အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ချီတက်ခဲ့သည့် ဧရာဝတီသပိတ်စစ်ကြောင်း၏ ဦးဆောင်ဆရာ တစ်ဦးဖြစ်ခဲ့ပြီး ပင်မကျောင်းသားသပိတ်စစ်ကြောင်းမှ ကျောင်းသားများကို အကြမ်းမဖက်ရေးအတွက် ထိုင်သပိတ်ဆင်နွှဲ တောင်းဆိုခဲ့မှုကြောင့် ပုသိမ်မြို့နယ် တရားရုံးက ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ်သုံးလ ချမှတ်ခြင်းခံခဲ့ရသည့် ပုသိမ်နည်းပညာကောလိပ်မှ သရုပ်ပြဆရာ တစ်ဦးဖြစ်သူ ဦးဝေယံအောင်အား ကျောင်းသားများ အကြမ်းဖက် အထိန်းသိမ်းခံထားရမှုနှင့် ထောင်တွင်း အဖြစ်အပျက်များကို တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။
မေး - ဧရာဝတီသပိတ်စစ်ကြောင်း မစတင်မီက ဆရာ့ရဲ့ အလုပ်အကိုင်နဲ့ ရာထူးလေး ပြောပြပါ။
ဖြေ - ကျွန်တော် ပုသိမ်နည်းပညာကောလိပ်မှာ အင်ဂျင်နီယာ ဓာတုဗေဒဌာနမှာ သရုပ်ပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။ ၂၀၀၈ ခုနှစ်မှာ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကနေပြီး တော့ခေါ်တဲ့စာမေးပွဲမှာ ကျွန်တော်အောင် မြင်ခဲ့တယ်။ ပြီးတော့ အဲဒီမှာကျွန်တော် ထွေ/အုပ်ဦးစီးအရာရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး သင်တန်းသားအနေနဲ့ ဖောင်ကြီးသင်တန်း သွားတက်နေတုန်း ကျွန်တော့်အဖေက နိုင်ငံရေးဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ဆိုပြီး ကျွန်တော် နေရပ်ကို ပြန်အပို့ခံရတယ်။ ကျွန်တော့်အဖေက ၁၉၈၈ က ပါဝင်ခဲ့ပြီးတော့ အဲဒီမှာ ၁၉၈၉ ခုနှစ်မှာ ထုတ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ နိုင်ငံတော်အာဏာသိမ်းမှု လှုပ်ရှားမှုသမိုင်း စာအုပ်မှာ ပါဝင်ခဲ့တယ်ဆိုပြီး ထုတ်ပယ်ခဲ့တာပါ။ အဲဒီနောက်မှာ မဟာသိပ္ပံဘွဲ့ရရှိခဲ့ပြီးတော့ သရုပ်ပြဆရာ လုပ်ခဲ့တာပါ။
မေး - ဧရာဝတီသပိတ်စစ်ကြောင်းမှာ ဘာကြောင့် ပါဝင်ခဲ့ပြီးတော့ ဦးဆောင်ခဲ့ပါသလဲ။
ဖြေ - ကျွန်တော်လည်း ပညာရေးဝန်ထမ်း တစ်ယောက်ဖြစ်တယ်။ ဒီလိုဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့ နိုင်ငံအတွက် အရေးကြီးဆုံး ပညာရေးဥပဒေဟာ အမျိုးသားပညာရေး ဥပဒေဟာ လွှတ်တော်က ဥပဒေပြုရေးမဏ္ဍိုင်က စနစ်တကျ မလုပ်နိုင်တဲ့အခါမှာ ကျွန်တော်တို့ လူထုနည်းနဲ့ တိုက်ပွဲဝင်ရမယ်ဆိုတာ ကျွန်တော်နားလည်လာတယ်။ အဲဒီအတွက် ကျောင်းသားတွေကနေပြီးတော့ ဒီဥပဒေကို သပိတ်မှောက်မယ်လို့ စတင်ချိန်ကနေ ကျွန်တော်လည်း ပါဝင်သင့်တယ်လို့ထင်လို့ ပါဝင်ခဲ့တာပါခင်ဗျ။ ကျွန်တော်တို့ စတင်ပါဝင်တဲ့ အချိန်ကတည်းက ကျောင်းကနေ လစာမဲ့ခွင့်ယူပြီးမှ လုပ်တာပါ။ ကျောင်းသားတွေနဲ့ ချီတက်တဲ့ အခါမှာလည်း ပထမတော့ ကျွန်တော်ဦးဆောင် ကော်မတီမှာ မပါခဲ့ပါဘူး။ ဝန်းရံတစ်ယောက်အနေနဲ့ လိုက်လာခဲ့ပေမယ့် ပုသိမ်မြို့ကနေ စတင်ပြီးတော့ ထွက်လာခဲ့အခါမှာ ကန်ကြီးထောင့်မြို့လောက် ကနေစပြီးတော့ ကျွန်တော်တို့သွားနေတဲ့ ဘုန်းကြီးကျောင်းတွေ တားဆီးခံရတာ ှိတယ်။ နောက်တစ်ခါမှာ ကျွန်တော်တို့ အစားအသောက်တွေမှာ မသင်္ကာဖွယ်ပေါ့။ လှူတဲ့ အထဲမှာ မသင်္ကာဖွယ်ရာပေါ့ ဥပမာ-အချိုရည်တွေပေါ့ အချိုရည်ထဲမှာ ပါကင်မဟုတ်တဲ့ အချိုရည်တွေ။ အဲဒီထဲမှာ အရက်ပြန်လိုလို အရက်နံ့လိုလိုရတဲ့ အချိုရည်ဘူးတွေ ရခဲ့တာတွေ၊ အစားအသောက်တွေမှာ အဆိပ်ဖြစ်မယ့် အစားအသောက်မျိုးတွေ ရခဲ့တာတွေ ကြုံတဲ့အခါမှာ ကျွန်တော်အနေနဲ့ ဦးဆောင်ကော်မတီမှာပါဝင်ပြီး ကျောင်းသားတွေရဲ့ရှေ့မှာ နေသင့်တယ်လို့ ယူဆပြီးတော့ အဲဒီလိုမျိုး ဒီအန္တရာယ်တွေအတွက် ကာကွယ်ပေးဖို့ ဦးဆောင်ခဲ့တာပါ။
မေး - ဧရာဝတီသပိတ်စစ်ကြောင်း ရပ်နားခဲ့ခြင်းနဲ့ ကျောင်းသားတွေအပေါ် အစိုးရရဲ့ ကတိပေးခဲ့မှုတွေ သိချင်ပါတယ်။
ဖြေ - သပိတ်စစ်ကြောင်းတွေ ရပ်တန့််မယ် မရပ်တန့်ဘူး ဆိုတာမျိုး နှစ်မျိုးဖြစ်သွားတယ်ပေါ့ဗျာ။ ပင်မစစ်ကြောင်းကတော့ မရပ်တန့်ဘူး။ ကျွန်တေ်ာတို့က ရပ်တန့်တယ်။ အဲဒီအခါမှာ ကျွန်တော်တို့ အနေနဲ့ကတော့ ကျွန်တော်တို့ အစိုးရကတိကဝတ်တွေအပေါ်ကို ကျွန်တော်တို့ ယုံကြည်ခဲ့ပြီးတော့ ရပ်တန့်တယ်။ ဒါပေမဲ့ ဒီလေးပွင့်ဆိုင်တွေ့ဆုံမှု ဆွေးနွေးပွဲတွေ ပြီးသွားကတည်းက ပြည်ထဲရေးဝန်ကြီး ဌာနကနေပြီးတော့ ကျောင်းသားတွေတော့ အရေးမယူဘူး။ ဝန်းရံပြည်သူတွေကို အရေးယူမယ်။ နောက်တစ်ခါ ရန်ကုန်မတက်ဖို့တက်ရင် အရေးယူမယ် ဆိုတာမျိုး သူတို့ဘက်က စ ဖောက်ဖျက်တယ်။ ပညာရေးဝန်ကြီးဌာန ကနေပြီးတော့ စာမျက်နှာ ၃၂ မျက်နှာပါတဲ့ စာအုပ်တွေနဲ့ အခုလက်ရှိကျောင်းသားတွေ တောင်းဆိုနေတဲ့ အချက်တွေဟာ မဖြစ်သင့်တဲ့ အချက်တွေ ဆိုတာမျိုး တိုက်ခိုက်တာရှိလာတယ်။ အဲဒီအခါမှာ အဲဒီအပေါ်ကို မယုံကြည်တဲ့ ပင်မသပိတ်စစ်ကြောင်းဟာ ဆက်လက်ချီတက်ခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ ကတိကဝတ်တွေ စပြီးတော့ ဖောက်ဖျက်ခဲ့တာ သူတို့ဖြစ်တယ်ပေါ့နော်။ နောက်ပိုင်းမှာ သူတို့နဲ့လက်ခံခဲ့တဲ့ ၁၁ ချက်ကို ဖောက်ဖျက်ပြီးတော့ ကျွန်တော်တို့ သပိတ်ရပ်နား ခဲ့တဲ့သူတွေလည်း အရေးယူခံရတယ်။ အဓိက,ကတော့ တာဝန်အရှိဆုံးဟာ လေးပွင့်ဆိုင် ကတိကဝတ်တွေမှာ အာမခံခဲ့တဲ့ အစိုးရကတော့ တာဝန်အရှိဆုံးပါ၊
မေး - ဆရာ့ကို ဘာအမှုနဲ့များ တရားစွဲဆို ထောင်ဒဏ် ချမှတ်ခဲ့တာလဲ။
ဖြေ - ကျွန်တော် တရားစွဲဆိုခံရတဲ့ အမှုဆိုရင် လက်ပံတန်းမှာရှိတဲ့ ကျောင်းသားတွေကို အကြမ်းမဖက်ရေး လေးပွင့်ဆိုင် ကတိကဝတ်တွေကို အစိုးရက ပြန်လည်ပြီး တည်မြဲအောင် တောင်းဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီအကြောင်းတွေကို ဆွေးနွေးချင်လို့ အစိုးရအဖွဲ့ကိုလည်း ကမ်းလှမ်းခဲ့ပါတယ်။ ကျွန်တော်တို့နဲ့ လုံး၀ တွေ့ခြင်းမရှိ။ အဲဒီအပေါ်မှာ ကျွန်တော်တို့က လေးပွင့်ဆိုင် ကတိကဝတ်တွေအတွက် တင်ပြဖို့နည်းလမ်းက အဲဒီသလို ဆန္ဒထုတ်ဖော်ဖို့ပဲရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ပုသိမ်မြို့တော်ခန်းမရှေ့မှာ ကျောင်းသားတွေဟာ ဆန္ဒထုတ်ဖော်ခဲ့တာပါ ကျွန်တော့်ကို ကျောင်းသားတွေကို စည်းရုံးလှုံ့ဆော်ခဲ့တယ်ဆိုပြီး ကျွန်တော့်ကို ပုဒ်မ ၁၈ နဲ့ အပြစ်ပေးခဲ့ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ဆိုပြီး သုံးလချမှတ်ခဲ့ပါတယ်။
မေး - ထောင်ဒဏ်ကျခံခဲ့ရစဉ်က ကြုံတွေ့ခဲ့ရပုံကို ပြောပြပါဦး။
ဖြေ - ထောင်ထဲမှာကတော့ ထူးခြားတာကတော့ လပိုင်းသမားတွေကို တိုက်ထဲမှာ မထားပါဘူး။ ကျွန်တော့်ကိုတော့ အဲဒီ သီးသန့်တိုက်ထဲမှာ ထားပါတယ်။ ပြီးတဲ့အခါမှာ ကျွန်တော်ကြားခဲ့တာကတော့ ကျန်တဲ့အကျဉ်းသားတွေကို ကျွန်တော်ရောက်တဲ့အချိန်မှာ ကျွန်တော့်ကို စကားမပြောဖို့ အဆက်အသွယ် မလုပ်ဖို့တွေ လုပ်ခဲ့တာရှိတယ်။ ပြီးတော့ ပိုပြီးထူးခြားတာက ကျွန်တော့်ကို အမိန့်မချခင် တစ်ပတ်လောက် အလိုကတည်းက ကျွန်တော် ရောက်လာမယ်ဆိုတာ နာမည်နဲ့အတိအကျ ကျန်တဲ့အကျဉ်းသားတွေ သိနေခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ တရားစီရင်ရေးမှာ တရားရုံးရဲ့ စီရင်ချက်မချခင် ကျွန်တော်ကျမယ့် အပြစ်ဒဏ်နဲ့ ကျွန်တော်ရောက်မှာကို ကြိုပြီးသိနေတဲ့ဟာက တရားစီရင်ရေး မဏ္ဍိုင်အပေါ်မှာ အုပ်ချုပ်ရေးမဏ္ဍိုင်က လွှမ်းမိုးနေတယ်ဆိုတဲ့ အဖြေရဲ့ သက်သေပဲဖြစ်မှာပါ။ ပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့နေရာ လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးတဲ့နေရာမှာ နိုင်ငံရေးအကျဉ်းသားတွေ မပါအောင် ထောင်တစ်ခုနဲ့ တစ်ခုနဲ့ ပုံစံခြင်းမတူအောင် ပေးကြတယ်။ ဥပမာ ကျွန်တော်ကျတဲ့ ထောင်မှာဆိုရင် အနည်းဆုံး တစ်နှစ် အပြစ်ဒဏ်ကျခံရမယ်။ တစ်နှစ်လက်ကျန် သမားတွေကို လွှတ်မယ်လို့ ပြောခဲ့ပေမယ့် ထောက်လှမ်းရေး ဗိုလ်မှူးကြီးဟောင်းက ရှစ်နှစ်ကျော် ပြစ်ဒဏ်ကျခံရဖို့ ကျန်သေးပေမယ့် သူကတစ်နှစ်သမားတွေနဲ့ အတူတူ လွတ်သွားတာရှိတယ်။ ကျွန်တော် ၁၄ ရက်ပဲကျန်တာကို ကျွန်တော့်ကို မလွှတ်ဘဲနဲ့ ထားခဲ့တယ်။
