သင်ယူခဲ့တာတွေကို မေ့ပစ်ခြင်းလို့ ဘာသာပြန်နိုင်လောက်တဲ့ unlearning သဘောတရားကို ကျွန်မ ဆယ်ကျော်သက်အရွယ်မှာ စတင်ကြားဖူးခဲ့ပါတယ်။ ပြောပြခဲ့သူက ကွယ်လွန်သွားပြီဖြစ်တဲ့ စာရေးဆရာကြီး တစ်ဦးပါ။ သူက ကျွန်မကို ပြောပြပေးခဲ့တာတော့ မဟုတ်ပါဘူး။ သူအခြားသူတွေနဲ့ စကားပြောနေတာကို ဘေးက နားထောင်ရင်း ကြားခဲ့ရခြင်းပါ။ သူ့မေးခွန်းက “သင်ယူရတာနဲ့ မေ့ပစ်ရတာ ဘယ်ဟာ ပိုခက်သလဲ” တဲ့။ “ဟာ .. သင်ရတာ ပိုခက်တာပေါ့” လို့ ဖြေကြတဲ့အခါ သူက “ဒါဆိုရင် ကကြီးကို မေ့ပစ်တဲ့နည်း ငါ့ကို ပြောပြစမ်း” တဲ့။ အခိုက်အတန့်လေး ကြားလိုက်ရတဲ့ အဲဒီစကားလေးက နှစ်ပေါင်းများစွာ ကျွန်မ ဦးနှောက်ထဲ စွဲထင်ကျန်ရစ်ခဲ့ပါတယ်။ နောက်ပိုင်း အင်္ဂလိပ်စာအုပ်တွေ ဖတ်နိုင်လာချိန်မှာ unlearning အကြောင်းတွေ ဖတ်ရတော့ “သြော် ... သူက unlearning ခက်ကြောင်းကို ပြောခဲ့တာပဲ” လို့ သဘောပေါက်လာပါတယ်။
ကျွန်မတို့ သင်ယူမှုတွေ ပြုလုပ်ကြတဲ့ အချိန်မှာ အသစ်သင်ယူမှုတွေက အရေးကြီးသလို၊ အရင်က သင်ယူခဲ့တဲ့အထဲက မှားနေတာတွေ၊ ခေတ်မမီ အလုပ်မဖြစ်တော့တာတွေကို မေ့ပစ်နိုင်စွမ်းရှိဖို့ကလဲ အလွန့်အလွန်ကို အရေးကြီးပါတယ်။ လွန်ခဲ့တဲ့ နှစ်များစွာက ဖတ်ခဲ့ဖူးတဲ့ ကာတွန်းလေးတစ်ပုဒ်က အခုလို ပြောထားတာကို အနည်းငယ် မှတ်မိပါတယ်။ ဂစ်တာလာသင်သူကို ဂစ်တာဆရာက အရင်က သင်ခဲ့ဖူးရင် သင်ယူခက တစ်မျိုး၊ မသင်ခဲ့ဖူးရင် သင်ယူခတစ်မျိုး သတ်မှတ်ကြောင်း ပြောပါတယ်။ သင်ခဲ့ဖူးသူတွေအတွက် သင်ယူခက ပိုများနေတော့ လာသင်သူက ဘာကြောင့်လဲလို့ မေးပါတယ်။ အဲဒီတော့ ဆရာက “သင်ခဲ့ဖူးတဲ့ မင်းရဲ့အမှားတွေကို ငါက ပြင်ပေးရဦးမှာလေ” တဲ့။ ရယ်စရာ ရေးထားတာပေမယ့် ဖြစ်ရပ်က အမှန်ပါ။ တစ်ခါတစ်ရံမှာ သင်ယူထားတဲ့ အမှားတွေကို ပြင်ပေးရတာက အသစ်သင်ပေးရတာထက် ပိုခက်၊ ပိုအချိန် ကြာတတ်ပါတယ်။
