“ကြာ”

“ကြာ”
Published 20 August 2015
အရှင်သုမင်္ဂလ (စစ်ကိုင်း)

(၁)
မြန်မာတို့၏ ဓလေ့၌ စကားလုံး အသံထွက်၏ နောက်ကို လိုက်ပြီး အတိတ်နိမိတ် ကောက်ချင်သည့် ဉာဉ်တစ်မျိုးကို သတိထားမိသည်။ မြန်မာဟူသရွေ့ အတိတ်နိမိတ် ကောက်ကြလေကုန်၏ဟု မဆိုသာသော်လည်း မြန်မာအတော်များများ၌ကား ထိုဓလေ့ကို တွေ့ရတတ်သည်။“အရှင်ဘုရား သတိထားမိမလား မသိဘူး။ လူကြီးတွေ မန္တလေးကိုလာရင် သကျသီဟဘုရားကို သွားမဖူးကြဘူး။ သူတို့ဖူးကြတာက ဘုရားကြီးတို့၊ ရွှေကျီးမြင့်တို့” ဟု တစ်ယောက်က ဆိုဖူးသည်။ ပြောကြစတမ်းဆို ထိုကိစ္စမျိုးကို မိမိ စိတ်မဝင်စားလှပါ။ သို့သော် အဖြစ်သနစ်အချို့ကို ပြန်လည်ဆင်ခြင်မိတော့ ထိုတစ်ယောက် အပိုပြောခြင်းမဟုတ်ဟု မြင်လိုက်ရသည်။ “သကျသီဟကို သွားမဖူးကြတာက ဘုရားဘွဲ့တော်မှာ ‘ကျ’ ပါနေလို့တဲ့” ဟု ထိုတစ်ယောက်က သူ့စကားကို ဆက်သည်။ သြော်၊ ဖြစ်မှဖြစ်ရလေ။“လူတချို့က ဘုရားမှာ ကြာပန်းမလှူ ချင်ကြဘူးတဲ့” ဟူသော စကားမျိုးကိုလည်း ကြားရတတ်သေးသည်။ အဓိပ္ပာယ်က ‘ကြာ’ မှာ စိုးလို့တဲ့။ ဘယ်နေရာမှာ ကြာမည်စိုးသည်ကိုကား မသိ။ နိဗ္ဗာန်ကို အတော်နှင့် မရောက်နိုင်ဘဲ ‘ကြာ’ နေမည်ကို စိုးကြသည်လားတော့ဖြင့် မဆိုနိုင်။ သြော်၊ ငါတို့မြန်မာတွေ စကားလုံးရဲ့ အဓိပ္ပာယ်နောက်ကို အဲသလောက် သဲကြီးမဲကြီး လိုက်ယူရတဲ့အထိ အသိဉာဏ်တွေ ခေါင်းပါးကြလေပြီလား။ စိတ်ထဲ မချင့်မရဲ ဖြစ်ရသည်။ 
(၂)
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကို ရောက်ခဲ့စဉ်က ဘုရားရှေ့၌ ကြာဖူးတွေကို တမြတ်တနိုး တင်လှူထားကြသည်ကို တွေ့ရသည်။ မတော်တဆ တွေ့မိခြင်းမျိုး မဟုတ်။ သတိထားယူရလောက်အောင်ကို တွေ့ခဲ့ရသမို့ စကားလုပ်ပြီး ပြောလိုက်ရခြင်း ဖြစ်ပါသည်။ ဘာသာရေးနှင့် ဆက်နွှယ်သော ကိစ္စရပ်များ၌ ကြာပန်းကို အထွတ်အမြတ် ပန်းတစ်ပွင့်အဖြစ် သူတို့က သဘောထားကြပုံရသည်။ကမ္ဘောဒီးယားနိုင်ငံရောက်တော့ ဘုရားနတ်ကွန်း တစ်ခုဘေး၌ အတော်အတန် ကြီးမားသော ကြာပန်းဈေးကွက်ကြီး တစ်ခုကို တွေ့လိုက်ရသည်။ ပထမဆုံး သတိထားမိသည်က ဆိုင်ကယ်သမား၏နောက်၌ အစည်းလိုက်တင်သွားသော