မနက်မိုးလင်း မျက်စိနှစ်လုံးဖွင့်တာနဲ့ အိပ်ရာက မထသေးဘဲ ဘေးနားက ဖုန်းကို ဖွင့်ပြီး Facebook ကြည့်ဖြစ်တယ်။ ဘာတွေများ ထူးခြားတာသိရမလဲ။ ဒီနေ့တော့ ကမ္ဘာရဲ့ ဘယ်နေရာမှာ ဘာတွေဖြစ်နေပြီလဲ။ ရုံးကို သွားရာကားပေါ်မှာလည်း ဟိုကြည့်ဒီကြည့် နဲ့ ပျင်းလာရင်Facebook ဖွင့်ဖြစ်တယ်။ ည အိပ်ရာဝင်ခါနီးမှာလည်း ကြောင်နေတဲ့မျက်စိကို အအားမထားဘဲ Facebook ပေါ် ရောက်မိတယ်။ ယခင်က ကွန်ပျူတာ လက်ပ်တော့တွေနဲ့သာ အင်တာနက်သုံးလို့ရပေမယ့် ပြောင်းလဲလာတဲ့ တိုးတက်မှုရေစီးကြောင်းမှာ လက်ဝါးသာသာ Touchscreen ဖုန်းတွေမှာလည်း အင်တာနက်နဲ့ ချိတ်ဆက်သုံးလို့ရတဲ့အတွက် ကျေးဇူးတင်ရမှာဖြစ်ပါတယ်။Facebook ကနေ ကိုယ်သဘောကျတဲ့ စာတွေ၊ ပုံတွေကိုလည်း ဖုန်းထဲမှာ သိမ်းထားလို့ရတယ်။ Facebook သုံးရင်းတက်လာတဲ့ Post တွေကနေ တစ်နေ့ သဘောကျမိတဲ့ စာလေးကို မှတ်ထားမိတယ်။
ယနေ့ခေတ် အမှန်တရားတဲ့။ ရုပ်ပုံလေးတွေနဲ့ ဖော်ပြထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ ပညာတတ်ကြတယ်။ အတွေးအခေါ်အမြော်အမြင် အားနည်းလာကြတယ်။ ဆေးပညာတွေ တိုးတက်လာတယ်။ ကျန်းမာရေးတွေကတော့ ဆိုးရွားလာတယ်။
လူဦးရေ အမြောက်အမြား တိုးပွားလာတယ်။ လူသားဆန်စိတ်ကတော့ နည်းပါးလာတယ်။ မိုးမျှော်တိုက်တာ အဆောက်အအုံတွေ အပြိုင်အဆိုင် ထိုးတက်လာတယ်။ သစ်တောတွေ ပပျောက်လာတယ်။ ကမ္ဘာ့အကြောင်းထက် ကျော်လွန်ပြီး သိဖို့ တခြားဂြိုဟ်တွေကို လေ့လာစူးစမ်းကြတယ်။ ကိုယ့်အိမ်နီးနားချင်းက ဘယ်သူမှန်း မသိတော့ဘူး။ ချစ်သူစုံတွဲတွေ ပေါများလာတယ်။ အချစ်စစ်ကတော့ ရှားပါးလာတယ်။ လူမှုကွန်ရက် Facebook မှာ သူငယ်ချင်းတွေ အများကြီးရှိတယ်။ ပြင်ပလောကမှာတော့ တစ်ယောက်တည်း ငေါင်စင်းစင်းနဲ့။ အမှန်တကယ် ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့အရာတွေဖြစ်ပါတယ်။
