လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုတွင် ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ နောက်ဆက်တွဲအခြေပြ စာချုပ်အား မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရန် ကိစ္စအား နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားမှုအား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်က သြဂုတ် ၁၉ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ရှင်းလင်းပြောကြားသည်။မြန်မာနိုင်ငံသည် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ပင်မစာချုပ်ဖြစ်သည့် ‘ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ စာချုပ်’ သို့ ၁၉၉၁ ခုနှစ်တွင် အတည်ပြုဝင်ရောက်ခဲ့ပြီးဖြစ်ပြီး ယခု ပါဝင်လက်မှတ်ရေးထိုးမည့် စာချုပ်သည် အဆိုပါ ပင်မစာချုပ်၏ နောက်ဆက်တွဲ အခြေပြစာချုပ်ဖြစ်ကြောင်း သိရသည်။အဆိုပါ အခြေပြနောက်ဆက်တွဲ စာချုပ်တွင် အသက် ၁၈ နှစ် မပြည့်သေးသူများကို တပ်သားအဖြစ် စုဆောင်း၍ စစ်မြေပြင်၌ တာဝန်ထမ်းဆောင်စေခြင်း မရှိစေရန်၊ စစ်မှုမထမ်းမနေရ စုဆောင်းရာတွင် အသက် ၁၈ နှစ် မပြည့်သေးသူများအား စုဆောင်းခြင်း မပြုရန်၊ ယင်းသို့ စုဆောင်းမှုများကို ဥပဒေပြဋ္ဌာန်း တားမြစ်ရန်နှင့် ပြစ်ဒဏ်သတ်မှတ်ရန်၊ အသက် ၁၈ နှစ် မပြည့်ဘဲ စစ်မှုမထမ်းမနေရ တာဝန်ထမ်းဆောင်ရသူ သို့မဟုတ် စစ်မြေပြင်တွင် အသုံးပြုခံရသူတို့ကို စစ်မှုထမ်းအဖြစ်မှ ထွက်ခွင့်ပြု၍ ပြန်လည်ထူထောင်ရေး အကူအညီပေးရန်၊ နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များ မဟုတ်သော အခြားလက်နက်ကိုင် တပ်ဖွဲ့များသည် မည်သည့်အခြေအနေတွင်မဆို အသက် ၁၈ နှစ် မပြည့်သူများကို တပ်သားအဖြစ် စုဆောင်းခြင်း မပြုရန်နှင့် စစ်မြေပြင်တွင် အသုံးမပြုရန် ပြဋ္ဌာန်းချက်များ ပါဝင်ကြောင်း သိရသည်။နောက်ဆက်တွဲ အခြေပြစာချုပ်တွင် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအနက် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ အပါအဝင် စာချုပ်ဝင်နိုင်ငံပေါင်း ၁၅၉ နိုင်ငံ ရှိကြောင်း သိရသည်။ယင်းနောက်ဆက်တွဲ အခြေပြစာချုပ်တွင် မြန်မာနိုင်ငံ အနေဖြင့် ပါဝင်လက်မှတ်ရေးထိုးခြင်းဖြင့် မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ အခွင့်အရေးကို တိုးမြှင့်ကာကွယ် စောင့်ရှောက်ပေးနိုင်မှာ ဖြစ်သလို မြန်မာနိုင်ငံက လူ့အခွင့်အရေး ဆောင်ရွက်ချက်မှာ လက်တွေ့ဆောင်ရွက်နေခြင်းနှင့် ဆက်လက်မြှင့်တင် ဆောင်ရွက်ပေးရန် နိုင်ငံရေးဆန္ဒရှိခြင်းကို ခိုင်မာစွာ ပြသရာရောက်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးသန့်ကျော်က ပြောကြားသည်။“ယခုလို အခြေပြစာချုပ်ကို ပါဝင်လက်မှတ်ရေးထိုးခြင်းဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က နှစ်စဉ်တင်သွင်းနေသည့် ကလေးသူငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခများဆိုင်ရာ အစီရင်ခံစာရဲ့ နောက်ဆက်တွဲစာရင်းမှာ မြန်မာနိုင်ငံ ပါဝင်နေခြင်းကိုလည်း ပယ်ဖျက်ပေးဖို့အတွက် တစ်ဖက်တစ်လမ်းကလည်း အထောက်အကူပြုမှာ ဖြစ်ပါတယ်” ဟု ဦးသန့်ကျော်က ပြောကြားသည်။ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အဆိုပါစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရေး ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်း တင်သွင်းရန် ကြေညာခဲ့သည်။
လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုတွင် ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်အား မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရန် လွှတ်တော်သို့ တင်ပြ