ကြာပန်းစည်းကြီးများ ဖြစ်သည်။ထိုဆိုင်ကယ်က ဈေးတန်းတစ်ခုထဲ ဝင်သွားသမို့ သိလိုစိတ်ဖြင့် သူ့နောက်ကို လိုက်သွားမိသည်။ အားပါး၊ ဈေးခင်းတစ်ခုလုံး ကြာပန်းသည်တွေချည်းဖြစ်သည်။ ဆိုင်ကယ်သမား လာပို့သော ကြာဖူးတွေကို အပွင့်ဖြစ်သွားအောင် ဖွင့်နေကြသည်ကိုက အလုပ်တစ်ခု။ မိန်းမသားများက ကြာဖူးနှုတ်ခမ်းသားလေးများကို သူတို့အတတ်ပညာဖြင့် ပွင့်အောင်ဖွင့်ပြီး အလှဆင်ကြသည်။ထိုမြင်ကွင်းကို ကင်မရာဖြင့် မှတ်တမ်းပြုနေစဉ် လမ်းပြဦးဇင်း အနားရောက်လာပြီး “ဘယ်ပျောက်သွားတာလဲလို့ လိုက်ရှာနေတာ၊ ဦးဇင်းက ဒီရောက်နေတာကိုး” ဟု ဆိုသည်။ နတ်ကွန်းအနီးကို ရောက်သွားတော့ ကမ္ဘာလှည့်တွေ ကင်မရာကိုယ်စီဖြင့် ဝိုင်းနေကြသည်မို့ မိမိလည်း ထိုနေရာသို့ မယောင်မလည်ဖြင့် ရောက်သွားသည်။ “အဲဒါ၊ ဒီနိုင်ငံက မင်္ဂလာဦး ဇနီးမောင်နှံပေါ့။ သူတို့ဓလေ့အရ နတ်ကွန်းကိုလာပြီး ဦးတိုက်ကြတာ” ဟု သိရသည်။ မန္တလေး၌ မော်တော်ကားအသစ်၊ ဆိုင်ကယ်အသစ် ဝယ်ပြီးပြီးချင်း “ဘိုးဘိုးကြီး” နတ်နန်းကို သွားပြကြသော မြန်မာအချို့၏ လုပ်ရပ်နှင့် သဘောချင်းဆင်မည် ထင်သည်။မိမိ စိတ်ဝင်စားမိသည်က ထိုကိစ္စ မဟုတ်။ သတို့သမီးလက်ထဲက ကြာပန်းဖူးများ ဖြစ်သည်။ မိမိတို့ မြန်မာ့လူနေမှုဓလေ့၌ သတို့သား၊ သတို့သမီး ကိုင်ထားသောပန်းက နှင်းဆီဖြစ်ချင်ဖြစ်မည်။ သစ်ခွဖြစ်ချင်ဖြစ်မည်။ အခြားပန်း တစ်မျိုးမျိုးလည်း ဖြစ်ချင်ဖြစ်မည်။ ကြာပန်းတော့ဖြင့် မဖြစ်တန်ရာ။ ကြာပန်းကိုင်ထားသော မြန်မာသတို့သမီး တစ်ဦးတလေကိုမျှ မိမိ မမြင်မိဖူးပါ။ (ရှိချင်လည်း ရှိပါလိမ့်မည်)။ ကမ္ဘောဒီးယားမှာတော့ ကြင်စဦးသတို့ သမီးလက်ထဲမှာ ကြာပန်းဖူးတွေကို တမြတ်တနိုးကိုင်လို့။ သူတို့ဆီမှာတော့ ကြာပန်းက ဘာသာရေးနယ်ပယ်၌သာမက လူမှုရေး နယ်ပယ်အထိ တွင်ကျယ်နေပုံရသည် ထင်ပါ၏။ 
(၃)