မေး - ဆရာပြန်လည် လွတ်မြောက်လာပြီးမှာ အမျိုးသားပညာရေးဥပဒေ ရေးဆွဲမှုကို ဘယ်လိုမြင်ပါသလဲ။
ဖြေ - ကျောင်းသားသမဂ္ဂဆိုတဲ့ စာလုံးလေးတွေကို တစ်နေရာ၊ နှစ်နေရာမှာ တွေ့ရတာက လွဲပြီးတော့ ဒီမိုကရေစီပညာရေးကို ဖော်ဆောင်နိုင်မယ့်ဟာမျိုးကို လွှတ်တော်က မလုပ်နိုင်ပါဘူး။ ပထမအကြိမ် မလုပ်နိုင်ကတည်းကကို ကျွန်တော်တို့ သပိတ်မှောက်ခဲ့ပါပြီ။ ကျောင်းသားတွေဟာ တကယ်တာဝန်ကျေခဲ့တယ်။ တကယ်ဥပဒေပြုရမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ အဲဒီ ဥပဒေပြုရမယ့် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အားနည်းချက်ကြောင့် ပညာရေးဥပဒေဟာ ကျောင်းသားသမဂ္ဂဆိုတဲ့ စာလုံးတွေ ပါလာတာကလွဲပြီး ကျန်တာထူးထူးခြားခြား ပြောင်းတာမတွေ့ပါဘူး။ ကျွန်တော်ထောင်က ထွက်ထွက်ချင်းမှာ ကြားရတဲ့သတင်းဟာ စိတ်မကောင်းပါဘူး။ ကျောင်းတွေ၊ တက္ကသိုလ်တွေထဲမှာ ယူနီယံဆိုတဲ့ နာမည်တွေနဲ့ ဘဏ္ဍာငွေ ထောက်ပံ့မှုတွေနဲ့ ကျောင်းသားသမဂ္ဂကို ပုံဖျက်မယ့် ဟာမျိုးတွေ လုပ်နေပါတယ်။ ကျောင်းသားသမဂ္ဂကို ပုံဖျက်မယ့်ကိစ္စမျိုးတွေကို တွေ့ရတဲ့အတွက် ကျွန်တော်ကတော့ ကျောင်းသားသမဂ္ဂ အားကောင်းရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆက်လုပ်မှာပါ။ ပြီးတော့ရွေးကောက်ပွဲကြီးကလည်း နီးလာတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ တရားမျှတ လွတ်လပ်ဖို့အတွက် ကျွန်တော်တတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားသွားမှာပါ။
မေး - ကျောင်းသားနိုင်ငံရေး လှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့ ဆရာပြောချင်တာများရှိရင် ပြောပေးပါဦး။
ဖြေ - ၁၉၂၀ က စတင်ခဲ့တဲ့ ကျောင်းသားသပိတ်ဟာ ဒီနေ့ဒီချိန်အထိ ကျောင်းသားတွေလုပ်ခဲ့တဲ့ နိုင်ငံရေးဟာ တိုင်းပြည်အပေါ်မှာ ဘယ်တုန်းကမှ အမှားအယွင်း မဖြစ်ခဲ့ပါဘူး။ တိုင်းပြည်တိုးတက်ရေးကိုသာ ဦးတည်ခဲ့တာ ဖြစ်ပါတယ်။ ကျောင်းသားနိုင်ငံရေးဟာ ဘယ်တော့မှ သေဆုံးမှာ မဟုတ်တဲ့အတွက် ကျောင်းသားနိုင်ငံရေးကို ပုံစံဖျက်ချင်တဲ့ သူတွေဟာ မကြာခင်မှာဘဲ ကျဆုံးမှာပါ။ ကျွန်တော်တို့ ကျောင်းသားနိုင်ငံရေးဟာ အမြဲတမ်း မြန်မာ့သမိုင်းနဲ့အတူ ရှိနေမှာပါလို့ ပြောချင်ပါတယ်။
“ကျောင်းသားနိုင်ငံရေးကို ပုံဖျက်ချင်တဲ့သူတွေ မကြာခင်ဘဲ ကျဆုံးမှာပါ” ဦးဝေယံအောင်နှင့် တွေ့ဆုံခြင်း