လွန်ခဲ့တဲ့ညက ထမင်းစားပွဲမှာ သြစတြေးလျသူ ခရစ် (Krist) နဲ့ ဆုံတယ်။ ထမင်းစားဖိတ်ထားတဲ့အိမ်က အကြီးကြီးဖြစ်သလို စားသောက်တဲ့ စားပွဲဟာလည်း အရှည်ကြီးပါပဲ။ တစ်ယောက်နဲ့တစ်ယောက် စကားလှမ်းပြောဖို့ မလွယ်ပါဘူး။
အိမ်ရှင်က စကားပြောတယ်။
“ကျွန်တော်တို့ ခရီးသွားဖို့ရှိတယ်။နှစ်စဉ် အောက်တိုဘာလကုန်လောက်မှာ ခရီးထွက်ဖြစ်တယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ ရွေးကောက်ပွဲရှိနေတော့ ရွေးကောက်ပွဲပြီးမှပဲ ခရီးထွက်တော့မယ်”လို့ ပြောသွားတယ်။
ဒီတော့ တစ်ယောက်က “ဒါဆို ခရီးမထွက်တော့ဘူးလို့ ပြောတာလား”လို့ ပြောတော့ အားလုံးရယ်ကြတယ်။
ကျွန်တော်သဘောမပေါက်တော့ ခရစ် ကိုမေးရတယ်။
သူမက “ဒါ သရော်ပြီးပြောတာပါ”လို့ ဖြေတယ်။
ဒီတော့မှ သရော်တဲ့ ဟာသတစ်ပုဒ်ကို သတိရတယ်။ လူတစ်ယောက်ဟာ သူငယ်ချင်းဆီက ပိုက်ဆံတစ်သိန်း ချေးတယ်။
“ကျွန်တော် မန္တလေးက ပြန်ရောက်ရောက်ချင်း ပေးပါမယ်” လို့ ကတိပေးတယ်။
သူ့သူငယ်ချင်းကလည်း ရှောရှောရှူရှူ ပဲ ချေးပေးလိုက်တယ်။ ပြီးတော့မှ မေးတယ်။
“သူငယ်ချင်း မင်း မန္တလေးကို ဘယ်တော့သွားမှာလဲ”
“ဘယ်တော့မှ မသွားပါဘူး”တဲ့။
x x x
ခရစ်နဲ့ ကျွန်တော် စကားပြောဖြစ်သွားတော့ ကျွန်တော်က စာရေးတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေအကြောင်း ပြောပြတယ်။
ကျွန်တော် သဘောကျတာကတော့ Winston Churchill ဖြစ်တာကို ပြောပြတယ်။
သူလည်း ထောက်ခံပါတယ်။ Winston Churchill ဟာ စာပေပညာရှင်ဖြစ်တယ်။သူ့ရဲ့စာအုပ်တွေကြောင့် စာပေနိုဘဲလ်ဆုရကြောင်း ဆွေးနွေးဖြစ်တယ်။
တကယ်တော့ Winston Churchill ဟာ ဒုတိယကမ္ဘာစစ်အတွင်းက နာဇီဂျာမနီ ကို အနိုင်တိုက်တဲ့ ဗြိတိသျှတပ်မတော်ကြီးကို ဦးဆောင်နိုင်ခဲ့သူတစ်ဦး ဖြစ်ခဲ့ပါတယ်။
သူ့ကို ဘုရင်က ဝန်ကြီးချုပ်ရာထူးကို ခန့်အပ်ကာ ဦးစီးဦးရွက် ပြုစေခဲ့တယ်။ စစ်အနိုင်ရရှိရေးဟာ သူ့တာဝန်ဖြစ်လာတယ်။ ပါလီမန်ကတစ်ဆင့် ပြည်သူတွေကို မိန့်ခွန်းပြောတယ်။
'I have nothing to offer but blood, toil, tears and sweat.' တဲ့။
“ကျွန်တော့်မှာ ခင်ဗျားတို့ကို ပေးစရာမရှိဘူး။ သွေးတွေ၊ ခက်ခဲတဲ့ အလုပ်တွေ၊ မျက်ရည်တွေ ချွေးတွေပဲ ရှိတယ်”ဆိုတဲ့ သဘောမျိုးပါပဲ။
ပြည်သူတွေကို သူဘယ်တော့မှ မညာခဲ့ဘူး။
