မနေ့ညက မီးပျက်သွားသည်။ စာရေးရင်း တန်းလန်းပေါ့။ ကိစ္စမရှိပါဘူး။ ကွန်ပျူ တာကို ပိတ်၊ မီးတွေကို လိုက်ပိတ်သည်။ Solar မီးသီးကို ထွန်း၍ အိပ်လိုက်ပါသည်။မနက်အထိ မီးမလာသေးပါ။ လမ်းထဲကကားတွေ ပြောင်းပြန် ပြန်ထွက်နေကြသည်။ အောက်ဆင်းကြည့်တော့ လမ်းထဲက ဓာတ်တိုင်လဲသွားသည်ကို တွေ့ရသည်။ အမြန်လာရောက် ပြုပြင်နေကြပါသည်။ ကောင်းသွားမှာပါ။ဆိုးတာက ကားတစ်စီး ဓာတ်တိုင်လဲကျသည့် နေရာတွင် ရပ်ထားသောကြောင့် ‘ဘောနက်’ တစ်ခုလုံး ပိန်လိမ်သွားသည်။“ကံ အတော်ဆိုးတာပဲ”မြန်မာပြည်တွင် ကံအကြောင်းမလှ ဖြစ်လျှင် သိပ်မဟန်ပါ။ သူ ဘာမကောင်းမှုတွေ လုပ်ထားလို့ ဒီလိုဖြစ်တာလဲဟု တွေးထင်ကြသည်။တကယ်တော့ ကျွန်တော်တို့၏ စိတ်အစွဲ (Mind Set) ကြောင့် တစ်ခါတစ်ခါ ခံရသူသည် ‘နာလည်းနာ နံလည်းနံ’ ရရှာသည်။သူငယ်ချင်းတစ်ယောက် ပြောဖူးသည်။ ဆရာတော်တစ်ပါး (ရွှေဥမင်ဆရာတော်) ဟု ထင်ပါသည်။ ဆရာတော်က အိမ်တစ်အိမ်မှာ ဆွမ်းစားပြီးပြန်အကြွ ဟိုကြည့်ဒီကြည့် ဖြစ်နေသောကြောင့် ဒကာက မေးသည်။“အရှင်ဘုရား ဘာရှာတာလဲ”“ငါ့ဖိနပ် မရှိတော့ဘူး”ဒကာက ကြည့်လိုက်တော့ ဆရာတော်က အတော်လေး မျက်စိမျက်နှာ ပျက်နေတာကို တွေ့ရတော့ နှစ်သိမ့်စကား ဆိုလိုက်တယ်။“အရှင်ဘုရား တပည့်တော် အသစ်တစ်ရန် ဝယ်ခိုင်းပြီး ကပ်ပါ့မယ် ဘုရား။ စိတ်မကောင်း မဖြစ်ပါနဲ့”ဒီအခါ ဆရာတော်က “ငါ စိတ်မကောင်း ဖြစ်တာက ဖိနပ်ကို နှမြောလို့ မဟုတ်ဘူး။ အရင်ဘဝက ငါသူများဖိနပ်ကို ခိုးခဲ့ဖူးတာကို ရှက်လို့ပါကွာ” ဟု ပြောလိုက်လေသည်။အမှန်ကတော့ ‘ကားပိ’ ခံရသူနှင့် ဆရာတော် ဖိနပ်ပျောက်သော ဖြစ်ရပ် မတူပါ။ ကံ ကံ၏ အကျိုးကို ပြောတာကတော့ တူပါသည်။ သို့သော် မော်တော်ကား ပိခံရသူသည် အပြစ်တင်ခံရသလို ဖြစ်ပြီး ဆရာတော်ကတော့ ဖိနပ်ခိုးသူကို ခွင့်လွှတ်ခြင်း ဖြစ်ပါသည်။စောစောကပြောသလို ဒီနံနက်မှာလည်း မီးပျက်နေတဲ့အတွက် ကောင်းပါသည်။ စာဖတ်ရတာပေါ့ဟု စာဖတ်ပါသည်။ အသက်ကြီးလာတော့ စာဖတ်ရတာ အဆင်မပြေလှပါ။စာအုပ်တွေကို ဖတ်လျှင် ၁၀ မိနစ်ထက် ပိုမဖတ်နိုင်ပါ။ ခေတ္တနားရသည်။ ဒီအကြောင်းကို ပြောပြတော့ သမီးက E-Book တွေကို Kindle မှ ဝယ်ပေးပါသည်။ ကွန်ပျူ တာဖွင့်ဖတ်တော့ Back Light ရှိတော့ ပိုဖတ်နိုင်ပါသည်။ သို့သော် ၁၀ မိနစ်ထက်တော့ ပိုမဖတ်နိုင်ပါ။ ‘ဇရာထောင်းတော့ ဘယ်ဟာမှ မကောင်း’ ဆိုသော စကားရှိသည်။ ရုပ်ပိုင်းဆိုင်ရာ မကောင်းတော့ပါ။ သို့သော် စိတ်ပိုင်းလည်း ချို့ယွင်းသင့်သလောက် ချို့ယွင်းပါသည်။ အင်မတန် မေ့တတ်လာသည်။“တို့တစ်တွေ လူငယ်တွေကို အဓိက အားကိုးရမယ်’ ဟု စဉ်းစားမိသည်။လူကြီးများသည် အတွေ့အကြုံများ၍ မှန်ကန်စွာ ဆုံးဖြတ်နိုင်တတ်သည်။ လူငယ်များက ဖျတ်လတ်ကြသည်။ လက်ဆင့်ကမ်း အမွေတွေကို ပေးဖို့ ဝန်လေး၍ မရပါ။ ၂၀၁၅ ရွေးကောက်ပွဲကို မျှော်ကြည့်မိသည်။ လူငယ်နှင့် လူကြီး ဟန်ချက်ညီညီ လုပ်ဆောင်ပါမှ တိုင်းပြည်ကို ကယ်တင်နိုင်ပါမည်။ ယနေ့ ဆင်းရဲပြီး ကမ္ဘာမှာ မျက်နှာငယ်နေရသည်ကို သဘောပေါက်ရန် လိုပါသည်။ဒီနေ့ နောက်တစ်ချက်ကို တွေးမိပြန်သည်။ လူငယ်တွေ ပိုပြီးတောက်ပြောင်အောင် ကြိုးစားဖို့လိုသည်။ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဦးသန့်တို့၊ ဦးနုတို့သည် တိုင်းပြည်ကို ဦးဆောင်သည်။ ကမ္ဘာ့အလယ်တွင် တင့်တယ်သည်။ တစ်နည်းပြောရရင် ‘လူရာဝင်’ ကြသည်။ ဘာကြောင့်လဲ။ သူတို့အသက်အရွယ်နှင့် လူရာဝင်ကြခြင်းမှာ (၁) လူကြီးများက နေရာပေးကြသည်။ (၂) သူတို့ကိုယ်တိုင် စာဖတ်ရသည်။ ဆွေးနွေးကြသည်။ ဖေးမကြသည်။ဥပမာ အိုးဝေညိုမြရေးသော ‘ငရဲခွေးကြီး လွတ်လာပြီ’ ဆောင်းပါးကို တာဝန်ယူထည့်သော ဗိုလ်ချုပ်အောင်ဆန်းသည် သူကိုယ်တိုင် ကျောင်းအထုတ်ခံခဲ့သည်။ ဘယ်သူ့အပြစ်ဟူ၍ လက်ညှိုးမထိုးကြပေ။ ဆိုလိုတာက ကိုယ့်ကိုယ်ကိုယ် မဆန်းစစ်၊ အနစ်နာမခံဘဲ လူကြီးလူကောင်း ဖြစ်မလာပါ။ရွှေဥမင်ဆရာတော်စကားက ရိုးစင်းလှပါသည်။ ဘာသာရေး အယူအဆများ မပါလျှင်လည်း သဘောပေါက်နိုင်ပါသည်။ ကျွန်တော်တို့တစ်တွေ မှားတာတွေ ရှိနိုင်ပါသည်။ နောက်ထပ် မှားသူတွေကို ခွင့်လွှတ်ပါသည်။ အမှား ထပ်မကျူးလွန်ကြဖို့ အဆုံးအမ အနေဖြင့် ယူဆနိုင်ပါသည်။တရားမျှတ လွတ်လပ်သောနိုင်ငံ ဖြစ်လိုပါက သည်းခံခွင့်လွှတ်မှုနောက်က လိုက်ရပါသည်။ တရားဥပဒေ စိုးမိုးရေးအတွက် အရေးယူမှုများကို အမုန်းတရားဖြင့် မလုပ်ဆောင်ရပါ။ အမှန်တရားအတွက်သာ ဖြစ်သင့်ပါသည်။ လူ့ဘဝသည် ခက်ခဲပါသည်။ လူလုပ်ရတာ ခက်ပါသည်။စေတနာများဖြင့် အမှားများကို သည်းခံခွင့်လွှတ် လျှောက်လှမ်းကြရပါမည်။










