“အခုဟာက ဘူးလေးရာ ဖရုံဆင့်ဆိုတာမျိုး ဖြစ်နေတယ်” ဦးဝင်းမျိုးသူ (စိမ်းလန်းအမိမြေအသင်းဥက္ကဋ္ဌ) နှင့် တွေ့ဆုံခြင်း

“အခုဟာက ဘူးလေးရာ ဖရုံဆင့်ဆိုတာမျိုး ဖြစ်နေတယ်” ဦးဝင်းမျိုးသူ (စိမ်းလန်းအမိမြေအသင်းဥက္ကဋ္ဌ) နှင့် တွေ့ဆုံခြင်း
Published 20 August 2015
သစ်ထွဋ်

နိုင်ငံအနှံ့အပြားမှာ ဆိုးရွားစွာဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုများကြောင့် လူဦးရေတစ်သန်းနီးပါးခန့် ထိခိုက်ခံစားခဲ့ရပြီး ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ ရေကြီးရေလျှံမှုကဲ့သို့ သဘာဝဘေး အန္တရာယ်များနှင့် ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းခြင်း အကြောင်းအရာများကို စိမ်းလန်းအမိမြေအသင်းက ဥက္ကဋ္ဌဖြစ်သူ ဦးဝင်းမျိုးသူနှင့် တွေ့ဆုံမေးမြန်းမှုများထဲက ကောက်နုတ်ဖော်ပြ လိုက်ပါသည်။
မေး- အခုရေဘေးက ရာသီဥတု ဆိုးရွားတာကြောင့်လို့ တချို့က ဆိုကြတယ်။ ဒီလိုဆိုးရွားတဲ့ ရာသီဥတုကို ဖိတ်ခေါ်သလို ဖြစ်စေတဲ့ အကြောင်းအရာတွေက ဘာတွေဖြစ်နိုင်မလဲဆရာ။
ဖြေ - အခုဟာကတော့ဗျာ။ ဘူးလေးရာဖရုံဆင့် ဆိုတာမျိုး ဖြစ်နေတယ်။ အဓိက, ကတော့ သဘာဝဘေး အန္တရာယ်တွေကလည်း များတယ်။ သဘာဝအလျောက်ဖြစ်တဲ့ ဘေးအန္တရာယ် ရာသီဥတုပြောင်းလဲခြင်း မဟုတ်ဘဲ လူတွေလုပ်လို့ ကျောက်မီးသွေးစက်ရုံ တွေကထွက်တဲ့ ဓာတ်ငွေ့တွေ၊ စက်ရုံတွေက ထွက်တဲ့ဓာတ်ငွေ့တွေ ဒါတွေကြောင့် ကမ္ဘာကြီးပူနွေး၊ ပူနွေးပြီးရာသီဥတုပြောင်း၊ အဓိက ဆိုးရွားတဲ့အချက်က သဘာဝဘေး အန္တရာယ်တွေ ကျရောက်တယ်ပေါ့။ သဘာဝဘေးအန္တရာယ်က ဘာတွေကျရောက်သလဲ ဆိုရင် မြန်မာနိုင်ငံလိုဆိုရင် အခုလိုရေကြီးတာတွေ ဖြစ်နိုင်တယ်။ မုန်တိုင်းတွေ၊ ဒီရေလှိုင်းတွေ ဝင်လာနိုင်တယ်။ တောင်ကမ်းပါးတွေပြိုတာတွေ ဥပမာဆိုရင် အခုချင်းပြည်နယ်မှာ ဖြစ်ခဲ့တာမျိုးတွေ။ နောက်လာမယ့်ဟာက ရေရှားပါးတဲ့ ပြဿနာတွေ၊ ဒါတွေက ရာသီဥတု ပြောင်းလဲသွားခြင်းကြောင့် ဖြစ်တဲ့ကိစ္စတွေပေါ့။ အဲဒီနေရာမှာ သဘာ၀ ဝန်းကျင်လေးတွေ ကျန်သေးတယ်။ တောလေး တောင်လေး ကျန်သေးတယ်ဆို နည်းနည်းခံသာတယ်။ ဖြစ်တာလည်း ခံသာတယ်။ ဖြစ်ပြီးသွားရင်လည်း ထူထောင်ရေးလုပ်ဖို့ သက်သာတယ်ပေါ့ဗျာ။ ရုတ်တရက် ကယ်ဆယ်ရေး မရလာတောင်မှ တောထဲရှိတဲ့ အပင်လည်းခူးစား၊ အဲဒီကရတဲ့ အကောင်လေးယူ၊ ဒီလိုနဲ့ အသက်ရှင်နိုင်တယ်။ ရွာတွေမှာရှိတဲ့ ပတ်ဝန်းကျင်က ပျက်စီးပြုန်းတီးသွားတော့ ဘူးလေးရာ ဖရုံဆင့်ဆိုသလို ပြဿနာလည်းပေါ်ရော ဆိုးဆိုးရွားရွား ဖြစ်တယ်။ ပြန်လည်ထူထောင်ရေးမှာလည်း ခက်ခဲတယ်။ ဒါကြောင့် သဘာဝအရင်းအမြစ်တွေ ရှိဖို့လိုပါတယ်။ သဘာဝအရင်းအမြစ်ကို ထိန်းဖို့လိုပါတယ်။ ပျက်ဆီးပြုန်းတီးသွားတဲ့ အရင်းအမြစ်တွေကို ခဏထားလိုက်ဦး။ ကျန်နေတဲ့ဟာတွေ ဆက်မဖျက်ဖို့လိုတယ်။ ပတ်ဝန်းကျင်တစ်ခုဟာ ပျက်သွားရင် အများကြီး ပိုက်ဆံကုန်ပါတယ်။ တွေ့ရတဲ့ဥပမာကတော့ ပန်းလှိုင်မြစ်ကိုပဲကြည့်ပါ။ နှစ်ပေါင်း ၅၀ အတွင်းမှာ ကောသွားတယ်။ ဒါလေးကို နုန်းဆယ်တာ တစ်ခုတည်းနဲ့ကို ဘီလျံ ၂၀ (ကျပ်) လားမသိဘူး သုံးလိုက်ရတယ်။ ဒါတောင် ဘယ်လိုမှ နဂိုမူလမြစ်ကိုမမီဘူး။ ကုန်ကျစရိတ်သိပ်ကြီးတော့ ကျန်နေတာလေးတွေကိုထိန်းပါ။ ဒီလိုသဘာဝဘေး အန္တရာယ်တွေကို တားဆီးရာ ရောက်တယ်။ ဖြစ်ခဲ့ရင်လည်းခံသာတယ်၊ ပြန်လည်ထူထောင် နိုင်စွမ်းရှိတယ်။ ဒီကနေ့ ဖြစ်သွားတဲ့ သဘာ၀ ဘေးအန္တရာယ် ဆိုတာက ကမ္ဘာကြီးပူသွားတာက တစ်ဒီကရီစင်တီဂရိတ်ပဲ ရှိသေးတာ။ လွန်ခဲ့တဲ့ နှစ် ၁၅၀ လောက်နဲ့ယှဉ်ရင် အခုဟာက လွန်ခဲ့တဲ့နှစ် ၁၅၀ ရဲ့ အရှိန်ကိုရနေတာ။ အခုကြီးနေတဲ့ရေ၊ တိုက်နေတဲ့လေတွေက၊ အခုလူတွေ လောဘကြောင့် ဆက်ပြီးတော့ သစ်တောတွေခုတ်တယ်၊ ပူနွေးတဲ့ ဓာတ်ငွေ့တွေထုတ်တယ်။ ဒါကြောင့်နောက် နှစ် ၃၀၊ ၄၀ လောက်မှာတင် နှစ်ဒီဂရီစင်တီဂရိတ်ထက် တက်မယ်ဆိုတာ ကျိန်းသေသလောက် ဖြစ်နေတယ်။ တစ်ဒီဂရီတောင် ဒီလောက်ဖြစ်နေတယ်ဆိုရင် နောက်ထက်တက်မယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။ အဲဒါတွေအတွက် အသင့်ပြင်ထား ပြီးပြီလားဆိုတာ။ ပြင်မထားရင် ဘယ်လိုမှ တွေးစရာကို မရှိဘူး။ လူတွေဘယ်လောက်ခံရမလဲ သုတေသန ကျွန်တော်တို့ လုပ်ကြည့်တော့ ဧရာဝတီ၊ ချင်းတွင်းမြစ်ဝှမ်း