သူအလုပ်စတာက စစ်သတင်းထောက်ပါပဲ။ ပြီးတော့ စစ်ဆန့်ကျင်ရေးပဲ။ ဗြိတိသျှဝန်ကြီးချုပ်အဆက်ဆက်ရဲ့ အမှားတွေကို ထောက်ပြသူအဖြစ် အမုန်းခံရတယ်။ ဒါပေမဲ့ သူက စာရေးကောင်းသူဖြစ်လို့ သူ့ကို ဘုရင်ကအစ လက်ခံခဲ့တာပါပဲ။
တကယ်တော့ အိုဘားမားဟာလည်း စာရေးကောင်းသူ ဖြစ်တယ်။
သူဟာ လူမည်းတစ်ယောက်ဖြစ်နေပါတယ်။ သူ့ဖခင်က ကင်ညာနိုင်ငံကပါ။ သူ့ကို လူသိများလာတာက သူ့စာအုပ်နဲ့ သူ့မိန့်ခွန်းတွေကြောင့်ပါပဲ။ ၁၉၉၅ ခုနှစ်မှာ ထုတ်ဝေတဲ့ သူ့ရဲ့စာအုပ် Dream from My Father ဆိုတဲ့ စာအုပ်ဟာ Bestseller ဖြစ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်လည်း သူ့ရဲ့ Freedom from Fear ဆိုတဲ့ Bestseller စာအုပ်နဲ့ ကျော်ကြားခဲ့ပါတယ်။
x x x
ခရစ်နဲ့ ကျွန်တော် ပြောရင်းနဲ့ မြန်မာပြည်က Mindset ကို ပြောပြတယ်။ Mindset ဆိုတာ ယုံကြည်မှုတစ်ခု ဒါမှမဟုတ် တစ်ယောက်ယောက်ရဲ့ အတွေးအခေါ် အမြော်အမြင်တွေ (a set of beliefs or a way of thinking that determine somebody's behaviour and outlook) လို့ ဆိုနိုင်ပါတယ်။
“ကျွန်တော်တို့ တစ်ချိန်က ကျွန်ဘ၀ ကျရောက်တာ စာမဖတ်လို့ပဲလို့ ပညာရှင်တွေက ရိပ်မိတယ်။ စာဖတ်မှ တို့ကို ကမ္ဘာက သိမယ်။ ကမ္ဘာကသိမှ လွတ်လပ်ရေးရမယ်လို့ ယုံကြည်ခဲ့ကြတယ်။ ဒီတော့ ကမ္ဘာ့စာတွေကို ဘာသာပြန်တဲ့ အသင်းဖွဲ့ပြီး ကြိုးပမ်းကြတယ်”
“ကမ္ဘာ့စာပေတွေက အများကြီးပဲ”
“ဟုတ်တယ်။ ကိုယ်ပိုင်အတွေးတွေနဲ့လည်း ရေးကြတယ်။ နဂါးနီစာအုပ်တိုက်ဆိုပြီး စာအုပ်တွေ ထုတ်တယ်။ လွတ်လပ်ရေးရလာပြီးတော့ ဘာသာပြန်အသင်းရယ်လို့ လုပ်လာတယ်။ စာပေဗိမာန်စာအုပ်တိုက်ကို တည်ထောင်တယ်။ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုဟာလည်း စာရေးကောင်းပဲ။ သူ့စာအုပ်တွေဟာလည်း သိန်းဂဏန်းထိ ထုတ်ရပြီး Bestseller ဖြစ်တယ်။ ဒီစာပေကို မျိုးစေ့ချပေးတဲ့ သခင်ဘသောင်းတို့ ဆရာသိန်းဖေမြင့်တို့ဆိုတာလည်း အင်မတန်အရေးကောင်းတဲ့ စာရေးဆရာကြီးတွေပါပဲ။သူတို့စာအုပ်တွေကို ယနေ့ထိ လူတွေ စွဲစွဲလမ်းလမ်း ဖတ်နေကြဆဲပါပဲ။
မြန်မာ့အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကလည်း စာရေးကောင်းပါ။ အိုးဝေဂျာနယ်ရဲ့ အယ်ဒီတာပါပဲ။
ဒါပေမဲ့ ဒီဘက်ခေတ်ဟာ အတော်လေးပြောင်းသွားတယ်”
