မဲဆန္ဒရှင် သက်သေခံလက်မှတ်များကို ရေဘေးသင့်ဒေသများ၌သာမက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထုတ်ပေးရန် ဆောင်ရွက်နေကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ပြောကြား

မဲဆန္ဒရှင် သက်သေခံလက်မှတ်များကို ရေဘေးသင့်ဒေသများ၌သာမက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထုတ်ပေးရန် ဆောင်ရွက်နေကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ပြောကြား
Published 31 August 2015
ငြိမ်းကို၊ ဇာလီမြင့်ဦး

မဲဆန္ဒရှင် သက်သေခံလက်မှတ်များကို မှတ်ပုံတင်နှင့် အခြားသက်သေခံကတ်ပြားများ ပျောက်ဆုံးသည့် ရေဘေးသင့်ဒေသမှ မဲဆန္ဒရှင်များကိုသာမက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထုတ်ပေးရန် ဆောင်ရွက်နေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။သြဂုတ် ၃၁ ရက်က ရန်ကုန်မြို့ Park Royal ဟိုတယ်၌ ပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် လူမှုအဖွဲ့အစည်းများအကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ အဋ္ဌမအကြိမ်မြောက် အစည်းအဝေးတွင် ၎င်းက အဖွင့်အမှာစကား ပြောကြားရာ၌ ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက “ရေဘေးသင့်ဒေသတွေက မဲဆန္ဒရှင်များ အနေနဲ့ မှတ်ပုံတင်ကတ်တွေ၊ အခြားသက်သေခံကတ်တွေ၊ အိမ်ထောင်စုစာရင်းတွေ ပျက်စီးပျောက်ဆုံးမှု ရှိပါတယ်။ ဒါကြောင့် အလွယ်တကူ မဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင် သက်သေခံလက်မှတ်များ ထုတ်ပေးဖို့ ရည်ရွယ်ဆောင်ရွက်လျက် ရှိပါတယ်။ ဒါကို ရေဘေးသင့် ဒေသများသာမက တစ်နိုင်ငံလုံး အတိုင်းအတာအဖြစ် ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။အဆိုပါ မဲဆန္ဒရှင် သက်သေခံလက်မှတ်များကို ထုတ်ပေးရခြင်းမှာ သက်သေခံလက်မှတ်တွင် မဲစာရင်းအမှတ် ပါရှိသည့်အတွက် မဲစာရင်းတွင် အမည်ရှာဖွေသည့်အခါ လျင်မြန်လွယ်ကူပြီး အချိန်ကုန်သက်သာစေရန် ဖြစ်ကြောင်း၊ ဒုတိယအချက် အနေဖြင့် မှတ်ပုံတင်နှင့် အခြားသက်သေခံကတ်ပြားများ ပျောက်ဆုံးသည့် မဲဆန္ဒရှင်များ အနေဖြင့် မဲပေးနိုင်ရန် ဖြစ်ကြောင်းနှင့် တတိယအချက် အနေဖြင့် အဆိုပါ သက်သေခံလက်မှတ်တွင် မဲဆန္ဒရှင်၏ အမည်၊ မှတ်ပုံတင်၊ မွေးသက္ကရာဇ်နှင့် နေရပ်လိပ်စာတို့ ပါရှိကြောင်းနှင့် အဆိုပါအချက်များ မှားယွင်းနေပါက မဲဆန္ဒရှင်များက ပြန်၍ပြင်ဆင် ပေးခြင်းအားဖြင့် နောက်ရွေးကောက်ပွဲများအတွက် မှန်ကန်သည့် မဲစာရင်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဦးတင်အေးက ပြောကြားသည်။ထို့ပြင် အဆိုပါ သက်သေခံလက်မှတ်များနှင့် ပတ်သက်၍ မသမာမှု ပြုလုပ်ရန်မှာ မဖြစ်နိုင်ကြောင်းနှင့် မသမာမှု ဖြစ်နိုင်သည်ဟု သံသယရှိပါကလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက စိစစ်မှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။“ဒီမဲဆန္ဒရှင် သက်သေခံလက်မှတ်ကို မဲဆန္ဒရှင်စာရင်းနဲ့ တိုက်ဆိုင်စိစစ်ပြီး မဲဆန္ဒရှင်စာရင်းထဲမှာပါတဲ့ အချက်အလက်ပါအတိုင်း ထုတ်ပေးမှာ ဖြစ်ပါတယ်။ ဒီသက်သေခံ လက်မှတ်အပေါ်မှာ မသမာမှုပြုဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မဲပေးမယ့်နေ့ မဲလက်မှတ်ထုတ်တဲ့အခါ မဲစာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးမှာ ဖြစ်တဲ့အပြင် မသမာမှု ဖြစ်နိုင်သည်ဟု သံသယရှိလျှင် မဲရုံမှူးနဲ့ အဖွဲ့ဝင်များ၊ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲမှူးများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ မဲရုံကိုယ်စားလှယ်များ၊ ကိုယ်စားလှယ်များကပါ စိစစ်သွားမှာ ဖြစ်ပါတယ်။ မသမာမှုပြုတာမှန်ရင် လုံခြုံရေးအဖွဲ့ကလည်း အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီသက်သေခံလက်မှတ်ကို ထုတ်ပေးတာကလည်းပဲ ရည်ရွယ်ချက်သုံးချက်နဲ့ ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။ဇူလိုင်လကုန်ပိုင်းက မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၁ ခုတွင် ရေဘေးအန္တရာယ် ကြုံတွေ့နေရပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့သည် ရေဘေးအန္တရာယ်ကို အဆိုးဆုံး ခံစားခဲ့ရခြင်း ဖြစ်သည်။လာမည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံး မဲဆန္ဒရှင်စာရင်းကို စက်တင်ဘာလလယ်တွင် ကပ်ထားကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများကို နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။      

Most Read

Most Recent