တစ်လျှောက်မှာတင် မြစ်နဲ့တစ်မိုင်ပတ်လည် အတွင်းမှာရှိတဲ့ လူခြောက်သန်းရှိတယ်။ နောက်တစ်ခုက သစ်တောပေါ့။ သစ်တောတွေနဲ့ ငါးမိုင်ပတ်လည်မှာ နေတဲ့သူတွေတွက်ရင် သန်း၂၀ ကျော်တယ်။ ပြီးတော့ ရေရှားမယ်ဆိုတဲ့နေရာ အလယ်ပိုင်းဒေသမှာဆိုရင် ကျွန်တော်ထင်တယ်။ လူ ၁၆ သန်းလောက် နေတယ်။ အဲဒီ နေရာတွေမှာ ရေတအား ရှားသွားလို့ မိုးခေါင်တဲ့ ဒေသတွေမှာနေတဲ့သူက နှစ်သန်း၊ သုံးသန်းလောက်ရှိတယ်။ မြစ်ကြီးဖြစ်သွားလို့ ဘယ်လိုမှရှောင်လွဲလို့ မရဘဲ ခံရမယ့်လူ ဦးရေက နှစ်သန်း၊ သုံးသန်းလောက်၊ သစ်တောတွေ ပြုန်းသွားလို့ ရေရှားတာကော၊ မိုးခေါင်တာကော၊ မြေပြိုတာကောဖြစ်မယ့် လူဦးရေက နှစ်သန်း၊ သုံးသန်းလောက်ဆိုတော့ ကျွန်တော်တွက်တာက ငါးသန်းကနေ ၁၀ သန်းကတော့ နောက်နှစ် ၃၀ မှာ အောက်ထစ်ပဲ။ ခံစားရမယ့်သူ မဟုတ်ဘူး။ နေစရာ ထိုင်စရာ မရှိအောင်ဘဲ ရွှေ့ပြောင်းနေထိုင်ရမယ့် လူဦးရေ အဲဒီလောက် ရှိနိုင်မယ်လို့ တွက်တယ်။ UN ကလည်း ပြောထားတာရှိတယ်။ ကမ္ဘာ့စစ်ပွဲတွေဖြစ်လို့ ရွှေ့ပြောင်းနေထိုင်ရတဲ့ သူတွေထက် ရာသီဥတုပြောင်းလဲမှုကြောင့် ပြောင်းရွှေ့နေထိုင်ရတဲ့သူက များတယ်။ ဒါတွေအတွက်ကို ကြိုတင်ပြင်ထားပါ။ မပြင်ရင် ပိုဆိုးတယ်ပေါ့။ သဘာဝဘေး ဆိုတာက ရှိတာပေါ့။ လေတိုက်တယ်၊ ရေကြီးတယ်။ ဒါဟာဘေးပဲ။ ရှောင်လွှဲလို့မရဘူး။ စီမံခန့်ခွဲမှု ညံ့ဖျင်းလို့၊ လမ်းတွေမရှိလို့ လူဦးရေများလို့ ကျန်တဲ့အချက်တွေပေါ့ဗျာ။ အဲဒီနှစ်ခုပေါင်းတော့မှ ဘေးအန္တရာယ်ဆိုပြီး ဖြစ်လာတာ။ ကျွန်တော်တို့ဆီမှာ စီမံခန့်ခွဲမှုတွေကနည်းတော့ ဘူးလေးရာ ဖရုံဆင့်ဆိုပြီး ဘေးအပြင် စီမံခန့်ခွဲမှုကညံ့တော့ ကျွန်တော်တို့မှာ ပြေးစရာ နေရာမရှိဘူး။ အဲဒီတော့ သဘာဝဘေးကို တားလို့မရရင်တောင် စီမံခန့်ခွဲမှုတွေ ကောင်းလာရင်တော့ နည်းနည်းသက်သာမယ်ပေါ့ဗျာ။
 
မေး - အခုလို ဘေးအန္တရာယ်ကို ရှောင်ရှားဖို့ စီမံခန့်ခွဲမှု အရေးကြီးသလို သစ်တောပြုန်းတီးမှုက ဘယ်လောက်အထိ အရေးပါပါသလဲ။