“ဘယ်လိုပြောင်းသွားတာလဲ”
“အချက် နှစ်ချက်ရှိတယ်။ စာပေစိစစ်ရေးကြောင့် စာကောင်းတွေ ထွက်မလာဘူး။ နောက်တစ်ချက်က ဆင်းရဲသွားတယ်။ အုပ်ချုပ်တဲ့သူတွေက စာပေနဲ့ မရင်းနှီးဘူး။သူ တို့အများစုဟာ စာအုပ်ဖတ်ရမယ်ဆိုတဲ့ ယဉ်ကျေးမှုကို မသိကြဘူး”
“ဒါဆိုရင် သူတို့ အားတဲ့အခါ သူတို့ ဘာလုပ်လဲ။ သူတို့ ဘယ်လိုအပန်းဖြေလဲ”
“ဘာကိုပြောတာလဲ”
သူ့စကားကြောင့် ကျွန်တော်စိတ်ရှုပ်သွားတယ်။ ဒါကြောင့် သူ့ကို ပြန်မေးရတယ်။
“မင်းတို့ အပန်းဖြေတဲ့အခါ စာဖတ်တာကို ပြောတာလား။ မင်းတို့ အပန်းဖြေပုံကို ပြောပြပါလား”
“ငါက အားလပ်တဲ့အခါ ဂီတာတီးတယ်။ ဗြန်းဗြန်းဗြန်းနဲ့ ဂီတာတီးလိုက်ပြီးတော့ စာအုပ်ကုန်းဖတ်လိုက်ပေါ့”
“အင်း၊ အားလပ်ရက်တွေ Holiday သွားတာမျိုးတွေမှာကော ဒီလိုပဲလား”
“ဒီလိုပဲလေ၊ စာအုပ်မဖတ်ဘဲ ဘယ်လို အပန်းဖြေမှာလဲ”
“ဟင်” ခရစ်ပြောတော့ ကျွန်တော်လည်း ငိုင်သွားပါတယ်။
စာအုပ်မဖတ်ဘဲ ဘယ်လိုအပန်းဖြေလဲဆိုတာ သူတို့ရဲ့ Mind-set ပါကလား။ မြန်မာပြည်ကို ရောက်လာတဲ့ Tourists များစွာကို မြင်ဖူးတယ်။
သူတို့ဟာ လေယာဉ်ပေါ်မှာတောင် စာအုပ်ကိုဖတ်နေတာ တွေ့ရပါမယ်။
အင်္ဂလန်လိုနိုင်ငံတွေမှာ မြေအောက်ရထားနဲ့ ခရီးသွားအများစုဟာ စာအုပ်ဖတ်နေတာကို တွေ့ရတယ်။
သူတို့ဟာ မဖတ်ရရင် မနေနိုင်လို့ ဖတ်ကြတာပဲ။
“သူတို့ အပန်းဖြေခရီးတွေမှာ စာဖတ်ကြတာ ဒါကြောင့်ကိုး”လို့ သတိပြုမိတယ်။
x x x
ယနေ့ အမေရိကန်သမ္မတ အိုဘားမား သူ ဘာလုပ်နေလဲဆိုတဲ့ သူ့အကြောင်းကို အင်တာနက်သတင်းများမှာ ဖတ်ရတယ်။ သူသည်နှစ်ပတ်တာ နွေရာသီအားလပ်ရက် ယူမှာဖြစ်တယ်။
အားလပ်ရက်မှာ သူဘာလုပ်မယ်ထင်သလဲ။
သူစာအုပ်ခြောက်အုပ် ဖတ်မယ်တဲ့။ နွေရာသီအားလပ်ရက် စာဖတ်စာရင်းကို ထုတ်ပြန်ထားတယ်။
ဘာကြောင့်လဲ။
သူဖတ်တဲ့ စာအုပ်တွေကနေ သူ့ရဲ့အတွေးပုံရိပ် (Image) ကို ပုံဖော်နိုင်တယ်။ သူ ဒီစာအုပ်တွေ ဖတ်တယ်ဆိုတာကို လူငယ်တွေ အားကျဖို့လည်း ဖြစ်တယ်။
လူငယ်တွေအနေနဲ့သူဖတ်တဲ့စာအုပ်တွေက နိမ့်တယ်။ငါသာ သမ္မတဖြစ်ရင် ဒီထက်ပိုကောင်းတဲ့စာအုပ်တွေ ရွေးဖတ်မယ်စသဖြင့် အတွေးတွေ ဆင့်ပွားနိုင်သေးတယ်။
အိုဘားမား နွေရာသီအားလပ်ရက်မှာ ဖတ်မယ့်စာအုပ်စာရင်းကို သူ့ရဲ့ အိမ်ဖြူတော်အုပ်ချုပ်ရေးအဖွဲ့က အောက်ပါအတိုင်း ဖော်ပြထားတယ်။