တကယ့်လက်တွေ့ ကျွန်တော်တို့ ကိုယ့် ကိုယ်ကိုယ် ဆန်းစစ်ကြည့်ပါ။ မနက်စာလေးကို ကသုတ်ကရက်စားပြီး ၉ နာရီရုံးချိန်မီအောင် အပြေးအလွှားသွားနေရတယ်။ ညနေ ၅ နာရီ ဒေါင်ခနဲထိုးတာနဲ့ အိမ်ပြန်ဖို့ အထုပ်လေးပြင်ရတယ်။ အိမ်ပြန်ရောက်တဲ့အခါ တီဗွီ ရှေ့ရောက် အနားယူအပန်းဖြေရင်း ည ၁၁ နာရီဝန်းကျင်မှာတော့ အိပ်ရာဝင်ဖို့ တာစူနေပါပြီ။ စားဝတ်နေရေးအရ အလုပ်လုပ်ရပေမယ့် ကျွန်တော်တို့ရဲ့ တစ်နေ့တာအချိန်တွေကို စားဝတ်နေရေးမှာ မြှုပ်နှံလိုက်ရတာလား။
အလုပ်တစ်ခုမှာ နေရာတစ်နေရာအတွက် ဘွဲ့လက်မှတ်တွေ အပြိုင်အဆိုင်ယူကြပါတယ်။ အချိန်တွေ၊ ငွေကြေးတွေ သောက်သောက်လဲ ကုန်ကျခံရပါတယ်။ တကယ်တမ်း ကျွန်တော်တို့ရဲ့ တွေးခေါ်မြော်မြင်မှုအားတွေ ကောင်းလာပါရဲ့လား။ ဘွဲ့တစ်ခု ထပ်ရတာနဲ့ ရာထူးတစ်ဆင့် ထပ်တက်လာပေမယ့် ပေးတာယူ၊ ကျွေးတာစား၊ ခိုင်းတာလုပ်နေသရွေ့ကတော့ ကလေးအရွယ်ဖြစ်နေဦးမှာပါပဲ။ လူကြီးဖြစ်ချင်ရင်တော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ကိုယ်ပိုင်အယူအဆ၊ ကိုယ်ပိုင်သတ္တိ ရှိရပါမယ်။ ဒီလိုဆုံးဖြတ်ချက်၊ သတ္တိတွေရှိဖို့ အတွက် တွေးခေါ်မြော်မြင်မှုတရားက အရေးပါပါတယ်။ အတွေးအခေါ်မရှိတဲ့ လုပ်ရပ်တိုင်းဟာ ဆင်ကန်းတောတိုးသလိုသာ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ တကယ်တွေးတော ဆင်ခြင်နိုင်စွမ်းအားတွေ မြင့်မားနေပြီလား။
လူတစ်ယောက်ရဲ့ လိုအင်ဆန္ဒမီးကို အရှိန်အဟုန်မြင့်နေတဲ့ နည်းပညာခေတ်ထဲမှာ လူသားသန်းပေါင်း ၇၀၀၀ ပြည့်သွားပြီ ဖြစ်ပါတယ်။ လူတွေအတွက် နေရာတစ်နေရာကတော့ ရှားပါးလာပါတယ်။ ကိုယ့်အတွက် ကိုယ်တောင် အချိန်မရတဲ့ကာလမှာ သူများတကာရဲ့အခြေအနေကို ဝင်မစွက်ဖက်တော့သလောက် ရှိလာပါတယ်။ မိန်းကလေးတစ်ယောက် ကားတိုက်ခံရတယ်။ ယာဉ်မောင်း က ဆေးရုံပို့ဖို့အတွက် ကားဂိတ်က လူတွေထဲက တစ်ယာက်လောက် သက်သေလိုက်ပေးဖို့ လိုက်ပြောပေမယ့် ကိုယ်နဲ့မဆိုင်သလို သာ တုံဏှိဘာဝေနေတာကို တွေ့ခဲ့ရပါတယ်။ ဒီမိန်းကလေးသာ ကျွန်တော်တို့နဲ့ သက်ဆိုင်သူတွေဆို ဒီလိုနေမှာလား။ ဘာဖြစ်လို့များ ကိုယ်ချင်းစာတရား ကျွန်တော်တို့မှာ ခေါင်းပါးလာရတာပါလဲ မေးခွန်းထုတ်စရာဖြစ်လာနေပါပြီ။
အဆက်မပြတ် တိုးတက်လာတဲ့လူဦးရေအတွက် အထပ်မြင့်တိုက်တွေ မှိုလိုပေါက်လာတယ်။ အိမ်ရာတွေကို ချဲ့ထွင်လာရတယ်။ သစ်တောတွေကို ခုတ်တယ်။ မြစ်တွေကို ရေစီးကြောင်းလွှဲတယ်။ မြေကမ္ဘာဟာ သူ့ကိုလည်း ပြန်ငဲ့ကြည့်ဖို့ ငလျင်တွေလှုပ်၊ ရာသီဥတုတွေ ဖောက်ပြန်ပြီး အသိပေးနေပေမယ့်လည်း ကျွန်တော်တို့ လျစ်လျူရှုမိပါတယ်။ သစ်တောတွေကို ခုတ်မြဲ၊ ကာဗွန်ဒိုင်အောက်ဆိုက်ငွေ့တွေကို အဆုံးအစမဲ့ ကောင်းကင်ယံကို ထုတ်လွှတ်မြဲ ထုတ်လွှတ်နေလျက်ပါပဲ။
ကမ္ဘာကြီး မကျန်းမာတော့ ကမ္ဘာကြီးကို မှီတည်နေတဲ့လူသားတွေလည်း ကျန်းမာရေး ဆိုးရွားလာတယ်။ ကပ်ရောဂါအသွင် ကူးစပ်ရောဂါတွေဟာ တစ်နှစ်တစ်မျိုး Brand new တွေပေါ်လာတယ်။ ဆေးဝါးတွေ တီထွင်ထုတ်လုပ်လေ ရောဂါဘယ ပိုဖြစ်လာလေဆိုတာကို သက်သေပြနေပါတယ်။ ကမ္ဘာကြီးကိုလည်း ကျန်းမာရေးကောင်းအောင် ကုသဖို့ လိုနေပြီဖြစ်ပါတယ်။
ကျွန်တော်တို့ မှီတည်ရာ မြေကမ္ဘာထက် ကျော်လွန်ပြီး အာကာသစကြဝဠာကြီးကို စိတ်ဝင်စားကြတယ်။ ရှာဖွေစူးစမ်းကြတယ်။ ကျွန်တော်တို့ အိမ်နီးနားချင်းကိုတော့ ဘယ်သူမှန်း မသိကြပါဘူး။ စိတ်လည်း မဝင်စားကြပါဘူး။ သူ့အလုပ်သူလုပ်၊ ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ်ဖြစ်ကိုယ်ခံပါပဲ။ လူမှုကွန်ရက် Facebook မှာ သူငယ်ချင်းအများကြီး ရှိကြတယ်။ ပြင်ပလောကမှာတော့ ခင်မင်တဲ့သူတွေရဲ့ အဝေးမှာ ရုံးပိတ်ရက်ဆို ဘယ်သွားရမှန်းမသိတဲ့ ဝေဒနာကို ခံစားနေရတယ်။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ဖို့ လိုနေပြီဖြစ်ပါတယ်။
ချစ်သူစုံတွဲတွေကို လူစည်ကားရာနေရာ အရပ်တော်တော်များများမှာ တွေ့ရတယ်။ လူမမြင်ကွယ်ရာမှာလည်း တွေ့ရတယ်။ တည်းခိုခန်း၊ ဟိုတယ်၊ မိုတယ်တွေမှာလည်း နာရီပိုင်းအခကြေးငွေနဲ့ အခန်းငှားဝန်ဆောင်မှု ပေးကြတယ်။ ကျွန်တော်တို့ အချစ်ဆိုတာ ခန္ဓာကိုယ် တပ်မက်မှုလား၊ ခက်ခဲကြမ်းတမ်းတဲ့ လောကမှာ အပြန်အလှန် နားလည်ဖေးမ ကူညီမှုတွေနဲ့ ခက်ခဲတဲ့ခရီးလမ်းကို အတူတူ သစ္စာရှိရှိ လျှောက်လှမ်းဖို့လား၊ အချစ်ရဲ့ အဓိပ္ပာယ်ကိုလည်း ဖွင့်ဆိုဖို့ လိုအပ်နေပြီ ထင်ပါတယ်။