ဖြေ - သစ်တောပြန်စိုက်တာ တော်တော်ကို ဈေးကြီးတယ်။ သစ်ပင်ပြန်စိုက်တာက လွယ်တယ်။ သစ်ပင်ကိုထိန်းဖို့က ခက်တယ်။ ထိန်းတာက ဆိုင်တဲ့သူတွေ အားလုံးက သစ်ပင်အပေါ်မှာ သူတို့ရဲ့ တာဝန်ယူမှုတွေ၊ စိတ်ပါဝင်စားမှုတွေ မပါရင် စိုက်ပြီးလည်း စိုက်ကောပဲ ဖြစ်မှာပဲ။ အတွေ့အကြုံအရဆိုရင် အညာလိုဒေသမှာ ဧကသောင်းချီပြီး စိုက်ခဲ့တယ်။ အဲဒီအထဲမှာ အောင်မြင်တဲ့ဧက,က ထောင်ဂဏန်းလောက်ပဲရှိမယ်။ ကျန်တာတွေက အကြောင်းအမျိုးမျိုးကြောင့် ပျက်တာပဲ။ စိုက်တုန်းက ကုန်ကျစရိတ်က တစ်ဧကကို တစ်နှစ်ကို ဒေါ်လာ ၂၀၀ အောက်ထစ်ပဲ။ အနည်းဆုံး စိုက်ခင်းတစ်ခု ဖြစ်သွားဖို့ ပြုစုပျိုးထောင်တယ်ဆိုရင် သုံးနှစ်လောက်ဆိုတော့ ဒေါ်လာ ၅၀၀ လောက် ထည့်တွက်မှ ဒီစိုက်ခင်းက စိတ်ချရတယ်။ အဲဒီလောက် ပမာဏစိုက်ဖို့ဆိုတာ မလွယ်ဘူးလေ။ ဧရာဝတီ မြစ်ဝှမ်းဒေသကိုပဲ ကောင်းကင်ဓာတ်ပုံတွေနဲ့ လေ့လာတဲ့အခါကျတော့ စိတ်ဝင်စားဖို့ကောင်းတာ တွေ့တယ်။ အကြမ်းဖျင်းတွက်ရင် ဧရာဝတီမြစ်ဝှမ်း ဒေသမှာ ဧကသန်း ၁၀၀ ရှိတယ်။ အဲဒီသန်း ၁၀၀ မှာ သစ်တောဖုံးလွှမ်းတဲ့ ဧရိယာက ၄၁ သန်းရှိတယ်။ ဒါကို ထပ်ခွဲရင် နှစ်ပိုင်းထွက်လာမယ်။ တစ်ပိုင်းက သစ်တောဥပဒေနဲ့ ကာကွယ်ထားတဲ့ ကြိုးဝိုင်းဧရိယာ၊ တစ်ပိုင်းက မြေလွတ်မြေရိုင်းလို့ ပြောတဲ့ဧရိယာပေါ့။ ကာကွယ်ထားတယ်ဆိုတဲ့ ကြိုးဝိုင်းဧရိယာထဲမှာ သစ်ပင်သစ်တော ဘယ်လောက်ရှိလဲဆိုရင် ဧက ၁၃ သန်း လောက်ပဲရှိတယ်။ အဲဒီအတွက် ခုန ၄၁ သန်း ထဲက ကျန်တဲ့ ၂၈ သန်းဟာ ကြိုးပြင်တောလို ဖြစ်နေတယ်။ ဒီကြိုးပြင်တောထဲမှာတင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးထဲက ဇီဝမျိုးစုံထိန်းတဲ့ အုပ်စုတွေကလည်း မဖြစ်မနေ ထိန်းရမယ့်ဧရိယာ ရာခိုင်နှုန်း ၆၀ လောက်ရှိတော့ ဧက ၁၅ သန်းလောက်က မဖြစ်မနေထိန်းရမယ်။ တောင်ပေါ်နေတိုင်း ရင်းသားတွေက မိရိုးဖလာနဲ့ ထိန်းသိမ်းထားတဲ့ တောတွေလည်းရှိတယ်။ သို့သော် စိုက်ပျိုးရေး ဦးစီးဌာနကလည်း ရော်ဘာစိုက်ခင်း၊ ပြောင်းစိုက်ခင်းတို့လို စီးပွားရေးစိုက်ခင်းအတွက်သုံးမယ်လို့ ပြောနေတာတွေရှိတော့ အခုရှိနေတဲ့ တောကို ထိန်းပါမယ်ဆိုရင်တောင် စိုက်ပျိုးရေးအတွက် ခုတ်မယ်တကဲကဲ လုပ်နေတဲ့ တစ်အုပ်စုက ရှိနေတယ်။ ဒါက မြေလွတ်မြေရိုင်းမှာ တွေ့ရတဲ့ပြဿနာ။ သုံးပွင့်ဆိုင် ပြဿနာပေါ့။ တစ်က လက်ရှိဒေသ တောင်သူတွေနေနေတဲ့ တောတွေ၊ အနီးဆုံး ဥပမာပေးရရင် အင်းလေးလိုနေရာမျိုးပေါ့။ မြေလွတ်မြေရိုင်းအဖြစ် အစဉ်အဆက် ထိန်းထားတာကို ဟိုတယ်အတွက်ဆိုပြီး ပေးလိုက်ရတော့ စီးပွားရေးလုပ်ငန်းအတွက် ပါသွားတယ်ဒါမျိုးပေါ့။ သစ်တောပိုင်တဲ့ တောဘက်ကို ပြန်ကြည့်ရင်လည်း ဂြိုဟ်တုထဲမှာ တွေ့တာ ၁၃ သန်းလို့ပြောပေမယ့် မြေပုံအရ မြေပုံပေါ်မှာ သတ်မှတ်ထားတဲ့ ဧရိယာဟာ သန်း ၃၀ ရှိတယ်။ ဒီတော့ ပျောက်သွားတယ်ဆိုတဲ့ သစ်တောဟာ ၁၇ သန်းလောက် ဖြစ်နေတယ်။ စိုက်ချင်ရင် အဲဒီ ၁၇ သန်းမှာ သွားစိုက်ရမယ်။ သစ်တောက အရင်က ကျွန်းတန် ၄၀ ထုတ်ပြီးရင် တစ်ဧကစိုက်မယ်ဆိုတာ လုပ်ခဲ့တယ်။ အခုမစိုက်နိုင်တော့ဘူး။ အရင်တုန်းက တစ်နှစ်ကို ဧကတစ်သိန်းလောက်အထိ စိုက်ခဲ့တယ်။ အခုတော့ သိသလောက် ဧကသုံးလေးသောင်းလောက်ပဲ စိုက်နိုင်တော့တယ်။ တစ်သိန်းစိုက်မယ် ထားရင်တောင် ၁၇ သန်းကို စိုက်မယ်ဆိုရင် နှစ် ၁၇၀ လောက်စိုက်ရမယ်။ အဲဒီတော့ အစိုးရချပေးတဲ့ ငွေအားလည်း တအားနည်းတယ်။ သစ်တောတကယ် ပြန်ပြုစုရင် နည်းနည်းနောနော ငွေလိုတာမဟုတ်ဘူး။ အဲဒီတော့ ကျွန်တော်တို့ ဘယ်လိုပြန်ပြုစုမလဲဆိုတော့ တစ်အချက် နိုင်ငံတကာ ထောက်ပံ့ကူညီမှုလိုတယ်။ နှစ်အချက်က တစ်အိမ်ချင်း တစ်အိမ်ချင်းစိုက်တဲ့ တစ်နိုင်တစ်ပိုင်စိုက်တဲ့ စိုက်ခင်းမျိုးကို အားပေးရမယ်။ အရှင်းဆုံးပြောရရင် အခုစိုက်နေတဲ့ သစ်မွှေးစိုက်ခင်းတွေ။ သူ့စီးပွားရေး မက်လုံးနဲ့ လိုက်စိုက်ကြတာ ကျွန်တော်တို့စိုက်တဲ့ စိုက်ခင်းထက်တောင် များဦးမယ်။ တရုတ်တို့၊ ကမ္ဘောဒီးယားတို့လိုဆို အဲဒီလိုစိုက်ပျိုးပြီးတော့ပဲ တက်သွားတာ။ အစိုးရစိုက်တဲ့ စိုက်ခင်းထက်ကို တစ်ဦးချင်းကိုလုပ်ပိုင်ခွင့်၊ ရပိုင်ခွင့် အကူအညီတွေ ချပေးတယ်။ ဥပဒေအရ ကာကွယ်ပေးတယ် ဆိုတာတွေ ပေးလိုက်တဲ့အခါ တစ်အိမ်ထောင်ချင်း စိုက်တာနဲ့ တရုတ်နိုင်ငံရဲ့ သစ်တောဧရိယာမှာ ၁၂ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ ရှစ်ရာခိုင်နှုန်းလောက် ခုန်တက်သွားတယ်။ ဗီယက်နမ်ကို ခုန်တက်သွားတယ်။ ဒါဟာတစ်ဦးချင်းရဲ့ Private Investment ကို အားပေးလိုက်တဲ့အတွက် ဒီလိုပေါ်လစီတွေ ကျွန်တော်တို့မှာလိုတယ်။ သုံးက စီးပွားရေး ကုမ္ပဏီကြီးတွေ လိုတယ်။ ဘာလို့လဲဆိုတော့ ကိုယ်တွေကကိုယ့်အိမ်နဲ့ နီးတဲ့နေရာလောက်ပဲ စိုက်နိုင်မယ်ပေါ့။ ဝေးသွားတယ်။ တောကလည်း မရှိတော့ဘူးဆိုရင် ပြုန်းတီးသွားတဲ့ နေရာမှာ ပြန်စိုက်ဖို့ ကုမ္ပဏီကြီးတွေလိုတယ်။ အခုလို နေပြည်တော်သွားတဲ့ လမ်းဘေးလေးမှာ လုစိုက်ဖို့မဟုတ်ဘဲ လိုတဲ့နေရာတွေမှာ စိုက်ဖို့ကိုပြောတာ။ အဲဒီအခါကျတော့ ကုမ္ပဏီတွေကို စိုက်နိုင်အောင် လုပ်နိုင်ကိုင်နိုင်တဲ့ ပေါ်လစီတွေ၊ လိုအပ်ချက်တွေ လုပ်ပေးဖို့လိုတယ်။ ဒီအချက်တွေကို စဉ်းစားရင် အများကြီး လုပ်ရဦးမှာပါ။ အဲဒီအတွက် ရှိတာလေးတော့ မပျက်ပါနဲ့။ အခုဆို သံလွင်ဆည်ဆိုတာ လာပြီဆိုတော့ ပြောင်သွားမယ့်တောတွေ ရှိလာတော့မယ်။ ဒါကို လေးလေးနက်နက် လုပ်ဖို့လိုတယ်။
 
မေး - အခုလို သဘာဝဘေးအန္တရာယ်တွေ ရှိလာတဲ့အပေါ် ဘာတွေဆက်လုပ်သင့်တယ်လို့ ဆရာမြင်ပါသလဲ။
ဖြေ - အဓိက အစိုးရကို တိုက်တွန်းပြောဆို နေတာကတော့ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်လာရင် ၂၀၀၉ က လက်ရှိလုပ်ထားတဲ့ သဘာဝဘေးအန္တရာယ် လျှော့ချရေးစီမံချက်နဲ့တင် မရဘူး။ ဒါဟာ လက်တွေ့ အကောင်အထည်ဖော်မှုမှာ အားနည်းချက်ရှိတယ်။ နိုင်ငံတော်အဆင့် ဆိုတာနဲ့တော့ လုပ်နိုင်တဲ့ အပိုင်းတွေရှိတယ်။ ဒါပေမဲ့ တကယ်တမ်း ဖြစ်နေတာတွေကိုလုပ်ဖို့က ခရိုင်အဆင့် မြို့နယ်အဆင့်ကျတော့ အားနည်းသွားတယ်။ ဒီတောခရိုင်တစ်ခုချင်း၊ မြို့နယ်တစ်ခုချင်းမှာ သဘာဝဘေးအန္တရာယ် ဖြစ်နိုင်တဲ့နေရာတွေ ရှာဖွေပြီး အသေးစိတ်ကို ဘယ်လောက်ဆိုးဆိုးရွားရွား ဖြစ်သွားမယ်။ ဘယ်အဆင့်ဆိုရင် ဘယ်လောက်ဖြစ်မယ် ဆိုတာကို ပြန်တွက်ရမယ်။ ပြီးမှ သက်ဆိုင်ရာမြို့နယ် ခရိုင်တွေက သူတို့ရဲ့ စီမံချက်တွေကို သေချာဆွဲထားရမယ်။ စီမံချက်ကောင်းအောင် လုပ်ပေးဖို့က အများကြီးလိုတယ်။ နောက်သဘာဝဘေး