- All That Is by James Salter
- All The Light We Cannot See by Anthony Doerr
- The Sixth Extinction by Elizabeth Kolbert
- The Lowland by Jhumpa Lathiri
- Between the World and Me by Ta-Nehisi Coates
- Washionton: A Life by Ron Chernow
x x x
နောက်တစ်ရက်မှာ Paradise မှာ ကော်ဖီသောက်ရင်း ဒီအကြောင်းကို မိတ်ဆွေစာရေးဆရာတွေကို ပြောပြတယ်။
“နှစ်ပတ်မှာ သူစာအုပ် ခြောက်အုပ် ဖတ်မယ်ဆိုတော့ နှစ်ရက် တစ်အုပ်ပေါ့”
“ဟုတ်ပါတယ်။ သူ တကယ် စာဖတ်တာပဲ”
“ခင်ဗျားတို့ကော ဒီလောက်ဖတ်နိုင်လား”
“ကျွန်တော် ဘီအီးဒီတက်တုန်းက စာအုပ်တွေကို ဝါးစားသလို ဖတ်တယ်။ တစ်နေ့ တစ်အုပ် ဖတ်တယ်”
“ဘယ်လို စာအုပ်မျိုးကို ဖတ်တာလဲ”
“ကျွန်တော်က စာရေးဆရာအလိုက် Series နဲ့ ရှာဖတ်တယ်။ ဥပမာ တက္ကသိုလ် ဘုန်းနိုင်ဆိုပါတော့။ သူ့ကျွန်မခံပြီ၊ ညီမလေးရယ် စိုးရိမ်မိတယ်။ စိမ်းနေဦးမည့် ကျွန်တော့်မြေ စတဲ့ ဘုန်းနိုင်ချည်း ဖတ်တယ်။ ငြိမ်းကျော်တို့ မြသန်းတင့်တို့ကိုလည်း ဒီလိုပဲဖတ်တယ်”
ဒီလို စာဖတ်တဲ့သူဟာ ကျော်ကြားနေတယ်။ ချမ်းသာနေတယ်ဆိုတာကို လက်တွေ့ တွေ့နေရတယ်။
x x x
“ဒါကြောင့် ကျွန်တော်တို့ဟာ စာဖတ်ဖို့ လိုတယ်”ဆိုတဲ့အသိဟာ ကျွန်တော့်ခေါင်းထဲ ပေါ်လာတယ်။
“ဘယ်လိုစာအုပ်မျိုးတွေကို ဖတ်ရမှာလဲ”
“ဘယ်လိုဖတ်မလဲ”
ဒီနှစ်ချက်ကို စဉ်းစားလိုက်တဲ့အခါ စာကောင်းပေမွန်ရှားပါးမှုနဲ့ ဘာသာစကား ပြဿနာပေါ်လာတယ်။
စာကောင်းပေမွန်တွေကို ရှာရတာ မခက်ပါ။
“သင်မသေမီ ဖတ်သင့်သော စာအုပ် ၃၆၅ အုပ် သို့မဟုတ် စာအုပ်တစ်ထောင်” စသဖြင့် ပညာရှင်များ ရွေးပေးထားတာတွေ ရှိတယ်။ (မြန်မာစာအုပ်တွေကိုလည်း ထိုသို့ စာရင်းပြုစုသင့်ပါတယ်)
အိုဘားမားဟာ အင်္ဂလိပ်လို ရေးထားတဲ့ စာတစ်အုပ်ကို နှစ်ရက်နဲ့ ဖတ်နိုင်တယ်။
သူ့အတွက် အင်မတန်လွယ်ကူတဲ့ ကိစ္စပဲ။
ကျွန်တော်တို့ရော။
မြန်မာလိုရေးထားတဲ့ စာအုပ်တစ်အုပ် ကို နှစ်ရက်လောက်နဲ့ အေးအေးလေး ဖတ်နိုင်တာပဲ။
ဒီအတွက် စာအုပ်ကောင်းတွေအားလုံး မြန်မာစာနဲ့ ရှိဖို့လိုတာပါပဲ။ ဘာသာပြန်နိုင်တဲ့သူတွေက ဘာသာပြန်ပေးဖို့ လိုတယ်။
ဒီအတွက် အကြံကောင်း ဉာဏ်ကောင်း များစွာလိုတယ်။ အကူအညီတွေလည်း လိုတယ်။
အားလုံးကြိုးစားဆောင်ရွက်ကြမယ်လို့ မျှော်လင့်ပါတယ်။










