ပထမအကြိမ် (၁၂) ကြိမ်မြောက် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးများ ကျင်းပပြီးစီး ရပ်နားကြောင်း သြဂုတ် ၂၇ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကြေညာခဲ့သည်။
အဆိုပါ (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးများကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှစတင်ကျင်းပ ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် သြဂုတ် ၂၇ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ကာ ခုနစ်လနှင့် ကိုးရက်ကြာမြင့်ခဲ့ပြီး အစည်းအဝေး ၈၉ ရက်ပြုလုပ်ခဲ့ကာ အစည်းအဝေး ကာလအရှည်ကြာဆုံး ဖြစ်ကြောင်းသိရသည်။
“ကျန်ရက်များကတော့ ရုံးပိတ်ရက်နှင့် ခေတ္တရပ်နားရက်များ ဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်လုပ်ငန်း များကိုလည်း မျှတစွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပြည်ထောင်စု လွှတ်တော်ကို အထောက်အကူပြုမယ့် ကိစ္စတွေမှာလည်း များစွာပူးပေါင်း ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်” ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။
(၁၂) ကြိမ်မြောက်ပုံမှန် အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း ၄၁၂ ခုအနက် ၃၆၆ ခုနှင့် ကြယ်ပွင့်မပြ မေးခွန်း ၁၃၈၁ ခုအနက် ၁၃၀၀ ခု ဖြေကြားနိုင်ခဲ့ပြီး အဆို ၂၅ ခုနှင့် အရေးကြီးအဆိုတစ်ခု တင်သွင်းနိုင်ခဲ့သည်။
ထို့ပြင် ဆွေးနွေးရမည့် ဥပဒေကြမ်း ၉၆ ခုရှိရာ ဆွေးနွေးပြီး ဥပဒေပေါင်း ၈၀ နှင့် ကျန် ၁၆ ခုမှာ လွှတ်တော်တွင်း ဆွေးနွေးဆဲဖြစ်ကြောင်း သိရသည်။
သို့ရာတွင် လွှတ်တော်အစည်းအဝေးများ ပြန်လည်ကျင်းပမည့် ခန့်မှန်းကာလကို ကြေညာခဲ့ခြင်းမရှိဘဲ ပထမအကြိမ်လွှတ်တော် သက်တမ်းသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ဖြစ်သဖြင့် လွှတ်တော်အစည်းအဝေးကြီး ရှိမှသာ ဆောင်ရွက်နေပါက ပြည်သူလူထု၏ အခွင့်အရေးများ ဆုံးရှုံးနိုင်သဖြင့် လွှတ်တော်ရပ်နား ချိန်တွင်လည်း လွှတ်တော်က ဖွဲ့စည်းတာဝန် ပေးအပ်ထားသော ကော်မတီ ကော်မရှင် အစည်းအဝေးများ၌ ကော်မတီဝင်ကိုယ်စားလှယ်များ အနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ရန်လိုကြောင်းနှင့် မနက်ဖြန် လွှတ်တော်ကိုယ်စားလှယ်တာဝန် ပြီးဆုံးမည်ဆိုပါက ဒီကနေ့အထိ ပြည်သူ့အတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားကြမည့် ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ရန်လိုကြောင်း လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။
ပြည်ထောင်စုအစိုးရအဖွဲ့မှ တင်သွင်းလာမည့် ဖြည့်စွက်ဘတ်ဂျက်အား အတည်ပြုပေးနိုင်ရန်အတွက် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီးနောက်တွင် လွှတ်တော်အစည်းအဝေးများ ပြန်လည်ခေါ်ယူဖွယ် ရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အချို့က သုံးသပ်ပြောကြားသည်။
၂၀၁၅ ခုနှစ် ဇွန်၊ ဇူလိုင်၊ သြဂုတ် လများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ သဘာဝဘေးအန္တရာယ် ကျရောက်မှုများနှင့် လာမည့် နိုဝင်ဘာ ၈ ရက် အထွေထွေ ရွေးကောက်ပွဲကျင်းပရန် အလွန်နီးကပ် နေသောကြောင့် လွှတ်တော်ပုံမှန် အစည်းအဝေးများကို ရပ်ဆိုင်းပေးရန် သြဂုတ် ၁၈ ရက်က ပြည်သူ့လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းခဲ့သော်လည်း အဆိုပါကိစ္စရပ်များ ဆောင်ရွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ခွင့်ယူနိုင်ကြောင်း၊ လွှတ်တော်ဆိုင်ရာ လုပ်ငန်းများပြီးစီးပါက လွှတ်တော်ရပ်နားမည် ဖြစ်ကြောင်းနှင့် လွှတ်တော်ရပ်နားပါက ယခု တင်သွင်းသည့် အဆိုကြောင့် မဟုတ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက တုံ့ပြန်ပြောကြားခဲ့ပြီး အဆိုအား မှတ်တမ်းတင်ခဲ့သည်။
သို့သော် အမျိုးသားလွှတ်တော်တွင် သြဂုတ် ၁၈ ရက်၌ပင် အလားတူလွှတ်တော် ရပ်နားရန် အရေးကြီးအဆို တင်သွင်းရာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ကန့်ကွက်ဆွေးနွေးခဲ့ပြီး သြဂုတ် ၁၉ တွင် ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရာ ထောက်ခံမဲများသဖြင့် အဆိုအတည်ဖြစ်ခဲ့ပြီး အမျိုးသားလွှတ်တော် အစည်းအဝေးများ ရပ်နားခဲ့သည်။ ထို့အတူ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး များကိုလည်း သြဂုတ် ၂၈ ရက် (ယနေ့) ရပ်နားမည်ဖြစ်သည်။
ခုနစ်လကျော်ကြာ ကျင်းပခဲ့သည့် (၁၂) ကြိမ်မြောက် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးများ ပြီးစီးရပ်နား