နောက်ခံ အခင်းအကျင်း
အမှန်တကယ်တော့ ပြီးပြတ်ပြီးကိစ္စ ဖြစ်သည်။ ၂၀၁၄ နိုဝင်ဘာ ၁၇ ရက်နေ့ထုတ် 7 Days Daily သတင်းစာတွင် “တပ်မတော်ဆရာဝန်များ အရပ်ဘက်သို့ ပိုရောက်လာတော့မည်” ဟု ခေါင်းစဉ်ဖြင့် ဖော်ပြထားခြင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ နိုဝင်ဘာ ၂၁ ရက်စွဲဖြင့် “တပ်မတော်အရာရှိ ဆရာဝန်များအား အရပ်ဘက်သို့ ပြောင်းရွှေ့ခန့်ထား၍ တာဝန်ထမ်းဆောင်စေရန် ဆုံးဖြတ်ထားခြင်း မရှိကြောင်း”ကို နိုင်ငံပိုင်သတင်းစာမှ အတိအလင်း ကြေညာထားပြီးဖြစ်သည်။ သို့သော် ဆရာမင်းသုဝဏ်၏ ဝတ္ထုခေါင်းစဉ်အတိုင်း ပြောရလျှင်တော့ “ဘကြီးအောင်ညာတယ်” ဟု ဆိုရပါမည်။ တပ်မတော်မှ အရာရှိများ ကျန်းမာရေးဝန်ကြီးဌာနသို့ အစုလိုက်အပြုံလိုက် ခန့်အပ်လိုက်သည်။ သူတို့စဉ်းစားသလို နယ်စပ်ဒေသများကိုတော့ဖြင့် မဟုတ်။ စင်ထရယ်ခေါ်နိုင်သည့် ရုံးချုပ်ဝယ် အဓိက ဆုံးဖြတ်ချက်ချရသောနေရာများ။ ဆရာဝန်များ၏ နေရာ ရာထူးအပြောင်းအရွှေ့ကို ကိုင်တွယ်နိုင်သည့် နေရာများ။
ဆရာဝန်များနှင့်တကွသော ကျန်းမာရေးဝန်ထမ်းများ၊ အပြင်ဆရာဝန်များ၏ တုံ့ ပြန်ချက်မှာ ရှင်းသည်။ ပြတ်သည်။ လက်မခံနိုင်ပါ။ လက်မခံနိုင်ကြောင်းကို တရားဥပဒေဘောင်အတွင်းမှ ငြိမ်းချမ်းစွာပြသကြသည်။ Black Ribbon Movement Myanmar 2015 ဟု နာမည်တပ်၍ ဖဲကြိုးအနက်များကို တပ်ဆင်ကြသည်။ ဆေးရုံများဝယ်၊ ဆေးခန်းများဝယ် တပ်ဆင်ကြသည်။ လှုပ်ရှား ကန့်ကွက်မှုသည် ကျယ်ပြန့်သည်။ ပြင်းထန်သည်။ ဆေးတက္ကသိုလ် (မန္တလေး) ၏ ပါမောက္ခချုပ်ပင် လက်မခံကြောင်း ပွင့်လင်းစွာ ထုတ်ဖော်သည်။ တခြား ကျန်းမာရေးဝန်ကြီးဌာနမှ အငြိမ်းစားညွှန်ချုပ်များ၊ ပါချုပ်များ၊ ပညာရှင်များစွာလည်း ထောက်ခံပါဝင်ကြသည်။ မြန်မာနိုင်ငံ ဆရာဝန်အသင်း (ဗဟို)၊ အထွေထွေရောဂါကုဆရာဝန်များအဖွဲ့ (ရန်ကုန်) စသည့် အသင်းအဖွဲ့များစွာက ကန့်ကွက်ခဲ့ကြသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မီဒီယာများကို နောက်ထပ် မခေါ်တော့ပါဟုပင် ထုတ်ဖော်ပြောကြားလာရသည်။ သို့ သော် လှုပ်ရှားသူများက လက်မခံ။ တရားဝင်စာ ထုတ်ပေးစေချင်သည်။ လက်တလော ရောက်နေသူတွေကို ပြန်ပို့စေချင်သည်။ သူတို့ အမှားမဟုတ်။ နိုင်ငံပိုင်သတင်းစာမှ တရားဝင်ပြောထားခြင်းကိုပင် ကိုယ့်ဘာသာ ဖောက်ဖျက်ခဲ့ပြီ မဟုတ်လော။ ဤသည်မှာပင် လက်ရှိအနေအထား၏ နောက်ခံ အခင်းအကျင်းပင်ဖြစ်သည်။
မကျက်သေးသော အနာ
တကယ်တော့လည်း ကျန်းမာရေးဝန်ကြီးဌာနသည် ဝန်ထမ်းအားလုံးနီးပါး၏ “မကျက်သေးသောအနာ”ကို တုတ်ဖြင့် သွားထိုးမိခြင်းသာဖြစ်သည်။ ယနေ့ အရပ်ဘက်ဝန်ထမ်းအဖွဲ့အစည်းတိုင်းလိုလိုမှာပင် “မိုးကျရွှေကိုယ်”ဟု နာမည်တပ်ထားသော စစ်ဘက်ပုဂ္ဂိုလ်များ ဝင်ရောက်နေရာယူနေကြသည်။ ဌာနတစ်ခုနှင့် တစ်ခု လုပ်ငန်းလိုအပ်ချက်အရ၊ ကျွမ်းကျင်မှုအရ ပြောင်းရွှေ့သော သဘောသည် လက်ခံရမည်။ သို့သော် ယခု ဖြစ်နေသည်က လုပ်ငန်းလိုအပ်ချက်အရ ဟုတ်ဟန်မတူ။ တပ်မတော် ဆေးတက္ကသိုလ်၊
တပ်မတော်အင်ဂျင်နီယာတက္ကသိုလ်၊ တပ်မတော် ဆေးဝါးတက္ကသိုလ် စသည့် စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်မှုတက္ကသိုလ်များ တည်ထောင်၍ အရပ်ဘက်ဝန်ထမ်းများထဲသို့ ထည့်သွင်းအုပ်ချုပ်ရန် ကြံရွယ်ခြင်းသည် နိုင်ငံကို ထာဝရ တပ်မတော်မှ အုပ်စိုးရန် ကြံရွယ်ချက်မဟုတ်ဟု ငြင်းဆိုရန် ခက်လှသည်။
အရပ်ဘက်ဝန်ထမ်းအဖွဲ့အစည်း၏ ဆက်ဆံရေးသည် နွေးထွေးသည်။ မိသားစုဆန်သည်။ အပြန်အလှန်လေးစားမှုအပေါ် အခြေပြုသည်။ တပ်မတော်ဘက်သည် မနွေးထွေး၊ မိသားစုမဆန်၊ မလေးစားဟု အဓိပ္ပာယ် မကောက်စေချင်ပါ။ မည်သို့ပင်ဆိုစေ၊ တိုက်ပွဲတိုက်ရသော စစ်သားတို့ သဘောသဘာ၀ နှင့် စာရေးစားပွဲပေါ်ဝယ် အလုပ်လုပ်ရသော ဝန်ထမ်းသဘောသဘာဝသည် တူမည်မဟုတ်ပေ။ ထိုသို့ မတူရုံတင်မကပါ။ ပိုမိုနက်ရှိုင်းသော ဆုံးရှုံးမှုများ ရှိပါသေးသည်။
တပ်မတော်သားဘဝကို တမင်ရွေး ချယ်သူများသည် မူလရွေးချယ်မှုမှ သွေဖည်လိုသည်၊ မလိုသည်ကို မေးမြန်းခြင်းမပြုဘဲ တပ်ထုံးစံအတိုင်း အဲသည်ကိုသွားဟု ပို့လိုက်သည်လား။ တပ်မတော်သား အရာရှိတစ် ယောက်ဖြစ်စေရန် နှစ်ပေါင်းများစွာ လေ့ကျင့်ပေးရမှုများသည်လည်း