ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ယာဉ်မတော်တဆမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပြီး လူ့အသက်တွေလည်း ဆုံးရှုံးခဲ့ကြရတဲ့နောက် ဝေဖန်မှုတွေလည်း တစ်ဖန် ထွက်ပေါ်လာခဲ့ပါတယ်။ယာဉ်မတော်တဆမှုတွေကြောင့် ဝေဖန်မှုတွေ ရှိခဲ့တဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုတွေကြောင့် သေဆုံးသူ ၁၀ ဦးအထက် ရှိခဲ့ပါတယ်။ သြဂုတ် ၁၀ ရက်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၀၅/၁ နှင့် ၁၀၅/၂ ကြားမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ ပွဲချင်းပြီး သေဆုံးသူ ခုနစ်ဦးအထိ ရှိခဲ့ပြီး ဆေးရုံတွင် ဆေးကုသခံနေစဉ် နှစ်ဦး ထပ်မံသေဆုံးခဲ့တာကြောင့် သေဆုံးသူ ကိုးဦးအထိ ရှိခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ၂၅ ဦးအထိ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး သုံးဦးမှာ စိုးရိမ်ရတဲ့အထိ ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သတင်းတွေမှာ ပါရှိခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ ယာဉ်ဟာ လမ်းမပေါ်မှာ သုံးပတ်ခန့် လိမ့်သွားခဲ့တာကြောင့် အခုလို သေဆုံး၊ ဒဏ်ရာရမှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ သြဂုတ် ၁၂ ရက်မှာလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာသူ သုံးဦးအနက် နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြန်ပါတယ်။ အမြန်လမ်းပေါ်က ယာဉ်မတော်တဆမှုတွေကြောင့် သေဆုံးမှုတွေက ရပ်တန့်မသွားခဲ့ပါဘူး။ သြဂုတ် ၁၆ မှာလည်း ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တစ်ခုမှာ ရေဘေး လာရောက်ကူညီတဲ့ စင်ကာပူရောက် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦး သေဆုံးခဲ့ပြန်ပါတယ်။ အဲဒီဖြစ်စဉ်ကတော့ အမြန်လမ်းနဲ့ ပတ်သက်ပြီး ဝေဖန်မှု ရှိခဲ့တဲ့ ပင်မလမ်းထက် ကျဉ်းမြောင်းနေတဲ့ တံတားအဝင်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ဒီလိုရက်ပိုင်းအတွင်း ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပွားလာပြီးတဲ့အပေါ် ဝေဖန်မှုတွေ ရှိလာခဲ့ပါတယ်။ ဝေဖန်မှုများတွင် လမ်းရဲ့လိုအပ်ချက်များ၊ မောင်းနှင်သူများရဲ့ လိုအပ်ချက်များအပေါ် ဝေဖန်မှုများ ရှိကြပါတယ်။ အထူးသဖြင့် ယာဉ်တိမ်းမှောက်မှုများ ဖြစ်ပေါ်နေပြီး လူသေဆုံး၊ ဒဏ်ရာရမှုများ အဆက်မပြတ် ဖြစ်ပွားနေသော်လည်း သက်ဆိုင်ရာရဲ့ အရေးတယူ ကိုင်တွယ်မှု အားနည်းနေတဲ့ အပေါ်ကို ထောက်ပြဝေဖန်မှုများ ရှိခဲ့တာ တွေ့ရပါတယ်။ ဝေဖန်သူ အများစုက လူ့အသက်များ ဆုံးရှုံးမှုများဟာ ဘယ်အရာနဲ့မှ အစားထိုး မရနိုင်တာကြောင့် အမြန်လမ်းမှာ ယာဉ်မတော်တဆမှုများ လျော့ကျသွားဖို့ ကောင်းမွန်တဲ့ အစီအမံတွေကို ချက်ချင်းလုပ်ပေးဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။ အချို့ကတော့ ယခုလို ဖြစ်ရပ်များကြောင့် အမြန်လမ်းကို အသုံးပြုဖို့ စိုးရွံ့မှုတွေ ရှိနေသော်လည်း အချိန်ကို ချုံ့ပြီး အမြန်ခရီး သွားနိုင်ဖို့အတွက် အမြန်လမ်းမှလွဲပြီး ရွေးချယ်စရာ မရှိတာကြောင့် ကြောက်ရွံ့ထိတ်လန့် စိတ်ဖိစီးမှုများနဲ့ အမြန်လမ်းကို အသုံးပြုနေရကြောင်း လူမှုကွန်ရက်တွေမှာ ရေးသားမှုတွေ ရှိနေခဲ့ပါတယ်။တကယ်တော့ အမြန်လမ်းမှာ ဖြစ်ပွားတဲ့ ယာဉ်မတော်တဆမှုတွေမှာ ယာဉ်တိမ်းမှောက်မှုတွေက အများဆုံး ပါဝင်နေပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို တရားဝင် စတင်အသုံးပြုခွင့် ပြုခဲ့စဉ် ကတည်းက ယာဉ်မတော်တဆမှုတွေ ဖြစ်ပွားခဲ့ရာမှာ လက်ရှိ အမြန်လမ်းတစ်လျှောက် ယာဉ်မတော်တဆမှုတွေ အရင်ကထက်တိုးပြီး ဖြစ်ပွားလာတယ်လို့ အမြန်လမ်း လုံခြုံရေးရဲတပ်ဖွဲ့က အကြီးအကဲတွေကိုယ်တိုင် တရားဝင် ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ အမြန်လမ်း ယာဉ်မတော်တဆမှုများဟာ နှစ်စဉ်ရာနဲ့ချီ ဖြစ်ပွားနေသလို သေဆုံးဒဏ်ရာရသူ ဦးရေဟာလည်း ရာနဲ့ချီ ရှိနေပါတယ်။ ထုတ်ပြန်ချက်အချို့အရ ယခုနှစ်အတွင်းမှာဆိုရင် ဇန်နဝါရီမှ ဇွန်လအထိ ခြောက်လအတွင်း အမြန်လမ်းမှာ ယာဉ်မတော်တဆမှု ၁၉၇ မှုဖြစ်ပွားခဲ့ပြီး ၆၈ ဦး သေဆုံးခဲ့ကာ ဒဏ်ရာရသူ ၅၄၉ ဦးအထိ ရှိခဲ့ပါတယ်။ လက်ရှိမှာလည်း ယာဉ်မတော်တဆမှုများ ဆက်ဖြစ်ပွားနေသလို သေဆုံးမှုတွေလည်း ရှိနေတာကြောင့် အမြန်လမ်းမှာ ဘေးကင်းလုံခြုံစိတ်ချစွာ သွားလာနိုင်ရေး အစီအမံများ ချမှတ်ပေးဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။လက်ရှိမှာ အမြန်လမ်းတွင် ယာဉ်စီးရေး သောင်းဂဏန်း ဖြတ်သန်းသွားလာနေပြီး ယာဉ်စီးရေ တိုးလာတာကြောင့် ယာဉ်တိုက်မှုတွေ ခပ်စိပ်စိပ် ဖြစ်လာခဲ့ပါတယ်။ ယာဉ်တိုက်မှု ဖြစ်စဉ်တိုင်းမှာ ယာဉ်တွေဟာ အရှိန်နှုန်းမြင့် မောင်းနှင်မှုတွေ ရှိခဲ့တယ် ဆိုပေမယ့်လည်း အမြန်လမ်းရဲ့ လိုအပ်ချက်ကြောင့် မဖြစ်သင့်တဲ့ ယာဉ်တိုက်မှုအချို့ ဖြစ်ပွားခဲ့တာလို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ အမြန်လမ်းယာဉ် မတော်တဆမှုတွေနဲ့ ပတ်သက်ပြီး အချို့က လမ်းကြောင့်ဖြစ်တာ အချို့က ယာဉ်မောင်းကြောင့်ဖြစ်တာ၊ အချို့က ယာဉ်ကြောင့်ဖြစ်တာဆိုပြီး ဝေဖန်မှုတွေ ရှိပါတယ်။ တကယ်တော့ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အမြန်လမ်းဟာ အဝေးပြေး လမ်းမကြီးတွေမှာ ရှိသင့်ရှိထိုက်တဲ့ စံနှုန်းတွေနဲ့ မပြည်စုံဘူးဆိုတာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက မီဒီယာတွေကို တရားဝင် ပြောကြားခဲ့ဖူးပါတယ်။ ဒါကလည်း လိုအပ်ချက်အရ အမြန်ဖောက်ပေးခဲ့ရတဲ့လမ်း ဖြစ်တာကြောင့် လိုအပ်ချက်တွေ ရှိနေတာ မဆန်းပါဘူး။ ဒီလို လိုအပ်ချက်ရှိနေတဲ့ လမ်းကို အသုံးပြုတဲ့ နေရာမှာတော့ ယာဉ်မောင်းနဲ့ ယာဉ်တွေရဲ့ ကြံ့ခိုင်မှုက အရေးကြီးလာပါတယ်။ လမ်းက မပြည့်စုံရတဲ့အထဲ ယာဉ်မောင်းက အိပ်ငိုက်မယ်၊ ယာဉ်က ကြံ့ခိုင်မှု မပြည့်ဝဘူး ဆိုရင်တော့ ယာဉ်မတော်တဆမှုတွေကို ဖိတ်ခေါ်သလို ဖြစ်စေပါတယ်။ ဒီအတွက် ယာဉ်မတော်တဆမှုတွေ လျော့ကျစေမယ့် အစီအမံတွေကို စနစ်တကျ ဆောင်ရွက်ပေးဖို့ လိုပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း အမြန်လမ်းမှာ ယာဉ်မတော်တဆမှုတွေကြောင့် စံချိန်တင် သေဆုံးမှုတွေ ဖြစ်ခဲ့စဉ်တုန်းက ယာဉ်မောင်းနဲ့ ယာဉ်တွေရဲ့ ကြံ့ခိုင်မှုတွေကို စစ်ဆေးခဲ့တဲ့ အဖွဲ့တွေနဲ့ စစ်ဆေးမှုတွေဖွဲ့ပြီး စိစစ်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာ စစ်ဆေးရေးအဖွဲ့တွေကို မတွေ့ရတော့တာဟာလည်း အများဝေဖန်နေကြတဲ့ သက်ဆိုင်ရာရဲ့ အရေးတယူ ကိုင်တွယ်မှု အားနည်းနေတယ်ဆိုတဲ့ အချက်ကို ပြဆိုနေတာ ဖြစ်ပါတယ်။အမြန်လမ်းဟာ လမ်းတစ်မိုင်ကို ၂ ဒသမ ၅ ဘီလျံကျပ်နဲ့ လမ်းမကြီး တစ်ခုလုံးအတွက် ကျပ်ဘီလျံ ၉၀ ကျော် (အမေရိကန်ဒေါ်လာ တစ်ဘီလျံနီးပါး) ကုန်ကျခဲ့ပေမယ့်လည်း စိတ်ချလုံခြုံရပြီး အမြန်လမ်းအင်္ဂါရပ်တွေ ပြည့်စုံတဲ့လမ်းကို ယနေ့ထက်အထိ အများပြည်သူတွေ သုံးခွင့်မရသေးဘူးဆိုတာ ဖြစ်ပေါ်နေတဲ့ ယာဉ်တိုက်မှုတွေက သက်သေခံနေပါတယ်။ အမြန်လမ်းနဲ့ ပတ်သက်ပြီး စံနှုန်းမီ အမြန်လမ်းမကြီး ဖြစ်လာဖို့အတွက် ပြီးခဲ့တဲ့နှစ်က ဂျပန်ကပညာရှင်တွေ လာရောက်လေ့လာခဲ့ရာမှာ ပြန်လည်ပြင်ဆင်ရန်နဲ့ အဆင့်မြှင့်ရမယ့် လုပ်ငန်းတွေ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ သူတို့ရဲ့ လေ့လာချက် အစီရင်ခံစာအရ အမြန်လမ်းရဲ့ လမ်းအရှည် ၃၆၆ မိုင် ၃ ဖာလုံမှာ လမ်းပိုင်း ခြောက်ရာခိုင်နှုန်းဟာ အမြန်ပြုပြင်ပေးဖို့ လိုအပ်ပြီး ၁၉ ရာခိုင်နှုန်းလောက်ကို ထိန်းသိမ်းဆောင်ရွက်ပေးဖို့ လိုနေပြီး ကျန်တဲ့ ၇၅ ရာခိုင်နှုန်းကတော့ Structure အရ ကောင်းမွန်တဲ့အပိုင်း ဖြစ်တယ်လို့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပြုပြင်ထိန်းသိမ်းရေးအဖွဲ့က အင်ဂျင်နီယာမှူးကြီးဖြစ်သူက တရားဝင် ပြောကြားခဲ့ဖူးပါတယ်။ အဲဒီ အကြံပြုချက်များအတွက် ပြင်ဆင်မှုအချို့ကို လုပ်နေတယ်လို့လည်း သူက ဆိုခဲ့ပါတယ်။ ဒီအကြံပြုချက်များအရတော့ လမ်းရဲ့ လေးပုံတစ်ပုံဟာ ပြင်ဆင်ထိန်းသိမ်းဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ဇန်နဝါရီလ အတွင်းမှာတော့ အမြန်လမ်းကို ကတ္တရာခင်းခြင်း အပါအဝင် နိုင်ငံတကာအဆင့်မီ ရှစ်လမ်းသွားအဖြစ် အဆင့်မြင့်တင်ဖို့ BOT စနစ်နဲ့ တင်ဒါခေါ်ခဲ့ပေမယ့် ယနေ့အချိန်အထိတော့ ထိရောက်တဲ့ အကြီးစားပြင်ဆင်မှုတွေကိုတော့ မတွေ့ရသေးပါဘူး။ ဒီလို ပြင်ဆင်မှုတွေ မလုပ်နိုင်သေးပေမယ့် အခြားလုပ်လို့ရတာတွေကို အချိန်မဆိုင်း လုပ်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။ ယာဉ်မတော်တဆမှုတွေမှာ ကုသပေးနေတဲ့ အမြန်လမ်းအနီးမှာ ရှိနေတဲ့ ဖြူးဆေးရုံကို အဆင့်မြှင့်တာထက် ယာဉ်မတော်တဆမှုတွေ လျော့ပါးအောင် လုပ်ဖို့က ပိုအရေးကြီးတယ်လို့ ဝေဖန်သူ တချို့က ဆိုပါတယ်။ဒီအတွက် ယာဉ်တိုက်မှုတွေမှာ ယာဉ်ထိခိုက် ပျက်စီးမှုတွေအပြင် လူသေဆုံးမှုတွေ များလာတဲ့ အမြန်လမ်းနဲ့ ပတ်သက်ပြီး အဖြေရှာဖို့ လိုအပ်ပါတယ်။ လူ့အသက်များနဲ့ ဆိုင်တာကြောင့် ပေါ့ပေါ့တွက်လို့ မရပါဘူး။ ကျွမ်းကျင်သူများနဲ့ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်ချက်တွေ၊ အခက်အခဲတွေကို ဖြေရှင်းကြဖို့ လိုပါတယ်။ အဓိကအားဖြင့် ပြင်ဆင်ဖို့ အခြေအနေ မပေးသေးဘူး ဆိုရင်လည်း ရနိုင်တဲ့ဘက်က ယာဉ်တိုက်မှုတွေ လျော့ကျလာစေဖို့ အစီအမံတွေကို အစိုးရတာဝန်ရှိသူတွေ အနေနဲ့ ချမှတ်ဖို့ အချိန်တန်ပါပြီ။ ဥပမာအားဖြင့် သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းတဲ့သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ် ချမှတ်ရမှာ ဖြစ်သလို စီးနင်းသူများပြီး အသွားအလာများတဲ့ ခရီးသည်တင် ယာဉ်လိုင်းတွေကိုလည်း စနစ်တကျ မောင်းနှင်ဖို့ ပညာပေးမှု၊ သတိပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးဖို့ လိုပါတယ်။ ယာဉ်တိုက်မှုဖြစ်မှ ယာဉ်လိုင်းကို ပိတ်တာထက် ယာဉ်မတော်တဆမှုတွေ အမြန်လမ်းမှာ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ ဆိုတာကို အဓိကထား ဆောင်ရွက်သင့်ပါပြီ။ ဒီနေ့အချိန်မှာ အမြန်လမ်းကို အသုံးပြုနေသူ နေ့စဉ် သိန်းနဲ့ချီ ရှိနေပါတယ်။ ဒီသိန်းနဲ့ချီတဲ့ လူတိုင်းလိုလိုဟာ အမြန်လမ်းသွားရင် စိုးထိတ်ပြီး သွားနေရတာ အမှန်တရား ဖြစ်ပါတယ်။ ယာဉ်မတော်တဆမှုတွေကြောင့် သေကြကျေကြတာလည်း အမှန်တရား ဖြစ်ပါတယ်။ လမ်းမှာများ ယာဉ်မတော်တဆမှုများ ဖြစ်မလား၊ ရိုက်ပဲ လုခံရမလား၊ ခဲနဲ့ပဲ ပေါက်ခံရမလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ သွားနေကြရတာလည်း အမှန်တရား ဖြစ်ပါတယ်။ ဒါတွေကို ဖြေဖျောက်ပေးဖို့ သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်မှာ တာဝန်ရှိနေတာလည်း အမှန်တရား ဖြစ်ပါတယ်။ ဒီအမှန်တရားများအတွက် တာဝန်ရှိကြသူတွေက တာဝန်ယူကြဖို့ လိုပါတယ်။ ဒီအတွက် ကိုယ်တိုင်လည်း တစ်နေ့နေ့ တစ်ချိန်ချိန် အမြန်လမ်းပေါ်မှာ တစ်ခုခု ဖြစ်သွားနိုင်ပါလားဆိုတဲ့ ကိုယ်ချင်းစာ အတွေးများနဲ့ လိုအပ်တဲ့ ကာကွယ်မှု၊ သတိပေးမှု၊ အရေးယူမှု၊ ထိရောက်တဲ့ စီမံခန့်ခွဲမှုတွေကို အမြန်ဆုံး လုပ်ဆောင်ပေးဖို့ လိုအပ်ပါကြောင်း အမြန်လမ်း အသုံးပြုနေသူရသူများကိုယ်စား ရေးသားတင်ပြလိုက်ရပါတယ်။










