုင်းအတွင်း ဝင်ပြိုင်မည့် NLD  ကိုယ်စားလှယ်လောင်းများ တက်ရောက်ခဲ့ပြီး  ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ဥပဒေပိုင်းဆိုင်ရာ သတိပြုရမည့်အချက်များ၊ ငွေစာရင်းနှင့် ပတ်သက်သည့် စနစ်တကျထားရှိရမည့် အချက်များ၊ ရွေးကောက်ပွဲနေ့တွင် မဲပေးရေးကိစ္စနှင့် မဲရေတွက်သည့် ကိစ္စများနှင့် ပတ်သက်သည့်အချက်များကို ပို့ချပြောကြားမှု ပြုလုပ်ခဲ့သည်ဟု သင်တန်းဆရာတစ်ဦးဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။
 
ဦးကိုနီက “လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ သိသင့်သိထိုက်တဲ့ ဥပဒေတွေကို အဓိကပြောတာပါ။ မဲဆွယ်စည်းရုံးတဲ့နေရာမှာ နည်းလမ်းတကျဖြစ်ဖို့ တရားမဲ့ပြုကျင့်မှုတွေ မဖြစ်ဖို့ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပြစ်ဒဏ်တွေ ဘာတွေရှိတယ်။ ဒီအကြောင်းတွေ ပါတယ်။ နောက်တစ်ခါ မဲဆွယ်စည်းရုံးခြင်းနဲ့ ပတ်သက်တဲ့ နည်းနာနိဿယ  စနစ်တကျ ဘယ်လိုမဲဆွယ်စည်းရုံးဖို့ လိုတယ်ဆိုတဲ့အကြောင်း၊ ပြီးတော့ ရွေးကောက်ပွဲစနစ်အကြောင်း၊ ပြီးတော့ ပြည်သူလူထု မဲပေးတဲ့အခါမှာ မှန်မှန်ကန်ကန် မဲပေးနိုင်ဖို့အတွက် ဘယ်လိုမဲပေးရမယ်ဆိုတဲ့အကြောင်း၊ အထူးသဖြင့် မဲမပေးခင် မဲများကို စစ်ရမယ်ဆိုတဲ့အကြောင်း၊ စစ်ဆေးပြီးတဲ့အခါမှာ စနစ်တကျ သတ်မှတ်ထားတဲ့နေရာမှာ ထုရမယ်ဆိုတဲ့အကြောင်း၊ ပြီးရင် ပြန်စစ်ပြီးရင် မဲပုံးထဲထည့်ရမယ်ဆိုတဲ့အကြောင်း၊ ဒါမှသာ ဒီမဲက ပယ်မဲ မဖြစ်ဘဲနဲ့ တန်ဖိုးရှိတဲ့မဲဖြစ်မယ်ဆိုတဲ့အကြောင်း၊ ဒါတွေကို အဓိကပါ။ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အမတ်လောင်းတွေ သိသင့်သိထိုက်တဲ့အကြောင်းတွေကို အဓိကပြောတာပါ” ဟု ပြောကြားသည်။ 
 
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ NLD ကိုယ်စားလှယ်လောင်း ဒေါ်သစ်သစ်မြင့်၏ ရွေးကောက်ပွဲကိုယ်စားလှယ် ဦးညီညီလွင်က “သင်တန်းမှာ ဒေါ်အောင်ဆန်းစုကြည်က မှာကြားတဲ့အချက်တွေကို ပြောသွားတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ကျန်းမာရေးကအစ ဂရုစိုက်ပြီး ပြည်သူနဲ့ တစ်သားတည်းနေဖို့။ ဝတ်တာစားတာကအစ သတိထားဖို့။ ပါတီရဲ့မူဝါဒတွ၊ စည်းမျဉ်းတွေကို လေ့လာထားဖို့  ဒါတွေပြောပြတယ်”ဟု ပြောကြားသည်။
 
