Miss Myanmar International ဆုရ အလှမယ် အမရာငြိမ်းနှင့် တွေ့ဆုံခြင်း

Miss Myanmar International ဆုရ အလှမယ် အမရာငြိမ်းနှင့် တွေ့ဆုံခြင်း
Published 1 September 2015
လင်းလင်းခိုင်

မေး- Miss Myanmar International ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖြစ်တဲ့အကြောင်း အရင်ပြောပြပေးပါဦး။ဖြေ- အရင်ကလည်း နိုင်ငံတကာကို သွားရောက်ယှဉ်ပြိုင်ရမယ့် အလှမယ်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ဒီနှစ်မှာတော့ Miss Myanmar International ပြိုင်ပွဲကို ယှဉ်ပြိုင်မယ်လို့ ဆုံးဖြတ်ပြီးတော့ ကြိုတင်ပြင်ဆင်မှုတွေ အများကြီး လုပ်ဖြစ်ခဲ့ပါတယ်။ ဝင်ပြိုင်ဖြစ်တဲ့ အဓိကရည်ရွယ်ချက်ကတော့ ဒီပြိုင်ပွဲက ခရီးသွားလုပ်ငန်းကို မြှင့်တင်ပေးနိုင်တဲ့ အလှမယ်ရွေးချယ်တာ ဖြစ်ပါတယ်။ ရွေးချယ်ခံရတဲ့ အလှမယ်အနေနဲ့ မြန်မာကိုယ်စားပြု သံတမန်တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံက ယဉ်ကျေးမှု အမွေအနှစ်တွေ၊ ခရီးသွားဆွဲဆောင်မှု နေရာဒေသတွေ၊ ချစ်စရာကောင်းတဲ့ အလေ့အထတွေ၊ ရိုးရာဓလေ့ ထုံးစံတွေကို ကမ္ဘာ့နိုင်ငံ အသီးသီးက သိလာအောင်၊ မြတ်နိုးတန်ဖိုးထားလာအောင် မျှဝေပေးနိုင်မယ့် အခွင့်အရေးမျိုး ရရှိမှာပါ။ ဒါကြောင့် ဒီပြိုင်ပွဲကို ဝင်ပြိုင်မယ်လို့ ဆုံးဖြတ်ပြီး ပြိုင်ဖြစ်သွားတာပါ။မေး- ဒီပြိုင်ပွဲ မပြိုင်ခင်က ကြိုတင်ပြင်ဆင်မှုတွေ အများကြီး လုပ်တယ်လို့ သိရပါတယ်။ ဘာတွေ အဓိက ပြင်ဆင်ဖြစ်ခဲ့လဲ။ဖြေ- ပထမဆုံးတော့ ခန္ဓာကိုယ် ကြံ့ခိုင်လှပမှုအတွက် စတင်ပြင်ဆင်ပါတယ်။ အမရာက အရင်က နည်းနည်းလေး ခန္ဓာကိုယ်ဝတော့ ဝိတ်ချဖို့ ကြိုးစားတယ်။ နိုင်ငံတကာ အဆင့်မီ အလှမယ်တစ်ယောက်မှာ ရှိရမယ့် ခန္ဓာကိုယ် အချိုးအစားမျိုးဖြစ်အောင် ပြင်ဆင်ပါတယ်။ Catwalk ပိုင်းကတော့ အရင်ကတည်းကလည်း သိပြီးသားဆိုတော့ နည်းနည်းပြန်ပြီး လေ့ကျင့်တာမျိုးပဲ ရှိတယ်။ ပြီးတော့ ဗဟုသုတနဲ့ ပတ်သက်လို့ကတော့ လေ့လာဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ အဓိကအကြောင်း အရာကိုက ခရီးသွားနဲ့ ပတ်သက်လို့ ရည်ရွယ်တာ ဖြစ်တာကြောင့် ခရီးသွားဒေသန္တရ ဗဟုသုတတွေကို လေ့လာဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ခရီးသွားဆွဲဆောင်မှု ဒေသတွေ အကြောင်းကိုလည်း လေ့လာဖြစ်တယ်။ ပြီးတော့မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေတွေကိုလည်း တတ်နိုင်သလောက် လေ့လာဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်း ဆွဲဆောင်နိုင်ဖို့၊ တိုးတက်ကျယ်ပြန့်လာဖို့ ဆိုတာက နိုင်ငံမှာ ရှိနေတဲ့ အခြေအနေတွေအားလုံး တည်ငြိမ်တိုးတက်မှ ဖြစ်မှာပါ။ ဒါကြောင့် နိုင်ငံအရေးအားလုံးနဲ့ ပတ်သက်နေပါတယ်။ နိုင်ငံ့အရေးနဲ့ ပတ်သက်လို့တော့ အတတ်နိုင်ဆုံး လေ့လာဖြစ်တယ်။မေး- ဆန်ခါတင်ပြိုင်ပွဲဝင် ၂၀ အဖြစ် ရွေးချယ်ခံရတဲ့အခါ စခန်းသွင်းလေ့ကျင့်မှု အတွေ့အကြုံကရော ဘယ်လိုရှိလဲ။ဖြေ- အရင်ပြိုင်ပွဲတွေတုန်းကလည်း ဆန်ခါတင်ပြိုင်ပွဲဝင်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ အခါကျတော့ စခန်းသွင်း လေ့ကျင့်မှု အတွေ့အကြုံက အရမ်းကြီး အစိမ်းသက်သက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုတစ်ခေါက် ပြိုင်ပွဲမှာ ထူးခြားတာက လွှတ်တော်ကို သွားလေ့လာခွင့် ရတာမျိုး၊ ဗဟုသုတ အများကြီးရတဲ့ အတွေ့အကြုံမျိုးတွေ ရပါတယ်။ ခရီးသွားလေ့လာမှုတွေလည်း လုပ်ရတယ်။ ပြိုင်ပွဲဝင်တွေထဲမှာဆိုလည်း အတွေ့အကြုံ လုံးဝမရှိသေးတဲ့ အစိမ်းသက်သက် သူတွေလည်း ပါတယ်။ သူတို့တွေကိုလည်း တတ်နိုင်သလောက် ကူညီမှုတွေ လုပ်ပေးဖြစ်တယ်။ ပြိုင်ပွဲဝင် အားလုံးက ညီအစ်မအရင်းတွေလိုပဲ ခင်ခင်မင်မင်နဲ့ ဖြတ်သန်းဖြစ်ခဲ့ကြတဲ့ အခါကျတော့ အရမ်းပျော်စရာ ကောင်းပါတယ်။မေး- နောက်ဆုံးအဆင့် ပြိုင်ပွဲမှာရော အရင်အတွေ့အကြုံတွေနဲ့ ဘယ်လိုကွာခြားခဲ့လဲ။ဖြေ- အရင်ပြိုင်ပွဲတွေတုန်းကလည်း နောက်ဆုံးအဆင့်အထိ ပါလာပြီးမှ ကျန်ခဲ့တာမျိုးတွေရှိတော့ အခုတစ်ခေါက်မှာလည်း အဲဒီ စိုးရိမ်စိတ်တော့ ရှိပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ပြိုင်ပွဲယှဉ်ပြိုင်ရာမှာ အကောင်းဆုံး ယှဉ်ပြိုင်ရမှာ ကိုယ့်တာဝန်၊ ဆုဆိုတာကတော့ ရလာတဲ့အပေါ် ကျေနပ်ရမှာပဲ၊ တကယ်လို့ ဆုမရခဲ့လည်း နောက်တစ်ကြိမ် ထပ်ကြိုးစားမယ်ဆိုတဲ့ စိတ်နဲ့ပဲ ယှဉ်ပြိုင်ခဲ့ပါတယ်။ ဆန်ခါတင်အဆင့်ဆင့် ရွေးချယ်ခံခဲ့ရပြီး နောက်ဆုံးငါးဦးအထိ ပါဝင်လာတဲ့အခါမှာ အရမ်းကို ပျော်ရွှင်ရသလို စိတ်လည်း အရမ်းလှုပ်ရှားရပါတယ်။ မျှော်လည်း မမျှော်လင့်ရဲဘူး။ ငါးဦးစလုံး မေးခွန်းဖြေဆိုရတဲ့အခါ အမရာဖြေဆိုရမယ့် မေးခွန်းကို အကောင်းဆုံး ကြိုးစားဖြေဆိုခဲ့ပါတယ်။ နောက်ဆုံးသုံးဦးအထိ ပါလာချိန်မှာတော့ ခံစားချက်က ပြောမပြတတ်အောင်ပါပဲ။ ဒါပေမဲ့ အမရာ အစွမ်းရှိသလောက် ကြိုးစားထားပြီးပြီ။ ရလာတဲ့ ရလဒ်ကို လက်ခံမယ်လို့တော့ စိတ်ကို ပြင်ဆင်ထားတယ်။ မေးခွန်းတစ်ခုတည်းကို သုံးယောက်စလုံး ဖြေဆိုရတဲ့ အခါမှာတော့ အမရာရင်ထဲက ယုံကြည်လက်ခံထားတဲ့ အဖြေတွေကိုပဲ ဖြေဆိုခဲ့တာပါ။ တကယ်တမ်း ဆုရခဲ့တဲ့ အချိန်မှာတော့ ခံစားမှုက ပြောမပြတတ်အောင်ပါပဲ။မေး- ဆုအတွက် အဆုံးအဖြတ် မေးခွန်းဖြစ်တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မေးခွန်းလေးကို ဖြေဆိုပုံနဲ့ ပတ်သက်ပြီး ပရိသတ်တွေက ကျေနပ်လက်ခံကြတယ်။ ဒီအဖြေအတွက် ဘယ်လိုစဉ်းစား ဖြေဆိုဖြစ်ခဲ့တာလဲ။ဖြေ- ဒါကတော့ အမရာ စာပေတွေ ဖတ်ဖြစ်တယ်။ စဉ်းစားတွေးခေါ်ဖြစ်တယ်။ အခု ပြုလုပ်မယ့် ရွေးကောက်ပွဲက အမရာတို့ ပြည်သူပြည်သား အားလုံးအတွက် အရမ်းအရေးကြီးပါတယ်။ တကယ့်ကိုလည်း အဆုံးအဖြတ် တစ်ခုပါပဲ။ အမရာတို့ အိမ်သားအားလုံးကလည်း နိုင်ငံရေးကို စိတ်ဝင်စားကြတော့ အမြဲလိုလို ဆွေးနွေးဖြစ်ကြတယ်။ အခုဖြေဆိုခဲ့တဲ့ အဖြေတွေ အားလုံးကလည်း အမရာရဲ့ ရင်ထဲနှလုံးသားထဲက ယုံကြည်ချက်ကို ဖော်ထုတ်ဖြေဆိုခဲ့တာပါ။မေး- အခုဆိုရင် မြန်မာကိုယ်စားပြု အလှမယ်တစ်ယောက် ဖြစ်သွားပြီ။ နိုင်ငံတကာကို သွားရောက်ယှဉ်ပြိုင်ရမယ့် မြန်မာကိုယ်စားပြု အလှမယ်တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေက ဘာတွေဖြစ်မယ်လို့ လက်ခံထားလဲ။ဖြေ- နိုင်ငံကိုယ်စားပြု အလှမယ်တစ်ယောက် ဖြစ်တဲ့အတွက် အရမ်းတာဝန်ကြီးသွားပါပြီ။ အမရာရဲ့ လှုပ်ရှားပြုမူတဲ့ အမူအကျင့်၊ ဆောင်ရွက်မှု အရာအားလုံးက နိုင်ငံကို ကိုယ်စားပြုနေမှာပါ။ ဒါကြောင့် အစစအရာရာ ပြင်ဆင်ဖို့ လိုအပ်ပါလိမ့်မယ်။ နိုင်ငံကိုယ်စားပြု အလှမယ်တစ်ယောက် အနေနဲ့ အလှအပတင် မကဘဲ အရည်အချင်းပါ ပြည့်ဝဖို့ လိုအပ်ပါလိမ့်မယ်။ လှပမှု ဆိုရာမှာလည်း ခန္ဓာကိုယ် လှပမှုသာမကဘဲ နှလုံးသား လှပမှုကလည်း အရေးပါမှာပါ။ အရည်အချင်းပြည့်ဝမှု ဆိုရာမှာလည်း တွေးခေါ်မြော်မြင်မှု၊ အသိပညာကြွယ်ဝမှု၊ ဉာဏ်ပညာ စဉ်းစားချင့်ချိန်နိုင်မှု၊ ဖြတ်ထိုးဉာဏ် စတဲ့ အရည်အချင်းတွေ အားလုံး ပြည့်ဝဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။ ကိုယ်ကျင့်သိက္ခာကလည်း အရေးပါတယ်လို့ ထင်ပါတယ်။

Most Read

Most Recent