မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမည်စာရင်း တင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း စိစစ်ပြီးစီးချိန်တွင် လေးဦး အမည်စာရင်းမှ ပယ်ချခံရ

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမည်စာရင်း တင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း စိစစ်ပြီးစီးချိန်တွင် လေးဦး အမည်စာရင်းမှ ပယ်ချခံရ
Published 31 August 2015
ငြိမ်းဇော်လင်း

ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်း၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းအမည်စာရင်းကို သြဂုတ် ၃၁ ရက်အထိ စိစစ်ပြီးချိန်တွင် ကိုယ်စားလှယ်လောင်းလေးဦး အမည်စာရင်းမှ ပယ်ချခံရကြောင်း သတင်းရရှိသည်။ကိုယ်စားလှယ်လောင်းအမည်စာရင်း ပယ်ချခံရသူများမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ နှစ်ဦး၊ ဖက်ဒရယ်ပြည်ထောင်စုပါတီမှ တစ်ဦးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ပယ်ချခံရသော လွှတ်တော်ကိုယ်စားလှယ်လောင်းနှစ်ဦးမှာ ချမ်းအေးသာစံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းမြင့်နှင့် ရှမ်းတိုင်းရင်းသားလူမျိုးစု လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းကျော်ဇော (ခ) ဦးကျော်ဇောတို့ဖြစ်ပြီး ဒေါက်တာဝင်းမြင့်သည် မွေးဖွားစဉ်က ဖခင်ဖြစ်သူမှာ နိုင်ငံသားမဟုတ်သည့်အတွက် ပယ်ချခံရခြင်းဖြစ်ပြီး ဦးစိုင်းကျော်ဇောသည် ၎င်းနှင့် မိဘနှစ်ပါးသည် ဗမာတိုင်းရင်းသားများ ဖြစ်နေသည့်အတွက် ရှမ်းတိုင်းရင်းသားလူမျိုးစု လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပယ်ချခံရခြင်းဖြစ်ကြောင်း သိရသည်။အလားတူ ချမ်းအေးသာစံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဖက်ဒရယ်ပြည်ထောင်စုပါတီမှ ဒေါ်ချိုချိုစန်းသည်လည်း မွေးဖွားစဉ်က ဖခင်ဖြစ်သူမှာ နိုင်ငံသား မဟုတ်သည့်အတွက် ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ချခံရပြီး ပြင်ဦးလွင်မြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးရွှေစင်ထွန်းသည် ပြည်တွင်း၌ ၁၀ နှစ် တစ်ဆက်တစ်စပ်တည်း နေထိုင်ခဲ့သူ မဟုတ်သည့်အတွက် ပယ်ချခံရခြင်းဖြစ်ကြောင်း သိရသည်။ပြင်ဦးလွင်မြို့မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရွှေစင်ထွန်းကို ခရိုင်မှ သြဂုတ် ၃၀ ရက်က ပယ်ချခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၃၁ ရက်တွင် တိုင်းရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့ အယူခံဝင်ထားကြောင်း သိရသည်။ထိုသို့ ကိုယ်စားလှယ်လောင်း အမည်စာရင်းမှ ပယ်ချခံရသည့် ဒေါက်တာဝင်းမြင့်၊ ဒေါ်ချိုချိုစန်းတို့ကို ခရိုင်ကော်မရှင်မှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်မှ အယူခံကို ပယ်ချခဲ့ခြင်းကြောင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ထပ်မံအယူခံဝင်၍ မရတော့ကြောင်း သိရသည်။ရှမ်းတိုင်းရင်းသားလူမျိုးစု လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းကျော်ဇောအား တိုင်းကော်မရှင်မှ ပယ်ချခဲ့ခြင်းဖြစ်သောကြောင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ဆက်လက်အယူခံနိုင်ကြောင်း သိရသည်။“ဦးစိုင်းကျော်ဇောဟာ ရှမ်းတိုင်းရင်းသား စစ်စစ်ပါ။ သူ ရှမ်းတိုင်းရင်းသားဖြစ်ကြောင်း တိုင်းတရားရုံးမှာ ကျမ်းကျိန်မယ်။ ပြီးရင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဆက်ပြီး အယူခံဝင်သွားမှာ ဖြစ်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးတင်ကိုကိုက ပြောကြားသည်။

Most Read

Most Recent