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ NLD ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဝင်း၏ ရွေးကောက်ပွဲကိုယ်စားလှယ် ဒေါ်ဆောင်းကလျာက “ဒီနေ့သင်ကြားတဲ့အပိုင်းက ရွေးကောက်ပွဲဆိုင်ရာဥပဒေနဲ့ စည်းမျဉ်းတွေ။ ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်းတွေရော ကျွန်မတို့လိုမျိုး ရွေးကောက်ပွဲကိုယ်စားလှယ်တွေရောအတွက် အရမ်းအကျိုးရှိတယ်။ ဘာလို့လဲဆိုရင် ဆောင်ရန်တွေ ရှောင်ရန်တွေ အားလုံးပြောသွားတယ်။ ကိုယ့်ပါတီက ချမှတ်ထားတဲ့ မူဝါဒတွေအတိုင်း လိုက်ရမယ်။ နောက်ပြီးတော့ ကော်မရှင်က ချမှတ်ထားတဲ့ စည်းမျဉ်းဘောင်တွေကိုလည်း ဘာပဲဖြစ်ဖြစ် လက်ရှိအစိုးရက ချမှတ်ထားတဲ့ ကော်မရှင်က ချမှတ်ထားတဲ့ စည်းမျဉ်းတွေ ဒီဘောင်တွေကို လုံးဝမလွန်အောင်လို့ သတိပေးသွားတာပေါ့။ ကိုယ်စားလှယ်တွေ အဓိက သတိပြုရမယ့်အချက်က ကော်မရှင်ကထုတ်ထားတဲ့ စည်းမျဉ်းကို လုံးဝမလွန်ဖို့ ဒါကအရေးကြီးဆုံးဆိုတာကို ထပ်ကာထပ်ကာ ပြောသွားတယ်။ စည်းမျဉ်း အားလုံးကိုပြောတာ”ဟု ပြောကြားသည်။
 
၂၀၁၅ ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးတွင် NLD အနေဖြင့် နိုင်ငံတစ်ဝန်းလုံးရှိ မဲဆန္ဒနယ်အသီးသီးတွင် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မကြာမီ ရက်ပိုင်းအတွင်း စည်းရုံးလှုံ့ဆော်ရေးလုပ်ငန်းများ ပြုလုပ်ကြရမည်ဖြစ်ရာ NLD  ကိုယ်စားပြု ကိုယ်စားလှယ်လောင်းများအနေဖြင့် စည်းရုံးလှုံ့ဆော်ရေးလုပ်ငန်းများ စီစဉ်ရေးဆွဲရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်များကို အထူးသတိပြု ရန် NLD ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့က သြဂုတ် ၂၇ ရက်တွင် ညွှန်ကြားထားသည်။
 
“အမတ်လောင်းတွေအနေနဲ့ သိရမှာတွေက အများကြီးပဲ။ အထူးသဖြင့် ကော်မရှင်နဲ့ ပတ်သက်တဲ့ဥပဒေ၊ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ဥပဒေတွေ သိဖို့လိုသလို မဲဆွယ်စည်းရုံးတဲ့နေရာမှာ နည်းနာနိဿယတွေ ဒါတွေလည်း သိဖို့လိုတယ်။ နောက်တစ်ခါ ပြည်သူလူထုကို မဲတစ်ပြားချင်းရဲ့တန်ဖိုး အရေးပါပုံနဲ့ စနစ်တကျ မဲပေးတတ်ဖို့ ဒါတွေ တော်တော်များပါတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဆိုသည်။
 
ရန်ကုန်မြို့ တော်ဝင်နှင်းဆီ၌ စက်တင်ဘာ ၂ ရက်တွင်ပြုလုပ်မည့် သင်တန်းတွင် ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်၊ စက်တင်ဘာ ၃ ရက်တွင်ပြုလုပ်မည့် သင်တန်းတွင် ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်း၊ စက်တင်ဘာ ၄ ရက်သင်တန်းတွင် ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်အရှေ့မှ NLD ကိုယ်စားလှယ်လောင်း ပါဝင်မည်ဖြစ်ကြောင်း နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ကို မန္တလေးတိုင်းတွင် သင်တန်းပို့ချမည်ဖြစ်ကြောင်း သိရသည်။