နေရာ

နေရာ
Published 21 August 2015
ဘစံကောက်

လောကမှာပြောကြတဲ့ ဆိုရိုးစကားတစ်ခု ရှိပါတယ်။ “လူတိုင်း ကိုယ့်အိမ်မှာတော့ ရှင်ဘုရင်ချည်းပါပဲ” တဲ့။ဒါနဲ့ ပတ်သက်ပြီး ပုံပြင်လေးတစ်ပုဒ် ဖတ်ဖူးတာ သွားပြီး သတိရမိတယ်။ တစ်ခါက မြေမာအဟောင်းတောရဲ့ တွင်းငယ်တစ်ခုကို အမှီပြုပြီးနေတဲ့ နှံပြည်စုတ်ငှက်ကလေး တစ်ကောင်ဟာ အမိ၊ အဖတို့ အစာရှာထွက်သွားတဲ့အခါ သူနေထိုင်ရာ တွင်းငယ်ကထွက်ပြီး ကောင်းကင်မှာ လျှောက်ပျံသတဲ့။ ဒီတော့ သိမ်းငှက်တစ်ကောင်က သူ့ကို အစာအလို့ငှာ ဖမ်းမိသွားတော့တာပေါ့။ ဒီလိုလည်း အဖမ်းခံရရော ငှက်ငယ်က “အင်း ငါ့နေရာမဟုတ်ဘဲ ကောင်းကင်မှာ ပျံမိလို့သာ ခုလို သူများအစာ အဖြစ်နဲ့ အဖမ်းအဆီး ခံရပေတယ်။ အကယ်၍ ငါ့နေရာ၊ ငါ့အသိုက်အမြုံမှာသာဆိုရင် ဒီသိမ်းငှက်လောက် မဆိုထားနဲ့ ဂဠုန်တောင် ငါမကြောက်ပါဘူး” လို့ မချိတင်ကဲ စကားဆိုရှာတယ်။ ဒါကိုကြားတော့ သိမ်းငှက်က “အောင်မာ မင်းလို လက်မလောက် အကောင်ငယ်လေးက မင်းနေရာမှာ နေတော့ကော ငါ့ကို ဘာများတတ်နိုင်မှာ မို့လို့လဲ” လို့ ပျက်ရယ်စကား ဆိုပါတယ်။ ဒီတော့ ငှက်ငယ်က “သတ္တိရှိရင် လွှတ်ပေးကြည့်လေဗျာ” လို့ ပြန်ပြောတာနဲ့ သိမ်းငှက်က လွှတ်ပေးလိုက်ပါသတဲ့။ ဒီလို သိမ်းငှက်ရဲ့ လက်ကလည်း လွတ်ရော ငှက်ငယ်ဟာ သူ့နေရာအဟောင်းတော မြေမာရဲ့ တွင်း၀ ဂမူအထက်မှာ ပျံနားရင်း “ကိုင်း အခု ကျုပ်နေရာကို ရောက်ပြီ၊ သတ္တိရှိရင် လာခဲ့ပေတော့” လို့ စိန်ခေါ်လိုက်ပါတယ်။ ဒါကိုလည်းမြင်ရော သိမ်းငှက်က ဒေါသတကြီးနဲ့ ကောင်းကင်ကနေ အရှိန်ယူပြီး ငှက်ငယ်ကို ထိုးသုတ်လိုက်တဲ့အခါ ငှက်ငယ်က သူ့နေရာ တွင်းထဲကို စွပ်ခနဲ ခုန်ဝင်ပြီး ရှောင်ပေးလိုက်တာကြောင့် သိမ်းငှက်ခမျာ ရင်ဘတ်နဲ့ မြေစိုင်ခဲ ဝင်ဆောင့်မိပြီး သေပွဲဝင်ရရှာသတဲ့။ နေရာများ အမှီကောင်းရှိရင် ရန်သူကိုတောင် အောင်နိုင်တတ်ပါတယ်။တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ကြီး ‘အရှင်ဇနကာဘိဝံသ’ ကလည်း နံနက်ခင်း သြဝါဒတစ်ခုမှာ သူကိုယ်တိုင်နေရာနဲ့ ပတ်သက်ပြီး ကြုံတွေ့ရပုံလေး တစ်ခုကို ဥပမာပြပြီး ဆုံးမခဲ့တာ မှတ်ခဲ့ရဖူးတယ်။ တစ်ခါက ဆရာတော်ဘုရားဟာ ကိစ္စတစ်ခုနဲ့ ရပ်ထဲရွာထဲကို ကြွသွားတဲ့အခါ စာသင်ကျောင်းတစ်ခု အနီးကို ရောက်တော့ ကလေးများ ကျောင်းဆင်းတဲ့ အချိန်နဲ့ သွားပြီး တိုက်ဆိုင်နေသတဲ့။ သိတဲ့အတိုင်း ကလေးဆိုတာ ကျောင်းလွှတ်ပြီဆိုတာနဲ့ သူ့ထက်ငါကောင်း အတင်းပြေးထွက် တတ်ကြတာကလား။ ဒီကြားထဲ အစအနောက်သန်တဲ့ ကလေးက ပါသေးတယ်။ စနောက်ပြီး ရှေ့ကပြေးတဲ့ ကလေးက ပြေးရင် နောက်က ကလေးတွေကလည်း အတင်းလိုက်တာပဲဆိုတော့ သူတို့မျက်စိထဲ ဆရာတော်ကြီးကိုလည်း ရဟန်းသံဃာပဲလို့ အမှတ်ထားမိကြဟန် မတူဘူး။ အတင်းတိုးတိုက်ပြီး ပြေးကြတယ်။ ဒါကြောင့် ဆရာတော်ကြီးက တိုးမိမှာစိုးလို့ လမ်းဘေးကိုဆင်းပြီး ရှောင်ပေးရတယ်။ ဒါလည်း မလွတ်ဘူး။ တချို့ကလေးတွေက ဆရာတော်ကြီးကို တိုးဝှေ့ပြီး အတင်းပြေးကြတုန်းပဲ။ ဒါကိုမြင်တော့ ဆရာတော်ကြီးနဲ့ ပါလာတဲ့ တပည့် ဦးပဉ္ဇင်းတွေက ဆရာတော်ကြီး လဲပြိုသွားမှာစိုးတာနဲ့ ကလေးတွေကို အော်ဟစ်ငေါက်ငမ်းပြီး ဝင်တားကြတယ်။ ဒီတော့ ဆရာတော်ကြီးက သူ့တပည့် ဦးပဉ္ဇင်းတွေကို “ဟေ့-ဟေ့ မောင်ပဉ္ဇင်းတို့  ကလေးတွေကို အပြစ်မတင်ပါကြပါနဲ့ကွယ်။ ငါတို့က ကိုယ့်နေရာမှာ ကိုယ်မနေဘဲ သူတို့နေရာ လာမိတာကိုးကွဲ့၊ နေပါစေ နေပါစေ” လို့ တားသတဲ့။အမှန်တော့ ဆရာတော်ကြီးက မဟာဂန္ဓာရုံ စာသင်တိုက်ကြီးရဲ့ ဦးစီးပဓာန နာယက ဆရာတော်ကြီးပါ။ သူ့ကျောင်းတိုက်မှာ စာသင်တဲ့ ရဟန်းတော်တွေ ကိုရင်တွေဆိုတာ ဆရာတော်ကြီးရဲ့ စည်းကမ်းအောက်မှာ တစ်သွေမတိမ်း လိုက်နာနေထိုင်ပြီး စာသင်ကြရပါတယ်။ ဆရာတော်ကြီးဟာ သာသနာတော်မှာ လူ၊ ရှင်၊ ရဟန်း အားလုံးသော ပုဂ္ဂိုလ်တွေရဲ့ ကျောက်ထီးတန္တု အလေးဂရုပြုရတဲ့ ဆရာတော်ကြီးလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အခုဟာက ဆရာတော်ကြီးရဲ့ကျောင်းတိုက် မဟုတ်ပါဘူး။ ရပ်ထဲရွာထဲက စာသင်ကျောင်းလေး တစ်ခုရဲ့ အနီးအပါးမှာဆိုတော့ ဆရာတော်ကြီးရဲ့ အရှိန်အဝါ ဘယ်လောက်ပဲကြီးကြီး ကလေးတွေက အမှတ်အသား မထားပါဘူး။ ဒီအချိန်မှာ ဆရာတော်ကြီးကိုမှ မဟုတ်ပါဘူး။ ဘယ်သူဘယ်ဝါပဲဖြစ်စေ သူတို့စိတ်ထဲ အလေးထားကြမှာလည်း မဟုတ်ပါဘူး။ ဒါကို ဆရာတော်ဘုရားကြီးက နားလည်တော့ ပြုံးပြုံး-ပြုံးပြုံးနဲ့ သည်းခံရှာပါတယ်။ နေရာဆိုတာ ဒီလောက် အရေးပါပါတယ်။ဒီလို ‘တောင်မြို့’ တူမောင်ကျောင်းတိုက် ညဝါအကျော် ဆရာတော်ကြီး “ဘဒ္ဒန္တ နန္ဒိယ” ဆရာတော်ကြီးကလည်း သူ့ကျောင်းတိုက်မှာ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်တဲ့အခါ ‘နေရာ’ ကို အဓိကထားပြီး ဆုံးဖြတ်တော်မူလိမ့် ရှိတယ်လို့ ဆိုပါတယ်။ တစ်ခါက မိန်းကလေးတစ်ယောက်က စက်ဘီးစီးပြီး ကျောင်းတိုက်တစ်ခုကို ဆွမ်းပို့ဖို့အသွား ဆရာတော်ကြီးရဲ့ ကျောင်းဝင်းထဲက ဖြတ်သွားတော့ကို ရင်ကြီးတစ်ပါးက အဲဒီမိန်းကလေးကို ပြောင်လှောင်လိုက်မိပါတယ်။ ဒီလို အလှောင်ခံရတော့ ဟိုမိန်းကလေးကလည်း ဆတ်ဆတ်ထိမခံတဲ့ အထဲက ထင်ပါရဲ့။ ပြန်လှန်ပြီး ရန်တွေ့တော့ပါပဲ။ တစ်ယောက်နဲ့တစ်ယောက် အချေအတင် ဖြစ်တဲ့အခါ မိန်းကလေးက ငိုယိုပြန်သွားပြီး သူ့မိဘတွေကို တိုင်ပါတယ်။ မိန်းကလေးရဲ့ မိဘတွေက ဆရာတော်နဲ့ အလွန် ရင်းနှီးပါတယ်။ ဒါကြောင့် ကျောင်းကို လိုက်လာပြီး တိုင်တန်းလျှောက်ထားကြတဲ့အခါ ဆရာတော်ကြီးက ဘယ်သူလှောင်တာလဲ ပြောင်တာလဲ မမေးဘူး။ “ဘယ်နေရာမှာ ဖြစ်တာလဲလို့” သာ မေးပါတယ်။“ဒီကျောင်းဝင်းထဲမှာပါပဲ ဘုရား၊ ကုဋီရှေ့က မန်ကျည်းပင် အရိပ်ထဲမှာ ထိုင်နေတဲ့ ကိုယ်တော်တွေက ဝိုင်ပြီး စကြတာပါ” ဆိုတော့ ဆရာတော်ကြီးက “အေး နင့်သမီး ကိုယ့်နေရာမှာ ကိုယ်မနေဘဲ ဘာဖြစ်လို့ ကျောင်းဝင်းထဲ လာရသတုံး၊ သွား ပြန်ကြ” လို့ ငေါက်လွှတ်လိုက်ပါသတဲ့။ ကိုယ့်နေရာမှာ ကိုယ်မနေရင်တော့ ဒီလိုပဲ အစအနောက် ခံရမှာပဲ။ အစအနောက် မခံချင်ရင် ကိုယ့်နေရာမှာ ကိုယ်နေလို့ ဆိုလိုက်တာပါ။ နေရာဆိုတာ သူ့နေရာ၊ ကိုယ့်နေရာ ရှိပါတယ်။ အလေးထားရမှာပါ။ကျွန်တော် ငယ်ငယ်ကလည်း ကြုံဖူးတယ်။ ကျွန်တော်တို့ ကျောင်းက