ပြည်ပချေးငွေများအား စနစ်တကျသုံးစွဲခြင်း မရှိပါက တစ်ဦးချင်းစီတွင် ငါးသိန်းကျပ်ထက်မက အကြွေးရှိနေသည့် ပြည်သူများအား အကြွေးဝန်ထုပ်ဝန်ပိုး ထပ်ဆင့်ပေးသကဲ့သို့ ဖြစ်နေမည်ဖြစ်ကြောင်း NLD လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

ပြည်ပချေးငွေများအား စနစ်တကျသုံးစွဲခြင်း မရှိပါက တစ်ဦးချင်းစီတွင် ငါးသိန်းကျပ်ထက်မက အကြွေးရှိနေသည့် ပြည်သူများအား အကြွေးဝန်ထုပ်ဝန်ပိုး ထပ်ဆင့်ပေးသကဲ့သို့ ဖြစ်နေမည်ဖြစ်ကြောင်း NLD လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
Published 29 August 2015
စိုးမင်းထိုက်၊ ကျော်ဇင်ဝင်း၊ မျိုးမင်းထက်

ပြည်ပချေးငွေများအား စနစ်တကျ သုံးစွဲခြင်းမရှိပါက လူတစ်ဦးချင်းစီတွင် ငါးသိန်းကျပ်ထက်မက အကြွေးရှိနေသည့် ပြည်သူများအား အကြွေးဝန်ထုပ်ဝန်ပိုး ထပ်ဆင့်ပေးသကဲ့သို့ ဖြစ်နေမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ဆွေးနွေးခဲ့သည်။သြဂုတ် ၂၈ ရက်က ပြုလုပ်သည့် ပြည် ထောင်စုလွှတ်တော် အစည်းအဝေးတွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ရန်ကုန်မြို့ မြို့ပတ်ရထားစီမံကိန်းအတွက် ချေးငွေရယူရန်အတွက် လွှတ်တော်သို့ တင်ပြထားမှုအပေါ် ယင်းကဲ့သို့ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ဒေါက်တာမြတ်ဉာဏစိုးက “ရန်ကုန်မြို့တော်ကြီးရဲ့ ယာဉ်ကြောပိတ်ဆို့မှုကို စနစ်တကျဖြေရှင်းနိုင်ဖို့ အားလုံးဝိုင်းဝန်းပြီး ပူးပေါင်းဆောင်ရွက်မှသာ ပြည့်စုံတဲ့ စီမံချက်ချပြီးတော့မှ ဆောင်ရွက်သင့်ပါတယ်။ စနစ်တကျမရှိဘဲ ချေးငွေတွေကို ဆောင်ရွက်မယ်ဆိုရင်တော့ အကျိုးထက် အပြစ်က ပိုများနေပါလိမ့်မယ်။ ပြည်သူတစ်ဦးချင်းစီအနေနဲ့ တစ်ဦးချင်းတစ်ဦးချင်းစီမှာ ငါးသိန်းထက်မကတဲ့ အကြွေးဝန်ထုပ်ဝန်ပိုးတွေ အပေါ်မှာ ထပ်ဆင့်ပြီး အကြွေးတွေ ထပ်တင်ပေးလိုက်သလို ဖြစ်နေပါလိမ့်မယ်။ သေချာသုံးသပ်ပြီးမှ ဆောင်ရွက်သင့်ပါတယ်” ဟု ဆွေးနွေးသည်။ထို့ပြင် အမျိုးသားလွှတ်တော်အစည်းအဝေးများတွင် မြို့ပတ်ရထားကိစ္စနှင့် စပ်လျဉ်းပြီး မေးခွန်းများ မေးမြန်းခဲ့ဖူးကြောင်း၊ အခြေခံလူတန်းစားများအတွက် မြို့ပတ်ရထားမှာ အရေးပါကြောင်း၊ စနစ်တကျ ဆောင်ရွက်ရန်အရေးကြီးကြောင်း ပြောကြားသည်။ဒေါက်တာမြတ်ဉာဏစိုးက“မြို့ပတ်ရထားတွေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေးခဲ့ဖူးပါတယ်။ မြို့ပတ်ရထားစီးပြီး ရုံးတက်ခဲ့ဖူးပါတယ်။ အခုချေးငွေတွေနဲ့ ပြေးဆွဲမယ့် မြို့ပတ်ရထားတွေ၊ ခေါင်းတွဲတွေ၊ ရထားလမ်းကူးတံတားတွေကို အဆင့်မြှင့်တင် ဆောင်ရွက်မယ်ဆိုတာ ပါပါတယ်။ ဒါပေမဲ့ လက်တွေ့အခြေအနေနဲ့ ကြည့်မယ်ဆိုရင် လက်မှတ်ဝယ်ယူတဲ့ စနစ်မှာလည်း တော်တော်ကို ခေတ်နောက်ကျနေပါတယ်။ နောက်တစ်ခုက ဘူတာရုံတွေရဲ့အဆင့်အတန်းကိုလည်း အများကြီး မြှင့်တင်ရဦးမှာပါ။ နိုင်ငံတကာမှာဆိုရင် မြို့ပတ်ရထားတွေ အကုန်လုံးဟာ တစ်ပြေးညီဖြစ်ပါတယ်။ ဒီမှာက အဆင့်ဆင့် တက်နေရတော့ အလှမ်းကွာပါတယ်။ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေအတွက် အင်မတန်မှ အခက်အခဲ ဖြစ်စေပါတယ်။ ရထားလမ်းကလည်း ဒွေးလမ်း ဖြစ်နေပါတယ်။ ဟိုဘက်က တက်တယ်။ ဒီဘက်က ဆင်းတယ်။ စတဲ့ အခြေအနေမျိုးတွေကလည်း