ကြာပန်းကို မြန်မာတို့ တမြတ်တနိုးမရှိကား မဟုတ်။ ရှိကြပါ၏။ ဘုရားအဝင်ဝက ပန်းဈေးသည်တို့၏ ဗန်းထဲ၌လည်း ကြာပန်းများကို တွေ့ရတတ်ပါသည်။ သို့သော် မြန်မာတို့က ကြာပန်းထက် နှင်းဆီ၊ စံပယ်၊ မြတ်လေးနှင့် သပြေတို့ကို ပို၍ အလေးသာကြ၏ဟု မိမိထင်သည်။ တကယ်တော့ သပြေက ပန်းမဟုတ်။ သို့သော် သူ့နာမည်ရှေ့မှာ ‘အောင်’ တစ်လုံး တပ်ဆင်ပေးလိုက်ကာမျှဖြင့် သပြေကလည်း ဘုရားပန်းအိုးထဲမှာ နေရာကောင်း ရတော့သည်။ နာမည်ကိုက “အောင်သပြေ” တဲ့။ ‘အောင်’ ပါရုံကလေးနဲ့ကို မြန်မာတွေက သည်းလှိုက်အူလှိုက် ကြိုက်ကြပြီးသား။တကယ့်ကြာပန်းအစစ်က နေရာမရ လှသော်လည်း မြန်မာ့ယဉ်ကျေးမှုနှင့် ဘာသာရေးနယ်ပယ်၌ ‘ကြာ’ ၏ သင်္ကေတများစွာကို အထင်အရှား တွေ့နိုင်ပါသည်။ ဘုရားစေတီ တည်ကြရာဝယ် ဖောင်းရစ်နှင့် ငှက်ပျောဖူးအကြား၌ အောက်သို့ တစ်ချက်၊ အထက်သို့ တစ်ချက်၊ ပွင့်ဖတ်များ ဖြာထွက်နေသော ပုံသဏ္ဌာန်ဖြင့် ထည့်သွင်းတည်ဆောက်လေ့ ရှိကြသည်။ ထိုအရာကို ‘ကြာမှောက်၊ ကြာလန်’ ဟု ခေါ်သည်။မြတ်စွာဘုရား ရုပ်ပွားဆင်းတုတော်အတွက် ဖြစ်စေ၊ သက်တော်ရှည် မဟာထေရ်ကြီး တစ်ပါးပါးအတွက် ဖြစ်စေ ကြာပင်မှ ကြာမျှင်များကို ခဲရာခဲဆစ်ရယူပြီး ရက်လုပ်အပ်သော “ကြာသင်္ကန်း” ကိုလည်း မြန်မာတို့ တမြတ်တနိုး တန်ဖိုးထားတတ်ကြသည်။ ဘာသာရေး အခြေခံဖြင့် ရှားရှားပါးပါး ပေါ်ပေါက်လာရသော လက်ရာမွန်တစ်ခုအဖြစ် မြန်မာတို့ ဂုဏ်ယူကြသည်။ဆွမ်းတော်,ပန်းတော်ကပ်သည့် အောက်ခံကလပ်ကိုပင် မြန်မာတို့က ကြာပန်းပွင့်ကလေးခံပြီး လုပ်ချင်တတ်ကြသည်။ “မုန့်လုံး စက္ကူကပ်၊ ကြာကလပ်နဲ့ ဆွမ်းတော်တင်” ဆိုသည့် မြန်မာတို့ နားရည်ဝနေပြီးသား ဂျာအေးသီချင်း၌လည်း ကြာကလပ်ကို တွေ့ရသည်။ ထိုမျှသာမကသေး။ ပန်းချီဆရာတွေကလည်း ကြာကိုကြိုက်ကြသည်။ ကြာပန်းတွေကြည့်ပြီး ပန်းချီလေ့ကျင့်ခန်း ဆင်းကြသည်။ သီချင်းရေး ဆရာတွေကလည်း ကြာပန်းကို ထည့်ပြီး စပ်ဆိုချင်တတ်ကြသည်။ ‘ကြာမျိုးငါးမည် ကြိုင်လှိုင်သင်း’ တွေဘာတွေ လုပ်ကြသည်။ ကြာမျိုးငါးပါး ဟူသည်က “ကုမုဒြာကြာ၊ ကြာပုဏ္ဍရိက်၊ ပဒုမ္မာကြာ၊ ကြာနီ၊ ကြာညို” တို့ဖြစ်သည်။ 
(၄)