အလဟဿဖြစ်ကုန်သည်။ တစ်ဖန် အရပ်ဘက်တွင်လည်း အစဉ်အတိုင်း ရာထူးတက်ရန် စောင့်ဆိုင်းနေသူတို့ နေရာဝယ် အခန့်သား တက်ထိုင်လိုက်သည့် ခါ သည်မှာဘက်ရှိ နှစ်ပေါင်များစွာ တာဝန်ထမ်းဆောင်ခဲ့သူတို့ကို မညှာတာရာ ရောက်သည်။ ဝန်ထမ်းတို့၏ လုပ်ချင်ကိုင်ချင်စိတ်ကို ချိုးနှိမ်ရာရောက်သည်။ ထို့ပြင် ဗြုန်းခနဲရောက်လာသော မိုးကျရွှေကိုယ်ကို လူစိမ်းအား တော်ရုံနှင့် လက်ခံကြမည်မဟုတ်။ လွယ်လင့်တကူ ပေါင်းသင်းကြမည် မဟုတ်။
ထိုအခါ ထိုပုဂ္ဂိုလ်အတွက် ဝန်ထမ်းလူများစုနှင့် ပေါင်းဖက်မိရမည့်အစား ထိုလူများစု ကြဉ်ထားသော အခွင့်အရေးသမား လူနည်းစုနှင့် သွားပေါင်းမိရန် ပို၍ဖြစ်နိုင်ချေ များသွားသည်။ အခြေအနေများ ပိုဆိုးသွားစေရန် အကြောင်းဖြစ်သွားပါလိမ့်မည်။
အရည်အသွေး အခြေခံသော ပုဂ္ဂလိက အဖွဲ့အစည်းများအတွက်မူ ပြဿနာမရှိပါ။ မန်နေဂျာဆိုလျှင် မန်နေဂျာစွမ်းရည်ရှိသူကို ခန့်လိုက်ရုံသာ။ ယခုဖြစ်စဉ်က စွမ်းရည်ပေါ် အခြေခံသည်မဟုတ်။ တစ်ဖက်မှ လာသူများ လုပ်ရည်ကိုင်ရည် သိပ်ကောင်းနေလျှင် ဟိုဘက်က လွယ်လွယ်ကူကူ လက်လွှတ်ပါမည်လား။ စဉ်းစားစရာ။ မည်သည့်ဘက်မှ တွေးတွေး တပ်ထဲမှပုဂ္ဂိုလ်များကိုသာ အရပ်ဘက်ကို ထိုးထည့်နေသည်မှာ သွေးမတိတ်သော အနာကို ထပ်ထပ်ဆွနေသည်နှင့် တူလှသည်။
မရိုးသားသော အကြောင်းပြချက်များ
ကျန်းမာရေးဝန်ကြီးဌာနမှ ထပ်မံ၍ မခေါ်တော့ကြောင်းကို မီဒီယာများသို့ ထုတ်ပြောသည့်အပြင် ယခုဖြစ်စဉ်အတွက် စိတ်ကောင်းစေတနာပါဟန်ရှိသော အကြောင်းပြချက်များကို မီဒီယာများသို့ ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့သော် လေထဲတွင် ဝဲနေသော ဆပ်ပြာပူဖောင်းများကဲ့သို့ အရောင်စုံလင် ပေါ့ပါးဝဲပျံနေသော်လည်း အတွင်းအနှစ်အသား နည်းပါးလွန်းသည်ဟု ဆိုနိုင်သည်။
ရှေးဦးစွာ ယခုအကြောင်းပြချက်များ ပေးခဲ့ကြသော ကျန်းမာရေးဝန်ကြီး ဦးသန်းအောင် (ဗိုလ်ချုပ်ဟောင်း)နှင့် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိန်ဝင်း(ဗိုလ်ကြီးဟောင်း)တို့သည် တပ်မတော်မှ ကျန်းမာရေးဝန်ကြီးဌာနသို့ ရှေးဦးစွာ အခြေချရောက်ရှိနေသူများ ဖြစ်ကြောင်း သိထားစေချင်ပါသည်။ ဆိုလိုသည်မှာ နဂိုကပင် တပ်မတော်နှင့် ပတ်သက်နေခဲ့သူများ၊ တပ်မတော်သားကဲ့သို့ တွေးတတ် ခေါ်တတ်သူများဖြစ်ကြောင်း သတိချပ်မိစေချင်ပါသည်။