လမ်းမကြီး အတိုင်းသွားရင် ပိုပြီး နီးပါတယ်။ ဒါပေမဲ့ အဲဒီ ရုံးဝင်းထဲက ဝန်ထမ်းအိမ်ရာမှာ မွေးထားတဲ့ ခွေးတစ်ကောင်က အင်မတန်ဆိုးပါတယ်။ လူစိမ်းမြင်ရင် အတင်းလိုက်ကိုက်တာပါ။ တစ်နေ့ ကျွန်တော်တို့ ကလေးတစ်စု အဲဒီ ရုံးဝင်းထဲက ဖြတ်သွားတော့ အဲဒီခွေးက လိုက်ကိုက်ပါတယ်။ ကျွန်တော်တို့က ကြောက်လန့်ပြီး အတင်းထွက်ပြေးလို့ လွတ်သွားပေမဲ့ ကလေးတစ်ယောက်က ပြေးလို့မလွတ်ဘဲ အကိုက်ခံရပါတယ်။ ဒါနဲ့ ကလေးမိဘတွေက လိုက်လာပြီး ခွေးရှင်ကို တိုင်တဲ့အခါ ခွေးရှင်မိန်းမကြီးက မတောင်းပန်တဲ့အပြင် “နင်တို့ ကိုယ့်လမ်းကိုမသွားဘဲ ခွေးကိုက်တတ်တဲ့လမ်းက လာတာကိုး။ အကိုက်ခံရတာတောင် နည်းသေးတယ်” လို့ ရန်တွေ့ လွှတ်လိုက်ပါတယ်။ ကျွန်တော်တို့လည်း ကြောက်တာနဲ့ နောက်ဆို ရုံးဝင်းထဲက မသွားတော့ဘူး။ ခွေးက သူ့ရုံးဝန်းထဲကို မဝင်ရင် လှည့်တောင် မကြည့်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ကလေးတစ်စု စိတ်ထဲမှာတော့ ဒီခွေးကို အပြင်မှာသာတွေ့ရင် အမှုန့်ဖြစ်သွားအောင် လုပ်ပစ်မယ်လို့ ငြိုးထားကြပါတယ်။ ဒါနဲ့ တော်သလင်းလကျတော့ အဲဒီခွေး ကျွန်တော်တို့ ရပ်ကွက်ထဲကို ရောက်ရောက်လာပါတယ်။ ကျွန်တော်တို့က အရမ်းဆိုးတယ်လို့ ထင်ထားတဲ့ခွေးဟာ ရပ်ကွက်ထဲကို ဘယ်နှယ်လာတယ် ထင်ပါသလဲ။ မျက်စိက ကျီးကန်းတောင်းမှောက် ကုပ်ချောင်းကုပ်ချောင်းနဲ့ပါ။ ဘယ်ရမလဲ။ ကျွန်တော်တို့ကလည်း ကိုယ့်နေရာကို ရောက်လာတဲ့ အဲဒီခွေးကို တွေ့ရာသချုႋင်း ဓားမဆိုင်းပါ။ တွေ့တဲ့နေရာမှာ တွေ့တာနဲ့ ကောက်ထုပါတယ်။ ခမျာ အမြီးကလေးတန်းပြီး တကိန်ကိန်နဲ့ အော်ပြီး ပြေးနေရတာနဲ့ပဲ တစ်ခါမှတောင် မတော်သလင်းလိုက်ရပါဘူး။ သနားပါတယ်။ အင်း ကိုယ့်နေရာ မဟုတ်ရင် တိရစ္ဆာန်လည်း အမြီးကုပ်ပြီး ထွက်ပြေးရတာပါပဲ။နေရာဆိုတာ ကိုယ်နေတဲ့ အရပ်မို့လို့လည်း အားတစ်မျိုး ရှိပါတယ်။ ပြီး ကိုယ့်မိဘ အသိုင်းအဝိုင်း၊ ကိုယ့်ဆွေကိုယ့်မျိုး၊ ကိုယ့်ဆရာသမား၊ ကိုယ်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေလည်း