အရင်က သင်ယူထားခဲ့တာတွေက ဦးနှောက်ထဲမှာ အခိုင်အမာစွဲနေပြီး အဲဒီနေရာမှာ အသစ်ထပ်ဖြည့်လို့ မရအောင် ပိတ်ဆို့ထားတာကို Einstellung ဖြစ်ရပ်လို့ ခေါ်ပါသတဲ့။ ဂျာမန်စကားလုံးကနေ ဆင်းသက်လာတာပါ။ အနီးစပ်ဆုံး အသံထွက်က အိုင်းရှတယ်လုန့် ဖြစ်ပါတယ်။ ဂျာမန်လို တိုက်ရိုက် အဓိပ္ပာယ်ကတော့ တပ်ဆင်ခြင်းပါ။ Einstellung ဖြစ်ရပ်မှာ ဦးနှောက်ထဲ အသားသေသွားတဲ့ လမ်းကြောင်းတွေလို ရှိနေပြီး ပြဿနာတွေ၊ ကိစ္စရပ်တွေကို အဲဒီလမ်းကြောင်းတွေကိုပဲ အသုံးပြုဖြေရှင်း ဆောင်ရွက်နေတဲ့အတွက် ပိုမိုကောင်းမွန်တဲ့ အဖြေတွေ၊ နည်းလမ်းတွေကို မမြင်နိုင်၊ မတွေ့နိုင်တော့ပါဘူးတဲ့။ အဲဒီဖြစ်ရပ်ကြောင့် ပညာရပ်နယ်ပယ်တွေမှာ အသစ်ရှာဖွေ တွေ့ရှိသူတွေ၊ အသစ်တီထွင် ဖန်တီးသူတွေ၊ ပါရာဒိုင်း ပြောင်းလဲစေသူတွေက ငယ်ရွယ်သူတွေ၊ ဒါမှမဟုတ် အခြားပညာရပ်နယ်ပယ်က ပြောင်းလာသူတွေ ဖြစ်လေ့ဖြစ်ထရှိပါသတဲ့။
ကျွန်မတို့ နိုင်ငံက ပိတ်ဆို့မှုတွေ၊ မပွင့်လင်းမှုတွေ အများကြီးအောက်မှာ နှစ်များစွာ ရောက်နေခဲ့တာပါ။ ကျောင်းပညာရေးမှာလည်း ခေတ်မမီတဲ့ သင်ရိုးညွှန်းတမ်းတွေ၊ ဆင်ဆာဖြတ်ထားတဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့ သင်ယူခဲ့ကြရသလို၊ ဖတ်ခွင့်ရခဲ့တဲ့ စာပေ၊ ကြည့်ခွင့်ရခဲ့တဲ့ ရုပ်ရှင်၊ ဇာတ်လမ်းတွေ၊ နားထောင်ခွင့်ရခဲ့တဲ့ သီချင်းတွေ၊ အစီအစဉ်တွေကလဲ ဆင်ဆာဖြတ်ထားတဲ့ အရာတွေဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အဲဒီအထဲတွေမှာ ဝါဒဖြန့်မှုများစွာကို ရောမွှေထားခဲ့တာမို့ ဘယ်လောက်အထိ မှိုင်းမိပြီး ကြီးပြင်းလာခဲ့ကြသလဲဆိုတာ မသိနိုင်ပါဘူး။ ကိုယ့်ဘာသာကိုယ်တော့ လွတ်လပ်စွာ တွေးခေါ်နိုင်သူတွေလို့ ထင်မိကောင်း ထင်မိကြမှာပါ။
ဒါ့အပြင် လူကြီးတွေကို ရိုသေရမယ်၊ ပြန်မပြောရ၊ အထွန့်မတက်ရ၊ မိဘနဲ့ ဆရာဆိုတာ ဘုရားနဲ့ တစ်ဂိုဏ်းတည်းစတဲ့ တန်ဖိုးထားမှုများစွာ ကြားမှာ ကြီးပြင်းလာခဲ့ကြ သူတွေမို့ ကိုယ့်ထက်အသက်အရွယ် ကြီးသူတွေကိုလည်း အလိုလို အထင်ကြီးတတ်ကြပါတယ်။ သတင်းအချက်အလက်ရရှိမှု နည်းပါးခဲ့ခြင်းနဲ့ ပြင်ပကမ္ဘာနဲ့ ထိတွေ့မှု နည်းပါးခဲ့ခြင်းတွေကြောင့် ကိုယ်အထင်ကြီးသူတွေက ပြောရင် အမှန်လို့ ထင်တတ်ကြပါတယ်။ ဥပမာ တစ်ခုပြောရရင် ကျွန်မ အမေရိကန်နိုင်ငံမှာ ဘွဲ့လွန်စတက်ချိန်မှာ အမေရိကန်နိုင်ငံက ကျောင်းသူ၊ ကျောင်းသားတွေရဲ့ အင်္ဂလိပ်စကားကို လေ့လာသင်ယူဖို့ မကြိုးစားဘဲ သူတို့ရဲ့ အင်္ဂလိပ်စကားကို ပြင်ပေးဖို့ နှစ်ကြိမ်လောက် ကြိုးစားခဲ့မိဖူးပါတယ်။ အခုအချိန် ပြန်တွေးရင် အလွန်ကို ရယ်စရာကောင်းတဲ့ ဟာသတစ်ခု ဖြစ်ပေမယ့် အဲဒီအချိန်မှာ မြင်ကို မြင်မနေခဲ့တာပါ။ ကိုယ်သင်ယူလေ့လာ ခဲ့တာတွေ၊ ကိုယ်အထင်ကြီး လေးစားတဲ့ ဆရာ၊ ဆရာမတွေ ပြောခဲ့တာတွေကို အမှန်တွေလို့ စွဲနေခဲ့တာပါ။
Daily Eleven ရဲ့ Editorial တစ်ခုမှာ ပါခဲ့ဖူးတဲ့ မျိုးဆက်ခွဲခြားမှု ပုံစံအရဆိုရင် ကျွန်မက မျိုးဆက် ‘X’ ထဲက လူသားတစ်ဦး ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ နောက်ပိုင်း ပိုမိုငယ်ရွယ်သူ မျိုးဆက်တွေ ဘယ်လိုအနေအထားရှိမှန်း မသိပေမယ့် ကျွန်မတို့မျိုးဆက်နဲ့ အရှေ့ပိုင်းက မျိုးဆက်တွေထဲမှာတော့ Einstellung ဖြစ်ရပ်တွေ အတော်များမယ်လို့ ထင်မိပါတယ်။ အဲဒါတွေကို ကျော်လွှားဖို့ ကျွန်မတို့ သင်ယူခဲ့တဲ့ အမှားတွေ၊ ယနေ့ခေတ်နဲ့ မကိုက်ညီ အလုပ်မဖြစ် တော့တာတွေကို မေ့ပစ်ကြဖို့ လိုပါလိမ့်မယ်။
အဲဒီလို ဆောင်ရွက်နိုင်စွမ်း မရှိကြရင် သိပ္ပံပညာမှာ ပြောလေ့ပြောထရှိတဲ့ “သိပ္ပံပညာက တစ်ကြိမ်မှာ အသုဘ တစ်ခုစီနဲ့ တိုးတက်လာတယ်” ဆိုတဲ့ ဆိုရိုးစကားလို ဖြစ်သွားနိုင်ပါတယ်။ ခေါက်ရိုးကျိုးနေတဲ့ ပုံစံဟောင်းတွေအတိုင်း တွေးခေါ်ကြသူတွေ မရှိကြတော့တဲ့ ကာလကျမှ ကျွန်မတို့ နိုင်ငံတိုးတက် ပြောင်းလဲလာမယ်ဆိုရင် အဆင်မပြေလှပါဘူး။ ဒါကြောင့် နယ်ပယ်အသီးသီးက ဆုံးဖြတ်ချက် ချနိုင်တဲ့နေရာမှာ ရှိနေကြသူတွေနဲ့ မြန်မာနိုင်ငံသူ/သားတွေ အားလုံး သင်ယူခဲ့တာတွေကို လိုအပ်သလို မေ့ပစ်နိုင်စွမ်း ရှိကြပါစေလို့ ...။
(Reference: www.coursera.org- ဆန်ဒီယေဂို၊ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ “သင်ယူမှုအကြောင်း သင်ကြားခြင်း” ပို့ချချက်)