ချစ်ခြင်းတရားထက် ဖြူစင်နွေးထွေးမှုတွေရှိတဲ့ မေတ္တာတရားနဲ့ လောကကြီးကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။ စကြဝဠာအကြောင်းကို သိသင့်သလို အားလပ်ရက်တွေမှာ အိမ်နီးနားချင်းတွေနဲ့ အသိမိတ်ဆွေ ဖွဲ့သင့်ပါတယ်။ Facebook က သူငယ်ချင်းတွေထက် မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ ရယ်စရာမောစရာ ငယ်ဘဝကို လက်ဖက်ရည်ဆိုင်မှာ စုဖွဲ့ထိုင်ပြောတဲ့အရသာဟာ ဘာနဲ့မှ မလဲနိုင်ဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ သစ်ပင်တွေကို ခုတ်တဲ့သူတွေက ခုတ်နေဦးမှာဖြစ်သလို ကိုယ်ကလည်း တတ်နိုင်သလောက် ပတ်ဝန်းကျင်မှာ အပင်လေးတွေ စိုက်ပျိုးပြီး စိမ်းလန်းအောင် လုပ်သင့်ပါတယ်။
ကြံ့ခိုင်သန်စွမ်းတဲ့ လူငယ်တစ်ယောက်ဖြစ်ဖို့အတွက် ပဋိဇီဝဆေးတွေ သောက်နေတာထက် အစားအသောက်အနေအထိုင်ကို ဆင်ခြင်ပြီး ကျန်းမာရေးအတွက် အားကစားတစ်ခုကို ပုံမှန်လိုက်စားရပါမယ်။ လက်ရှိ ကိုယ်ပိုင်ဆိုင်တဲ့ မိသားစု၊ မိတ်ဆွေ၊ သူငယ် ချင်းအပေါင်းအသင်းတွေနဲ့ ဘဝလေးကို တန်ဖိုးထားရပါမယ်။
ကိုယ်ချစ်မြတ်နိုးရသူကို တန်ဖိုးကြီးတဲ့ ရုပ်ဝတ္ထုအရာတွေကို ပေးတာထက် ဘာနဲ့မှ အစားထိုးမရတဲ့ ချစ်ခြင်းမေတ္တာနွေးထွေး ပျော်ရွှင်မှုတွေနဲ့ အခက်အခဲကြုံတိုင်း အတူရှိနေပေးရမှာဖြစ်ပါတယ်။ စာနာနားလည်မှုတွေနဲ့ အနာဂတ်လမ်းကို ရည်မှန်းချက်ထားပြီး သစ္စာတရားနဲ့အတူ လျှောက်လှမ်းကြည့်ပါ။ လောကကြီးဟာ ပြန်လည်သာယာ လာပါလိမ့်မယ်။ အမှန်တရားဆိုတာ လုပ်ဆောင်မှုတွေအပေါ်မှာသာ မူတည်ပါတယ်။ အများက ရေစုန်မျှောလိုက်နေချိန်မှာ ရေစုန်ကို လိုက်မှာလား၊ ကိုယ်တတ်နိုင်သလောက် ပြန်လည် တည်ဆောက်မှာလား၊ အရာရာဟာ ကိုယ်တိုင်ဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပါတယ်။ ယနေ့ခေတ်မှာဖြစ်နေတဲ့ အမှန်တရားကို ကျွန်တော်တို့ သဘာဝနဲ့ လိုက်လျောညီထွေအောင် ပြောင်းလဲရပါမယ်။