ရှိတာမို့ အားရှိတတ်ပါတယ်။ မြန်မာလူမျိုးတွေအဖို့ မြန်မာမြေဟာ သူ့ရဲ့အားပါ။ အခြေအနေအရ ကိုယ့်နိုင်ငံမှာ အလုပ်အကိုင်က ရှားပါး၊ စားဝတ်နေရေးအတွက် လုပ်ကိုင်နေထိုင် စားသောက်ဖို့ အခက်အခဲ ရှိလွန်းလို့သာ တစ်ပြည်တစ်နိုင်ငံဖြစ်တဲ့ ထိုင်းတို့၊ မလေးရှားတို့ စင်ကာပူတို့မှာသွားပြီး အလုပ်လုပ်နေရပေမယ့် ခမျာများ ကိုယ့်ရေ ကိုယ့်မြေ ကိုယ့်တိုင်းပြည်မဟုတ်လေတော့ ဝံ့ဝံ့စားစား မနေရဲကြရှာဘူး။ မကြာခဏဆိုသလို သူများနိုင်ငံမှာ အနှိပ်စက်ခံ၊ အနိုင်ကျင့်ခံ၊ အသတ်ဖြတ်ခံနေရပေမယ့် ဘယ်သူကမှ အရေးတယူလုပ်ပြီး ဖြေရှင်းပေးတာမျိုး မရှိဘူး။ အဲဒီနိုင်ငံရဲ့ ဥပဒေအရလည်း အကာအကွယ်ပေးတာ မခံကြရရှာဘူး။ တစ်ရက်က ကာတွန်းလေးတစ်ကွက်ဖတ်လိုက်ရတယ်။ “အရင်တုန်းက သူများလူမျိုးက ကိုယ့်နိုင်ငံကိုလာပြီး ကျွန်ပြုတာခံရတယ်။ ခုခေတ်ကတော့ ကိုယ့်လူမျိုးတွေက တစ်ကမ္ဘာလုံးကို လှည့်ပြီး ကျွန်လိုက်ခံနေရတယ်” တဲ့ ရယ်စရာမကောင်းတဲ့ ကာတွန်းလေးပါ။အကယ်၍ ကိုယ့်တိုင်းပြည်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရမယ်၊ တရားဥပဒေ အမှန်တကယ်စိုးမိုးပြီး ပြည်သူတွေ အေးအေးချမ်းချမ်း နေထိုင်လုပ်ကိုင် စားသောက်နိုင်မယ်၊ ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီစနစ် ပီပီပြင်ပြင် အကောင်အထည်ဖော်လာနိုင်မယ်၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးကဏ္ဍတွေ  အဘက်ဘက်မှာ တိုးတက်လာပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများလာမယ်ဆိုရင် ပြည်သူတွေ လက်ရှိခံစားနေရတဲ့ ဒုက္ခတွေဟာ ပြေလည်ပြီး ကိုယ့်တိုင်းပြည်ကနေ ဘယ်သူမှ တခြားကို ထွက်ကြတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်လူမျိုးတွေ ကိုယ့်နိုင်ငံထဲမှာ အေးအေးချမ်းချမ်း လုပ်ကိုင်နေထိုင် စားသောင်နိုင်အောင် အားလုံးဝိုင်းဝန်း ကြိုးစားကြရဦးမှာပါ။မြန်မာလူမျိုးတွေအတွက်တော့ မြန်မာမြေဟာ အကောင်းဆုံးပါပဲ။

Most Read

Most Recent