ဗုဒ္ဓဘာသာဝင် နိုင်ငံတိုင်းက ‘ကြာ’ ကို အလေးအမြတ် ထားကြသည်။ ထိုကိစ္စသည် ဂေါတမ မြတ်စွာဘုရားရှင်၏ ဖြစ်တော်စဉ်ကို အရင်းခံ၍ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ရာပါ၏။ ဒီပင်္ကရာ မြတ်စွာဘုရား၏ ခြေတော်ရင်း၌ သုမေဓာရသေ့ဘဝဖြင့် နိယတဗျာဒိတ်ခံယူခဲ့စဉ်က ဗြဟ္မဏဆွေကြီးမျိုးကြီးမှ ဆင်းသက်လာသည့် သုမိတ္တာမည်သော မိန်းမပျိုငယ်လည်း ထိုအရပ်သို့ ရောက်လာသည်။ သူမလက်ထဲ၌ ဘုရားလှူရန် ခူးလာခဲ့သော ကြာပန်းရှစ်ခိုင် ပါလာသည်။ ထိုအထဲမှ အလောင်းတော် သုမေဓာလက်သို့ ကြာငါးခိုင်ကမ်း၍ သူမလက်ထဲ၌ သုံးခိုင်ချန်ပြီး ဒီပင်္ကရာဘုရား အားလှူခဲ့သော အဖြစ်က ဗုဒ္ဓဝင်၌ အထင်အရှား ရှိခဲ့သည်။ဘုရားဖြစ်တော်မူမည့် နောက်ဆုံးဘဝ၌လည်း အမိဝမ်းမှ ဖွားလျှင်ဖွားချင်း မြောက်စူးစူးသို့ မျက်နှာမူပြီး ခုနစ်လှမ်းတိတိ လှမ်းခဲ့စဉ်က ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းမှာ ကြာပန်းတွေ ထပွင့်သည်။ ထို့နောက် “ငါသည် အမြတ်ဆုံး၊ ငါသည် အချီးမွမ်းအပ်ဆုံး၊ ငါသည် အကြီးကျယ်ဆုံး” ဟူသော သမိုင်းတွင်မည့် စကားကြီးသုံးခွန်းကို နှုတ်မြွက်တော် မူခဲ့သည်။ ပြောကြစတမ်းဆို ကျွန်ုပ်တို့ မြတ်စွာဘုရားက ဗုဒ္ဓဝင်ကို ‘ကြာပန်း’ နှင့် စခဲ့ခြင်း ဖြစ်သည်။အနော်မာသောင်ကမ်း၌ ကာသိတိုင်းဖြစ် ဝတ်လဲတော်အစုံကို ပယ်စွန့်၍ ရဟန်းအသွင်ကို ခံယူခဲ့စဉ်က ဘုရားအလောင်းတော်အား ဃဋိကာရ ဗြဟ္မာကြီး လှူဒါန်းခဲ့သော သင်္ကန်းကိုလည်း ‘ကြာသင်္ကန်း’ ဟု အပါဒါန်အဋ္ဌကထာက ဖွင့်ဆိုသည်။ ထိုအဆိုကိုမှီး၍ “ဃဋိကာရ၊ သက်လှာကျ၍၊ မြစ်စစဲခြေ၊ ကပ်နှင့်ပေသား၊ နီရွှေခေါင်ရန်း၊ ကြာသင်္ကန်းနှင့်၊ နေဝန်းစက်ရောင်၊ ခြည်အထောင်သို့၊ ပြောင်ပြောင်ညိညိ၊ တင့်လွန်းဘိသား” စသည်ဖြင့် ဂါထာခြောက်ဆယ်ပျို့၌ စပ်ဆိုသည်။ သို့သော် ထိုအဆိုကို ငြင်းသည့်အဆိုများလည်း ရှိသည်။ကမ္ဘာဦးကျမ်းတို့၏ အဆိုက ဤသို့ ဖြစ်သည်။ ကမ္ဘာဦးတည်စကာလက ပုဗ္ဗနိမိတ် အနေဖြင့် ပဒုမ္မာရုံ တစ်ရုံ ပေါ်ပေါက်လာ၏။ ဘုရားပွင့်မည့် ကမ္ဘာဖြစ်လျှင် ထိုပဒုမ္မာကြာရုံမှ ကြာပွင့် ပွင့်သည်။ ဘုရားမပွင့်မည့် သုညကမ္ဘာဖြစ်လျှင် ကြာပန်းမပွင့်ဟု ဆိုသည်။ အကယ်၍ ပွင့်မည့်ဘုရားက တစ်ဆူတည်း ဆိုလျှင် တစ်ပွင့်ပွင့်သည်။ ငါးဆူပွင့်မည့် ကမ္ဘာဖြစ်လျှင် ငါးပွင့်ပွင့်သည်။ ထိုကြာငါးပွင့်လုံး ကြာရိုးတစ်ခုတည်းမှ ပွင့်ကုန်၏ဟုလည်း ဆိုသည်။ဃဋိကာရဗြဟ္မာလှူသော သင်္ကန်းကို