ကျန်းမာရေးဝန်ကြီးမှ ယခုကိစ္စနှင့်ပတ်သက်ပြီး နယ်သွားမည့်သူမရှိ၍ ခေါ်ပါသည်ဟု အကြောင်းပြပါသည်။ သို့သော် ခန့်ထားသော နေရာများမှာ ဒုညွှန်မှူး (စီမံ) နေပြည်တော်၊ လက်ထောက်ညွှန်ကြားရေးမှူး (အုပ်ချုပ်ရေး) ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ လက်ထောက်ညွှန်ကြားရေးမှူး (ဆေး/ဆေးပစ္စည်း ဖြန့်ဖြူးရေး) နေပြည်တော်၊ ဦးစီးအရာရှိ (အုပ်ချုပ်ရေး) နေပြည်တော်ကောင်စီနယ်မြေ၊ ဦးစီးအရာရှိ (စစ်ဆေးရေးဌာနခွဲ) နေပြည်တော် အစရှိသည့် ရုံးချုပ်နေရာများ ဖြစ်နေပါသည်။ ဤသည်မှာပင် ကိုယ့်အကြောင်း ပြချက်ကိုယ် ရိုက်ချိုးပစ်လိုက်ခြင်း ဖြစ်ပါသည်။
တစ်ဖန် စီမံခန့်ခွဲရေးကိစ္စများတွင် မိန်းကလေးလုပ်ဖို့ မသင့်တော်ဘူးဟု ဆက်ပြောရာ ပို၍ပင် ဆိုးပါသေးသည်။ အမျိုးသမီး ခွဲခြားရေးဝါဒီလားပင် မသိ။ အရပ်ဘက်စီမံခန့် ခွဲရေးတွင် အမျိုးသမီးအုပ်ချုပ်၍ မရသည့်နေရာမရှိပါ။ ကိုယ့်လက်အောက်ရှိ အမျိုးသမီး ဒုဝန်ကြီးကို အားနာစရာကောင်းပါသည်။ ထို့အတူ ဒုတိယအမြဲတမ်း အတွင်းဝန်ကလည်း မိန်းကလေးများ နယ်သို့ မသွားနိုင်သယောင်ယောင် ပြောသွားပါသည်။ ကျေးလက်ဒေသများတွင် တာဝန်ထမ်းဆောင်နေသော အမျိုးသမီးကျန်းမာရေးဝန်ထမ်းများ၊ ဝေးလံခေါင်းဖျားဒေသတွင် မညည်းမညူ တာဝန်ထမ်းနေရသော အမျိုးသမီးဆရာဝန်များ လုံးဝမရှိတော့ပြီလားဟု မေးချင်ပါသည်။ မသိ၍တော့ မဖြစ်နိုင်ပါ။ အမိန့်ကြေညာစာများသည် ကျန်းမာရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကို ကျော်ဖြတ်ပြီးမှ ထုတ်ပြန်ပါသည်။ တကယ်မရှိဘူးလားဟု မေးလိုပါသည်။
ဆွဲမိလေသော အစ
