ကျွန်တော်တို့ သူငယ်ချင်းတစ်စုက ဒုတိယမိသားစုလို့ နာမည်ပေးထားတဲ့ အဖွဲ့လေးတစ်ဖွဲ့ ရှိပါတယ်။ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့ထဲမှာရှိတဲ့ ပရဟိတရပ်ဝန်းဆိုတဲ့ အဖွဲ့လေးပါပဲ။ အဲဒီ အဖွဲ့လေးဟာ ဒိုက်ဦးမြို့၊ ကန်တော်မင်္ဂလာ ကျောင်းတိုက်မှာရှိတဲ့ မိဘမဲ့ ကလေးတွေရဲ့ စားရေး၊ သောက်ရေး၊ နေရေး၊ ထိုင်ရေး၊ ကျန်းမာရေးကို ဂရုတစိုက် ကူညီစောင့်ရှောက်ပေးနေတဲ့ အဖွဲ့လေးဆိုရင် မမှားပါဘူး။ပရဟိတရပ်ဝန်း မဖြစ်ခင် အစောပိုင်း ကာလများကတော့ အဲဒီမြို့က စေတနာရှင် မိသားစုတစ်စုရဲ့ တစ်ပိုင်တစ်နိုင် လုပ်ကိုင်နေပုံများကို ဖေ့ဘွတ်မှတစ်ဆင့် ကျွန်တော်တို့ သိခွင့်ရခဲ့ပါတယ်။ သို့သော် နောက်ပိုင်းမှာတော့ ထိုမိသားစုနှင့် ဆက်သွယ်စုံစမ်းပြီး အဆိုပါ ကျောင်းတိုက်လေးကို ရောက်ရှိသွားပါတယ်။ ထိုမှတစ်ဆင့် သူငယ်ချင်းတစ်စု တိုင်ပင်ကာ ကလေးတွေ၏ ရေရှည်ရပ်တည်ရေးအတွက် အသင်းလေးဖွဲ့ကာ ရန်ပုံငွေ ထူထောင်ဖို့ အကြံပေးခဲ့ပါတယ်။ ထိုအကြံကို စေတနာရှင် မိသားစုကလည်း လက်ခံတဲ့အတွက် မိသားစုဝင် မဟုတ်တဲ့ အခြားဒေသခံများကိုပါ ခေါ်ငင်စုစည်းကာ ပရဟိတရပ်ဝန်းဆိုပြီး အဖွဲ့လေး ဖွဲ့လိုက်ပါတယ်။ အသင်းရေရှည်ရပ်တည်ဖို့ ငွေပဒေသာပင်လေး တစ်ခုလည်း စိုက်ထူနိုင်ခဲ့ပါတယ်။အခုဆိုရင် ပရဟိတရပ်ဝန်း၏ သက်တမ်းက တစ်နှစ်ပင် ပြည့်ပါတော့မယ်။ ကျွန်တော်တို့ သူငယ်ချင်းတစ်စု မကြာမကြာ အဲဒီ အသင်းတည်ရှိရာ ဒိုက်ဦးသို့ သွားရောက်၍ လိုအပ်တာလေးတွေကို အကြံဉာဏ်ပေးခြင်း၊ တတ်နိုင်သလောက် ကူညီထောက်ပံ့ခြင်း၊ အခက်အခဲ ကြုံလာပါက စုပေါင်းညှိနှိုင်း တိုင်ပင်ခြင်းများ လုပ်ကိုင်ပေးလျက် ရှိပါတယ်။ပြောရရင် အဲဒီအသင်းလေးဟာ ကျွန်တော်တို့ရဲ့ ဒုတိယမိသားစုသဖွယ် ဖြစ်နေပါပြီ။ ကျွန်တော်တို့ ဘဝရဲ့ တစ်ထောင့်တစ်နေရာမှာ သူတို့ဟာ အရေးပါ အရာရောက်နေပြီလို့ ပြောလို့ရပါတယ်။ ဘဝမှာ သွေးမတော်သားမစပ် ငယ်ပေါင်းကြီးဖော် အိမ်နီးနားချင်းတွေလည်း မဟုတ်ပါဘဲ မနေ့တစ်နေ့ကမှ သိကျွမ်းခင်မင်ခဲ့ရပေမယ့် သံသရာ အဆက်ဆက်က ပါလာတဲ့ အထုံရေစက်ကြောင့် ထင်ပါရဲ့။ သူတို့ဟာ ကျွန်တော်တို့ရဲ့ ဆွေမျိုးသားချင်း မောင်နှမတွေသဖွယ် ဖြူစင်တဲ့ သံယောဇဉ်နှောင်ကြိုး ရစ်ပတ်ချည်နှောင်မိခဲ့တာတော့ သေချာပါတယ်။ဒါဟာ တွေးကြည့်ရင် အံ့သြဖို့လည်း ကောင်းသလို ကြည်နူးဖို့လည်း ကောင်းပါတယ်။ မြိန်ရာဟင်းကောင်း ခင်ရာဆွေမျိုးဆိုတဲ့ စကားကိုလည်း သတိရမိပါတယ်။ အခုဆိုရင် သူတို့နဲ့ ကျွန်တော်တို့ဟာ သွေးရင်းသားရင်းတွေလို စေတနာ၊ မေတ္တာတရားတွေနဲ့ အပြန်အလှန် ကူးလူးဆက်ဆံမိခဲ့ကြပါပြီ။ ဒါကြောင့်လည်း သူတို့ဟာ ကျွန်တော်တို့ရဲ့ ဒုတိယ မိသားစုပါပဲလို့ တင်စားခေါ်ဝေါ်ရခြင်း ဖြစ်ပါတယ်။ကျွန်တော်ဟာ အဲဒီအသင်းလေးနဲ့ ဆက်စပ်ပြီး ဒုတိယမိသားစုဆိုတဲ့ စကားလုံးလေးကို စဉ်းစားနေမိပါတယ်။ အဲဒီ စကားလုံးလေးမှာ လေးနက်တဲ့ အဓိပ္ပာယ်တွေ ပေါင်းစပ်ပါဝင်နေတယ်လို့ ထင်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိသားစုဆိုတဲ့ စကားလုံးလေးကို ကြားလိုက်ရတယ် ဆိုရင်ပဲ ရင်ထဲမှာ အေးမြနွေးထွေးသွားသလို ခံစားလိုက်ရလို့ပါပဲ။ ကျွန်တော်တို့ ဘဝမှာ အဖေ၊ အမေ၊ ညီအစ်ကိုမောင်နှမဆိုတဲ့ မိသားစု အသိုင်းအဝိုင်း ကိုယ်စီကိုယ်စီ ရှိကြပါတယ်။ ဒါဟာ ကျွန်တော်တို့ ဘဝရဲ့ ပထမ မိသားစုပါပဲ။ဘဝမှာ မိသားစုဆိုတာ အရေးပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စားဝတ်နေရေးအတွက် ဘဝတိုက်ပွဲကို ရင်ဆိုင်နွှဲကြတဲ့အခါ မိသားစုဝင် အသီးသီးဟာ မိမိတို့ကျရာ အခန်းကဏ္ဍကနေ တာဝန်ကိုယ်စီ ထမ်းဆောင်ခဲ့ကြရလို့ပါပဲ။ ရဲဘော်ရဲဘက်စိတ်နဲ့ တက်ညီလက်ညီ စည်းလုံးညီညွတ်စွာ အေးအတူပူအမျှ နေထိုင်လာခဲ့ကြတာမို့လို့ မိသားစုရဲ့ အဓိပ္ပာယ် အနှစ်သာရဟာ ပိုပြီးပြည့်စုံကြွယ်၀ နက်ရှိုင်းလာရပါတယ်။ကျွန်တော်တို့ ဘဝမှာ မိမိကို ကျေးဇူးအပြုခဲ့ဆုံးကလည်း အဲဒီ ပထမ မိသားစုပါပဲ။ ဒါကြောင့် အရေးကိစ္စ ကြုံလာတဲ့အခါ ကျွန်တော်တို့ အရင်ဆုံး ဂရုစိုက်ရမှာ အဲဒီ ပထမ မိသားစုပါပဲ။ အဦးဆုံး ကာကွယ်ရမှာလည်း အဲဒီ ပထမ မိသားစုပါပဲ။ ကျွန်တော်တို့ ဘဝမှာ ဘာပဲလုပ်လုပ် ပထမ မိသားစုအကြောင်း ထည့်မတွေးလို့ မရပါဘူး။ ကျွန်တော်တို့ ဘဝမှာ အရင်ဆုံး ကျေပွန်ရမှာ အဲဒီ ပထမမိသားစု တာဝန်ပါပဲ။ ဒါဟာ လူသားအဖြစ် ဘဝတစ်ခု ရလာတဲ့ ကျွန်တော်တို့အားလုံး ရှောင်လွှဲလို့ မရတဲ့ တာဝန်ပါပဲ။ပထမတာဝန် ပြီးတဲ့အခါ ဒုတိယ ကျေပွန်ရမယ့် တာဝန်ကတော့ ကိုယ့်ပတ်ဝန်းကျင်က လူသားတွေရဲ့ အရေးကိစ္စပါပဲ။ အဲဒါကို ဒုတိယမိသားစု တာဝန်လို့ ကျွန်တော်ပြောပါရစေ။ ဘာဖြစ်လို့လဲဆိုတော့ ပထမမိသားစုဝင်များမှအပ ကျန်လူသားအားလုံးဟာ ကျွန်တော်တို့ ဘဝရဲ့ ဒုတိယမိသားစုဝင်တွေချည်း ဖြစ်နေလို့ပါပဲ။ ပြောချင်တာက ကျွန်တော်ဘဝတို့မှာ ပထမမိသားစုပဲရှိတာ မဟုတ်ဘူး။ ဒုတိယမိသားစုလည်း ရှိသေးတယ် ဆိုတာပါပဲ။စာဖတ်သူ စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ဟာ ကိုယ့်မိသားစု တစ်စုတည်းနဲ့ ပတ်ဝန်းကျင်မှာ ရပ်တည်နေတာ မဟုတ်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာ အခြားသော မိသားစုဝင်တွေ အများကြီး ရှိပါသေးတယ်။ ပြောရရင် အခြားသော မိသားစုတွေ ရှိနေလို့ ကိုယ့်မိသားစုလည်း ရပ်တည်နေနိုင်တာပါ။ တစ်နည်းပြောရရင် အခြားမိသားစုတွေက ကိုယ့်မိသားစုကို ကျေးဇူးပြုထားတယ်လို့ ပြောလို့ရပါတယ်။ ဒါကြောင့် အခြားမိသားစုဝင်တွေကို ကျေးဇူးပြန်ဆပ်ဖို့ လိုပါတယ်။ ဒါဟာ ကျွန်တော်တို့ ဘဝမှာ ရှောင်လွှဲလို့မရတဲ့ ဒုတိယမိသားစု တာဝန်ပါပဲ။ဒုတိယမိသားစုဆိုတဲ့ စကားလုံးကို စဉ်းစားကြည့်လေ ကျွန်တော် သဘောပေါက်လာလေပါပဲ။ ကိုယ့်ဘဝမှာ ဒုတိယ မိသားစုဝင်တွေ အများကြီးပါလား။ သူတို့အရေးကို ထည့်သွင်းစဉ်းစားဖို့ လိုတယ်။ သူတို့ လိုအပ်တာတွေကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးဖို့ လိုတယ်။ ပြီးတော့ သူတို့ဟာ ကိုယ့်ဘဝမှာ တစ်စိတ်တစ်ဒေသ အရေးပါ အရာရောက်တယ်လို့လည်း တွေးမိပါတယ်။ ဒါနဲ့ တစ်ဆက်တည်း ပရဟိတဆိုတဲ့ စကားလုံးကိုပါ ဆက်တွေးမိတယ်။တကယ်တော့ ကျွန်တော်တို့ ပရဟိတ လုပ်တယ်ဆိုတာ ကိုယ့်ပတ်ဝန်းကျင်က လူသားတွေအကျိုး ဆောင်ရွက်ခြင်းပဲ မဟုတ်ပါလား။ တစ်နည်းပြောရရင် ဒုတိယမိသားစုဝင်တွေရဲ့ အရေးကိစ္စကို ထည့်သွင်းစဉ်စားခြင်းပါပဲ။ ဒါကြောင့် ပရဟိတ အလုပ်ဟာ ကိုယ့်ရဲ့ ဒုတိယမိသားစုကို ပြုစုလုပ်ကျွေးခြင်းပဲလို့တွေးပြီး ကျွန်တော် ကြည်နူးမိသွားပါတယ်။အခုလက်ရှိ မြန်မာပြည်တစ်ဝန်းက ရေဘေးသင့်ဒေသတွေကို စေတနာရှင် ပြည်သူတွေ သွားရောက်လှူဒါန်းနေကြတာကို အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ ပြည်သူတွေ ကိုယ့်ပတ်ဝန်းကျင်က ဒုတိယ မိသားစုဝင်တွေကို စိတ်ဝင်စားတဲ့ အပြုအမူတွေပါပဲ။ အရေးကြုံလာတဲ့အခါ မိမိတို့ရဲ့ ဒုတိယတာဝန်ဖြစ်တဲ့ ဒုတိယ မိသားစုရေးကို ပစ်ပယ်မထားကြပါလားဟု တွေးမိပြီး ကျွန်တော် ကျေနပ်သွားပါတယ်။ကျွန်တော်တို့ အားလုံးမှာ ပထမ မိသားစုအပြင် ဒုတိယ မိသားစုလည်း ရှိပါသေးလား ဆိုတာကို မမေ့မလျော့ နှလုံးသွင်းနိုင်ခဲ့ကြလို့လည်း အတိုင်းမသိ ဝမ်းသာမိပါတယ်။ ဒါ့အပြင် လက်ရှိ မြန်မာနိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ အရေးကိစ္စပေါင်းစုံမှာ အခက်အခဲတွေ ကြုံနေရလို့ အကူအညီ အထောက်အပံ့ လိုအပ်နေတဲ့ ဒုတိယ မိသားစုဝင်တွေ အများကြီး ရှိနေပါသေးတယ်။ အဲဒီ မိသားစုဝင်တွေကိုလည်း ကျွန်တော်တို့ လျစ်လျူမရှု ဥပေက္ခာမပြုဘဲ တတ်နိုင်သမျှ ဖေးမကူညီသွားကြရပါဦးမယ်။