ကြာသင်္ကန်းဟုဆိုသည့် ပညာရှင်တို့က ထိုကမ္ဘာဦး ကြာပွင့်ထဲ၌ ပရိက္ခရာ အစုံပါရှိပြီး ဖြစ်၏ဟု ဆိုကြသည်။ ကျမ်းဂန်အများစုက ကမ္ဘာဦးကြာပွင့်၌ ပရိက္ခရာရှစ်ပါး အသင့်ပါရှိ၏ဟု မဖွင့်ဆိုကြပါ။ရဟန်းအသွင်ကိုယူပြီးနောက် ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံဝင်တော်မူသော ဘုရားအလောင်းတော်၏ သွင်ပြင်ကို ပြဆိုရာ အခန်း၌ “ဃဋိကာရဗြဟ္မာမင်း လှူဒါန်းအပ်သည့် ဒေဝဒတ္တိယပံ့သကူသင်္ကန်းကို ဝတ်ရုံတော်မူကာ မြေသပိတ်ကိုစွဲပိုက်၍ မြို့၏ အရှေ့တံခါးဖြင့် မြို့တွင်းသို့ဝင်ပြီးလျှင် အိမ်စဉ်အတိုင်း ဆွမ်းခံလှည့်လည်တော် မူလေပြီ” ဟု သုတ္တနိပါတ်အဋ္ဌကထာ၌ဆိုသည်။ ထိုစကားအရ ဃဋိကာရလှူသော သင်္ကန်းသည် ဣိဒုမယသင်္ကန်း (တန်ခိုးတော်ကြောင့် ပေါ်လာသော သင်္ကန်း) မဟုတ်၊ ဒေဝဒတ္တိယ သင်္ကန်း (ဗြဟ္မာကလှူသော သင်္ကန်း) မျှသာ ဖြစ်ကြောင်း မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီးက မှတ်ချက်ပြုတော်မူသည်။ 
(၅)
မျက်မှောက်ကမ္ဘာ၌ ထေရဝါဒ ဗုဒ္ဓဘာသာ ထွန်းကားသော နိုင်ငံပေါင်း ငါးနိုင်ငံရှိသည်။ ထိုတွင် အရှေ့တောင်အာရှဒေသမှ လေးနိုင်ငံ ပါဝင်သည်။ ထေရဝါဒနိုင်ငံတို့တွင် ဗုဒ္ဓစာပေကို လေ့လာသင်ယူခြင်း “ပရိယတ္တိ” အရာ၌ မြန်မာနိုင်ငံက အမြင့်ဆုံး အဆင့်၌ တည်ရှိကြောင်း ကမ္ဘာ့ပညာရှင် အသီးသီးက အသိအမှတ် ပြုထားကြသည်။  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံဃနာယက အဖွဲ့ကြီး၏ သင်္ကေတက ကြားပန်းငါးလက် အမှတ်တံဆိပ် ဖြစ်သည်။ ထို ကြာပန်းငါးလက်တွင် အောက်ခံကြာလေးလက်က အပွင့်ဖြစ်ပြီး၊ ထိပ်ဆုံးကြာတစ်လက်က အငုံအဖူးပုံနှင့်ဖြစ်သည်။ ဤဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူကြမည့် ဘုရားငါးဆူကို ကြာငါးလက်ဖြင့် သင်္ကေတပြုထားခြင်းဖြစ်ပြီး နောင်ပွင့်တော်မူမည့် အရိမေတ္တေယျဘုရားကိုရည်၍ ထိပ်ဆုံးမှကြာကို အငုံအဖူးပုံဖြင့် ထည့်သွင်း သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ကျမ်းကိုး- မဟာဗုဒ္ဓဝင် ။ (ဒုတိယတွဲ၊)              မြန်မာအဘိဓာန်။  (အတွဲ - ၁)

Most Read

Most Recent