ရှိပါတယ်။ ပလက်ဖောင်းတွေကိုလည်း ဘယ်လိုလုပ်မလဲ။ အခြားအခြားသော သယ်ယူပို့ဆောင်ရေးစနစ်တွေနဲ့လည်း ချိန်ထိုးပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်”ဟု ဆက်လက်ဆွေးနွေးသည်။ဝန်ကြီးဌာနများအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ပါက ပိုအဆင်ပြေမည်ဖြစ်ကြောင်း၊ ညှိနှိုင်းမှု၊ ပူးပေါင်းဆောင်ရွက်မှု အားနည်းသည့်အခါတွင် အကုန်လုံးက ဖြန့်ကြက်ပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရထားလမ်းများကို အဆင့်မြှင့်တင်ခြင်း၊ ရထားစက်ခေါင်းများလာခြင်း၊ ရထားများ ပိုများလာသည်နှင့်အမျှ ရထားလမ်းကူးများတွင် ယာဉ်ကြောပိုကျပ်လာမည် ဖြစ်ကြောင်း၊ ရထားလမ်းများကို ကျော်ဖြတ်သွားရမည့် ရန်ကုန်မြို့ကို အရှေ့အနောက် ဖြတ်သန်းသွားမည့်လမ်းများအားလုံး အကုန်ပိတ်ဆို့မှု ဖြစ်သွားမည်ဖြစ်ကြောင်း ဆွေးနွေးသည်။“အဲ့ဒီလို ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်လာမယ်ဆိုရင် အဲ့ဒီအခါမှာ ဒါကို ဘယ်လိုနည်းနဲ့ ဖြေရှင်းမှာလဲ။ နောက်ထပ် ရထားလမ်းကူး ခုံးကျော်တံတားတွေ ဆောက်ဦးမှာလား။ နောက်ဆက်တွဲအနေနဲ့ စဉ်းစားရမယ့် ကိစ္စတွေဖြစ်ပါတယ်။ မြို့ပတ်လမ်းဧရိယာကို ခြောက်လမ်းသွားပုံစံ လုပ်မယ်ဆိုရင် ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်တဲ့ သဘောဖြစ်ပါမယ်။ နိုင်ငံတကာမှာလည်း မြို့ပတ်ရထားကို သီးခြားအနေနဲ့သွားတာ တော်တော်နည်းပါတယ်။ ကားလမ်းနဲ့အပြိုင် ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် ကားလမ်းရဲ့အလယ်မှာပဲ ရှိပါတယ်။ ကားလမ်းနဲ့တစ်ပြေးညီပဲ သွားပါတယ်။ မြို့ပတ်ရထားတွေက မြေအောက်က သွားရင်သွား၊ ဒါမှမဟုတ်ရင် အပေါ်က သွားရင်သွား၊ အဲဒီလိုဖြစ်ရမှာပါ။ ဒါမျိုးတွေကို တွက်ချက်ပြီးတော့ မဆောင်ရွက်ခဲ့ဘူးဆိုရင် ဒီချေးငွေတွေဟာ အချည်းအနှီးဖြစ်သွားမယ်လို့ သုံးသပ်မိပါတယ်”ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ဆွေးနွေးသည်။ထို့ပြင် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်သည် ရထားခရီးစဉ်နှင့်သာ မဟုတ်ကြောင်း၊ ရထားများအနေဖြင့်  ငါးမိနစ်တစ်စင်း ထွက်နေမည်ဆိုပါက လမ်းများ အကုန်လုံးပိတ်သွားလိမ့်မည်ဖြစ်ကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ဆက်လက်ပြောကြားသည်။“အဲဒီလိုဖြစ်ပါက ဘယ်လိုဖြေရှင်းမလဲ။ အကုန်လုံးကို ထည့်သွင်းစဉ်းစားပြီးပါပြီလား။ ကျွန်တော်တို့နိုင်ငံအနေနဲ့ မြေအောက်ရထား ဆောင်ရွက်လို့မရဘူးဆိုရင် တစ်ချိန်ချိန်မှာ ကောင်းကင်ရထားဆိုတာ ဖြစ်လာမှာပါ။ အဆင့်မြင့်လာပြီဆိုတာနဲ့ ဒီရထားခေါင်းတွေဟာ ခရီးဝေးအတွက် အသုံးပြုလို့မရတဲ့အတွက် ဘယ်လိုစီမံထားမလဲ။ စဉ်းစားထားရမှာပါ။ ကျွန်တော်တို့နိုင်ငံမှာ စနစ်တစ်ခုပြောင်းတိုင်းမှာ ကျန်ရစ်ခဲ့တဲ့ အမွေပစ္စည်းတွေဟာ ဘာမှသုံးလို့မရတော့ဘဲနဲ့ ကျန်ခဲ့ရတာတွေ များပါတယ်။ အဲဒီလိုတွေ မဖြစ်အောင် စီမံဆောင်ရွက်ဖို့ လိုပါတယ်”ဟု ဒေါက်တာမြတ်ဉာဏစိုးက ဆွေးနွေးသည်။ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် ဂျပန်ယန်း၂၄ ဒသမ ၈၆၆ ဘီလျံ ချေးယူမှုအား ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။ 

Most Read

Most Recent