၂၀၁၅ ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးတွင် NLD အနေဖြင့် နိုင်ငံတစ်ဝန်းလုံးရှိ မဲဆန္ဒနယ်အသီးသီးတွင် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မကြာမီ ရက်ပိုင်းအတွင်း စည်းရုံးလှုံ့ဆော်ရေး လုပ်ငန်းများ ပြုလုပ်ကြရမည်ဖြစ်ရာ NLD ကိုယ်စားပြု ကိုယ်စားလှယ်လောင်းများအနေဖြင့် စည်းရုံးလှုံ့ဆော်ရေးလုပ်ငန်းများ စီစဉ်ရေးဆွဲရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်များကို အထူးသတိပြုရန် NLD ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့က သြဂုတ် ၂၇ ရက်တွင် ညွှန်ကြားခဲ့သည်။ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၁/၂၀၁၄) ၂၀၁၄ ခုနှစ် ဇူလိုင် ၁ ရက်နှင့် ၂၀၁၅ ခုနှစ် ဇွန် ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်ကို အထူးသတိပြုလေ့လာ၍ ရေးဆွဲကြရန် NLD ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့က ညွှန် ကြားခဲ့ခြင်းဖြစ်သည်။လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးခွင့်ကာလကို ရက်ပေါင်း ၆၀ သတ်မှတ်ပေးထားပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာ ၈ ရက် နံနက် ၆ နာရီမှ နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအတွင်း မဲဆွယ်စည်းရုံးခွင့်ရှိကြာင်း သိရသည်။ထိုသို့ မဲဆွယ်စည်းရုံးရာတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် မိမိ၏ ကိုယ်ရေးအချက်အလက်၊ စွမ်းဆောင်ရည်နှင့် မူဝါဒ သဘောထားလုပ်ငန်းစဉ် စသည်တို့ကို အများပြည်သူ သိရှိရန် မဲဆွယ်စည်းရုံးသည့် ပိုစတာများ စိုက်ထူ/ချိတ်ဆွဲ/ ကြေညာခြင်းကို ပြုလုပ်လိုပါက သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေးကော်မတီ သို့မဟုတ် မြို့နယ်စည်ပင်သာယာရေး ကော်မတီများထံသို့ တင်ပြခွင့်ပြုချက် တောင်းခံ၍ သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခွင့်ရှိကြောင်း၊ ထို့ပြင် ၂၀၁၅ ခုနှစ် ဇွန် ၂၆ ရက် က သဘောတူလက်မှတ်ရေးထိုးခဲ့ကြသော နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ်ကို စောင့်ထိန်းလိုက်နာကြရန် လိုအပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများအားလုံးသို့ ပေးပို့ထားသည့်စာအရ သိရသည်။သက်ဆိုင်ရာ လွှတ်တော်မဲဆန္ဒနယ်အလိုက် ဝင်ရောက်ယှဉ်ပြိုင်ရန် စိစစ်အတည်ပြုပြီးဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း (သို့မဟုတ်) ယင်း၏ ရွေးကောက်ပွဲကိုယ်စားလှယ် (သို့မဟုတ်) သက်ဆိုင်ရာ ပါတီကိုယ်စားလှယ်များ (သို့မဟုတ်) ယင်းလွှတ်တော်ကိုယ်စားလှယ်လောင်းက အခွင့်အာဏာ လွှဲအပ်ထားခြင်းခံရသူများသည် စုဝေး ဟောပြောခွင့်ရှိကြောင်းနှင့် အခွင့်အာဏာ လွှဲအပ်ခြင်းခံရသူများသည် ထိုသို့ အခွင့်အာဏာလွှဲအပ်ကြောင်းစာကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ သို့ လျှောက်လွှာနှင့်အတူ တစ်ပါတည်း ပေးအပ်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ပါ အချက်များအရ သိရသည်။ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာတွင် တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ဖြစ်စေ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်၊ တားမြစ်ချက်၊ ခွင့်ပြုချက်ပါ သတ်မှတ်ချက်နှင့် စည်းကမ်းချက်တစ်ရပ် ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း တွေ့ရှိပါက တည်ဆဲဥပဒေများအရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများအရ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး သည် ရွေးကောက်ပွဲကုန်ကျစရိတ် ကျပ်သိန်း ၁၀၀ အထိသာ သုံးစွဲခွင့်ရှိကြောင်း သိရသည်။ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်မတိုင်မီ တစ်ရက်မှစတင်၍ ရွေးကောက်ပွဲကျင်းပမည့် နေ့အထိ မဲဆွယ်စည်းရုံးခွင့် မရှိကြောင်းနှင့် မဲဆွယ်စည်းရုံးရန်အတွက် စုဝေးဟောပြောရာတွင်ဖြစ်စေ၊ ရေးသားပုံနှိပ် ထုတ်ဝေဖြန့်ချိရာတွင်ဖြစ်စေ တားမြစ်ထားချက်များနှင့်ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်တွင် ရေးသားဖော်ပြထားကြောင်း သိရသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စား စည်းရုံးလှုံ့ဆော်ရေးများပြုလုပ်သည့်အခါတွင် မည်သူမဆို သက်ဆိုင်ရာမြို့နယ် အသီးသီး၏ မဲဆန္ဒနယ်မြေ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ် အဆင့်ဆင့်သော ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့များ၏ အတည်ပြုခွင့်ပြုချက်ရယူပြီးမှသာလျှင် စည်းရုံးလှုံ့ဆော်ရေးလုပ်ငန်းများကို လုပ်ဆောင်ကြရမည် ဖြစ်သည်ဟုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့မှ သြဂုတ် ၂၇ ရက်တွင် ညွှန်ကြားထားကြောင်း သိရှိရပါသည်။မြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့များအနေဖြင့်လည်း မြို့နယ်အောင်နိုင်ရေးအဖွဲ့ပိုင် ဘဏ္ဍာငွေများကို မိမိတို့နှင့် သက်ဆိုင်သည့် ကိုယ်စားလှယ်များထံသို့ ရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်လောင်းစာရင်း တရားဝင်ကြေညာပြီး သုံးရက်အတွင်း စာရင်းပိတ်သိမ်း၍ စနစ်တကျ လွှဲပြောင်းလှူဒါန်းပေးအပ်ရန်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့မှ သြဂုတ် ၂၇ ရက်တွင် တိုင်းနှင့်ပြည်နယ် အသီးသီးရှိမြို့နယ်များမှ အောင်နိုင်ရေးအဖွဲ့များထံသို့ အကြောင်းကြားထားကြောင်း သိရသည်။
ကိုယ်စားလှယ်လောင်းများ စည်းရုံးလှုံ့ဆော်ရေးလုပ်ငန်းများ စီစဉ်ရေးဆွဲရာတွင် ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်များကို အထူးသတိပြုရန် NLD ညွှန်ကြား