ယခု ဆရာဝန်များအပါအဝင် ကျန်းမာရေးအင်အားစုများ ဆွဲကိုင်မိသော အစွန်းသည် နှစ်ပေါင်းများစွာ တပ်မတော်မှ အရပ်ဘက်အဖွဲ့အစည်းအတွင်းသို့ ဝင်ရောက်နေရာယူ စိုးမိုးခြယ်လှယ်နေမှုများကို မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်သည်။ အရပ်ဘက်ဝန်ထမ်းများ ခံစားချက်ဝယ် ထိုသူများအား မကျေလည်သော စိတ်အခုအခံ ရှိနေမည်မှာ သေချာသည်။ ထို့ကြောင့် ဆရာဝန်များ ဦးဆောင်ကာ ငြိမ်းချမ်းစွာ ဥပဒေဘောင်အတွင်းမှ ဆန့်ကျင်ကြသောအခါ တစ်ခဲနက် ထောက်ခံကြခြင်း ဖြစ်သည်။
ယခု ဆရာဝန်များ တောင်းဆိုသည် မှာလည်း ပညာပါသည်။ ဝန်ကြီးဌာန၏ နဂိုကတိကို ဖောက်ခဲ့သည်ကို မမေ့။ ထို့ကြောင့် တပ်မတော်အရာရှိများကို ကျန်းမာရေးဝန်ကြီးဌာနသို့ မခန့်အပ်တော့ကြောင်း သေချာသော တရားဝင်အမိန့်စာ ထုတ်ပေးမှုကို တောင်းဆိုကြခြင်းဖြစ်သည်။ လက်ရှိ လတ်တလော ရောက်နေသောသူများကို ပြန်ပို့ ရန် တောင်းဆိုနေခြင်းဖြစ်သည်။ ထို့ထက် ပို၍တောင်းဆိုရန် ကြံရွယ်ပုံမပေါ်။ သို့သော် ကိုင်ထားသောအစသည် အတွင်းသို့ နက်ရှိုင်းစွာ စိုက်ဝင်နေသည်ကို ဆရာဝန်များ သိထားသည်။
အကယ်၍သာ ထိုတောင်းဆိုမှုသည် ကျန်းမာရေးဝန်ကြီးဌာနမှသည် အခြားသော မိုးကျရွှေကိုယ်များ ဝင်ရောက်နေသော ဝန်ကြီးဌာနများသို့ ကျယ်ပြန့်သွားပြီး တောင်းဆိုမှုသည် အရပ်ဘက်ဝန်ထမ်းများအားလုံး၏ တောင်းဆိုမှုဖြစ်လာပါက အစိုးရတွင်လည်း နိုင်ငံရေးအကျပ်အတည်းတစ်ရပ် ဖြစ်လာနိုင်စရာရှိသည်။ ထိုမှ ပညာတတ် လူတန်းစားနှင့် အခြေခံလူတန်းစား ချိတ်ဆက်မိသွားပါက ပို၍ကျယ်ပြန့်သော တောင်းဆိုမှုများ ဖြစ်လာနိုင်သည်။ ဆရာဝန်များ၏ နောက်တွင် လူနာများရှိသည် မဟုတ်လော။
အကယ်၍သာ ဆရာဝန်များ ကိုယ်လိုချင်သလောက်သာ ခြေဆန့်ရန် ကြံရွယ်သည်ကို မရိုးမသားတုံ့ပြန်မိပါလျှင် အခြေအနေသည် ပြောမရချေ။ တရားဝင်စာထုတ်ရပါလျက်နှင့် မထုတ်ခြင်းသည် မေ့လောက်မှ ထပ်မံထည့်ရန် ကြံသည်လား။ ဝန်ကြီးအဆင့်များသည်ပင်လျှင် စစ်ဘက်ဆိုင်ရာတာဝန်များ ပြန်လည်ထမ်းဆောင်ရန် ခေါ်ရပါလျှင် လက်ရှိ အမိန့်များကို ပယ်ဖျက်ရန် မခက်ပါ။ အလွယ်ကို အခက်ဖြစ်အောင်များ လုပ်နေသလားတော့ မသိ။
လက်ရှိတွင်တော့ အဖြူရောင်ဂျူတီကုတ်များတွင် အနက်ရောင်ဖဲကြိုးများ ဆင်မြန်းထားကြဆဲပင်။