အန္တရာယ်တစ်ခုတည်းတင် မလောက်ဘူး။ အရင် နာဂစ်အချိန်ကတည်းက သိနေတာက Climate Change Council တစ်ခုကို ဖွဲ့ဖို့ တိုက်တွန်းပြောဆိုတယ်။ ရိုးရိုးကော်မတီ တစ်ရပ်က ဝန်ကြီးဌာနချင်း ပူးပေါင်းဆောင်ရွက်တဲ့ နေရာမှာ အရမ်းအားနည်းတယ်။ နောက်သဘာဝဘေး အန္တရာယ်တစ်ခုတည်း ခြုံပြီးစဉ်းစားရင် မလောက်ဘူး။ ပိုပြီးကျယ်ပြန့်တဲ့ ရာသီဥတုပြောင်းလဲခြင်းနဲ့ လိုက်လျောညီထွေ ဖြစ်မယ့်ကိစ္စကို ပြောရမယ်။ အဲဒီအတွက် ကြိုပြင်ဖို့လိုပါတယ်။ လက်ရှိထားထားတဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီ တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ အခုဆိုရင် ရေကြီးသွားချိန်မှာ လိုအပ်တာ စပါးမျိုးပဲ။ နဂစ်တုန်းက သင်ခန်းစာ ရှိခဲ့ပြီ။ ဒေသနဲ့ကိုက်ညီတဲ့ မျိုးတွေထုတ်ရတော့မယ်။ ဒါတွေဟာ Result တွေပါလာလို့ ကော်မတီ တစ်ခုတည်းနဲ့ မရဘူး။ ရေရှည်လို အပ်မယ့်ကိစ္စတွေပါတော့ ပြန်လည်နေရာချ ထားရေးတွေ လိုပါတယ်။ ဒါတွေကို အဆင့်မြင့်တဲ့ Council နဲ့မှရမယ်။ နောက် မြစ်ကြီးတွေဟာ သဘာဝအလျောက် ရေလွှမ်းလွင်ပြင် တွေရှိတယ်။ စိမ့်တောရှိတယ်။ ရေကြီးရင် ရေကိုလှောင်ပေးမယ်။ စိမ့်တောတွေက စုပ်ပေးထားမယ်။ နွေရာသီရေခန်းရင် ပြန်ထုတ်ပေးမယ်။ အခုဆိုရင် ဒီစိမ့်တောတွေ ရေလွှမ်းလွင်ပြင်တွေ ကုန်ပြီ။ နိုင်ငံတကာမှာဆိုရင် ရေကြီးမှုကို ကာကွယ်ဖို့ တာတမံ တုတ်ရုံနဲ့မရဘူး။ ခုနပြောတဲ့ စိမ့်တောတွေကော၊ ရေလွှမ်းလွင်ပြင်တွေကော ပြန်လုပ်ရမယ်။ အင်္ဂလိပ်လုပ်ခဲ့တဲ့ စနစ်တစ်ခုဆိုရင် မုံရွာအလွန်မှာ ချင်းတွင်းမြစ် ရေကြီးလာရင် အဲဒီရေကို လှောင်ကန်ထဲ ထည့်ထားတယ်။ ဆည်ပိတ်ထားတယ်။ နွေရာသီပြန်ထုတ်တယ်။ အဲဒီကျလာတဲ့ ရေတွေဟာ ပြန်အကျိုးရှိတယ်။ အဲဒီနေရာတွေမှာ အခုတော့ အိမ်တွေဖြစ်ကုန်ပြီ။ ဒါတွေကို ပြန်ဖယ်ထုတ်ရမယ်။ ဒါကြောင့် ဒါတွေကို သဘာဝဘေး အန္တရာယ်တစ်ခုတည်းနဲ့ မရပါဘူး။ ဒီတော့ Climate Change Council တွေလိုတော့ ဒါတွေကို တိုက်တွန်းပြောဆိုပြီး လုပ်ဆောင်ဖို့ ပြောနေပါတယ်။ လုပ်ရပါမယ်။
 

Most Read

Most Recent