တပ်မတော်နှင့် SSA (ရွက်ဆစ်) အဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားရာ တစ်ဦး သေဆုံး

တပ်မတော်နှင့် SSA (ရွက်ဆစ်) အဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားရာ တစ်ဦး သေဆုံး
Published 22 August 2015

နယ်မြေရှင်းရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းနှင့် SSA (ရွက်ဆစ်) အဖွဲ့တို့သည် သြဂုတ် ၂၀ ရက်က ရှမ်းပြည်နယ် ကဒူးကြီးဒေသတွင် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားရာ တစ်ဦးသေဆုံးကြောင်း တပ်မတော်ပိုင် မြဝတီသတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။
 
သြဂုတ် ၂၀ရက် နံနက်ပိုင်းတွင် တပ်မတော်စစ်ကြောင်းသည် ကောင်စိုင်း၊ မိုင်းစိတ်၊ ကဒူးကြီးနယ်မြေအတွင်းသို့ ရောက်ရှိစဉ် SSA (ရွက်ဆစ်)အဖွဲ့မှ အင်အားသုံးဦးခန့်နှင့် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ အလားတူ မွန်းလွဲ ၁၂ နာရီခွဲတွင် ပန်တဝိ၊ ဝမ်စလောင်းနယ်မြေအတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် SSA (ရွက်ဆစ်)အဖွဲ့ အင်အား လေးဦးခန့်နှင့် ထပ်မံတွေ့ဆုံ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်းတစ် လောင်း၊ ပွိုင့်-၃၈ မီလီမီတာ ခြောက်လုံးပြူး တစ်လက်၊ ကျည်ခြောက်တောင့်တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းဖော်ပြချက်တွင် ပါရှိသည်။
 
မြဝတီ သတင်းဌာန၏ သတင်းဖော်ပြချက်နှင့် ပတ်သက်၍ ဗိုလ်ချုပ်ကြီးရွက်ဆစ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက “အဲဒါက ကျွန်တော်တို့ ဗဟိုဆီကို အစီရင်ခံထားတာတော့ မရှိသေးပါဘူး။ ကျွန်တော်တို့ နယ်မြေချင်း ထိတွေ့နေတဲ့အပိုင်း နောက်ပြီးတော့ နယ်မြေပိုင်းဆိုင်ရာ သတ်မှတ်မှု ပီပီပြင်ပြင်မရှိသေးတဲ့ ကာလအထိ ဒီလိုမျိုး တိုက်ပွဲတွေအ နည်းအကျဉ်းတော့ဖြစ်နေဦးမယ်ဆိုတာ ကျွန်တော်တို့ နှစ်ဖက်စလုံးတော့ နားလည်ကြတယ်။ နယ်မြေချင်းထိစပ်နေတဲ့ ဒေသခံတပ်တွေအကြားဖြစ်ကြတာပါ။ စစ်ဆင်ရေးနဲ့ တိုက်ကြခိုက်ကြတာတော့ မရှိပါ ဘူး။ ကျွန်တော်တို့ကလည်း ပဏာမ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုး သဘောတူညီချက် ရရှိထားပြီးဖြစ်ပါတယ်။ တစ်ခါတလေကျတော့လည်း နားလည်မှုတွေ လွဲမှားပြီး ထိတွေ့မှုတွေ ရှိတတ်တာကို နှစ်ဖက်စလုံးက နားလည်ပါတယ်။ ဒါကို မပြန့်လာအောင် နှစ်ဖက်စလုံးက ထိန်းသိမ်းထားတဲ့ အနေအထားမျိုး ရှိနေပါတယ်”ဟု ပြောကြားသည်။
 
ရှမ်းပြည်နယ် မောက်မယ်မြို့နယ် ကဒူးကြီးဒေသသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့အကြား နယ်မြေအငြင်းပွားမှု ဖြစ်ပွားနေသည့် ဒေသဖြစ်ပြီး ၂၀၁၄ ခုနှစ်အတွင်းက နှစ်ဖက်အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး သေဆုံး ထိခိုက်မှုများ ရှိခဲ့သည်။
 
RCSS အဖွဲ့သည် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးသဘောတူစာချုပ်ကို အစိုးရနှင့် လက်မှတ်ရေးထိုးမည်ဟု ကြေညာထားသည့် အဖွဲ့တစ်ဖွဲ့လည်း ဖြစ်သည်။