မကြာမီက The Asia Foundation ကနေ မြန်မာနိုင်ငံအတွက် လက်ဆောင်ပေးတဲ့ Alexandar Green ရေးသားတဲ့ “THE GONE FISHIN PORTFOLIO” စာအုပ်ကို ဖတ်ရတယ်။ အဲဒီစာအုပ်ကို ဖတ်ရပြီး ပြန်လည်မျှေ၀ ပေးလိုတာကြောင့် အခုဆောင်းပါးကို ရေးဖြစ်ပါတယ်။ စာရေးသူရဲ့ ပင်ကိုစိတ်ရင်းက မိမိသိသလို အများကိုလည်း သိစေလိုတဲ့ အသိပညာ မျှဝေပေးလို စိတ်ဖြစ်တယ်။ ဆုံးခန်းတိုင်ရောက်အောင် မလုပ်နိုင်တဲ့အရာက ပညာရှာခြင်းနဲ့ ဥစ္စာဓန ရှာဖွေခြင်း ဖြစ်ပါတယ်။ ဘဝသက်တမ်းသာ ကုန်ဆုံးသွားမယ်။ ပညာနဲ့ ဥစ္စာဓနရှာဖွေမှုက ဘယ်သောအခါမျှ ဆုံးခန်းတိုင်စေမှာ မဟုတ်ပါ။
“Everything starts from idea.”
“အရာရာတိုင်းက အတွေးစိတ်ကူးက နေ စတင်တာဖြစ်တယ်” လို့ ဆိုတယ်။ သို့ပေမဲ့ မှန်ကန်တဲ့ အတွေးစိတ်ကူးတွေ ဖြစ်လာဖို့ ဘဝအရည်အသွေးတွေ မြင့်မားလာနိုင်စေမယ့် စာတွေကို ဖတ်မှတ်တတ်ဖို့ လိုအပ်တယ်။ လူတိုင်းက ၂၄ နာရီဆိုတဲ့အချိန်ကို ညီတူညီမျှ ပိုင်ဆိုင်ကြတယ်ဆိုတာ စာရေးသူအမြဲ ရေးလေ့ရှိပါတယ်။
“Get Wise, Get Wealthy… and Get On with Your Life” လို့ဆိုတယ်။ ဒါကို စာရေးသူဆောင်းပါး ခေါင်းစဉ်အဖြစ် ယူထားတာဖြစ်ပါတယ်။ အနှစ်ချုပ်ဆိုရရင် သမ္မာအာဇီ၀ နည်းလမ်းနဲ့ ချမ်းသာကြွယ်ဝပြီး ဘဝအရည်အသွေး မြင့်မားလာစေဖို့ ဖြစ်ပါတယ်။ လူတစ်ဦးချင်းက ဘဝအတွင်းကို ရောက်လာကတည်းက လှုပ်ရှားမှုနဲ့ စတင် ကြရတယ်။ မိခင်ရဲ့ဝမ်းဗိုက်အတွင်းမှာရှိစဉ် မိခင်နဲ့ချက်ကြိုးချင်း ဆက်ထားတာဖြစ်လို့ မိခင်စားရင် မိခင်ဝမ်းဗိုက်အတွင်းက သန္ဓေသားပါ ဝလင်စေတာကြောင့် ဘာအခက် အခဲမျှ မရှိသော်လည်း မိခင်ဝမ်းဗိုက်ပြင်ပ ရောက်တာနဲ့ မိခင်ကို နို့တိုက်ဖို့ ဆွဲဆောင်မှု ပြုရတယ်။ စလှုပ်ရှားရတယ်။ အဲဒါက နို့ဆာ တဲ့အတွက် ငိုရတယ်။ တစ်နည်းအားဖြင့် မိခင်ကို နို့တိုက်ဖို့ အငိုနဲ့ဆွဲဆောင် လိုက်ရတာ ဖြစ်ပါတယ်။ ဈေးကွက်သဘောတရားမှာ အရောင်းဆိုတာ တစ်ဖက်လူကို ဆွဲဆောင်မှု (Persuasion) လို့ အဓိပ္ပာယ် ဖွင့်ဆိုထားတဲ့ အတွက် လူဟာမွေးလာကတည်းက အရောင်းပညာ တတ်မြောက်လာတာ ဖြစ်တယ်။ အဲဒီအရောင်းပညာကို လူ့ဘဝတစ်လျှောက်လုံးမှာ မှန်ကန်စွာ အသုံးချတတ်ဖို့ လိုအပ်တာဖြစ်ပါတယ်။
လူတစ်ဦးချင်းမှာ အရွယ်သုံးပါးရှိတယ်။ ပထမအရွယ်မှာ ပညာရှာကြရမယ်၊ ဒုတိယအရွယ်မှာ ဥစ္စာရှာကြရမယ်၊ တတိယအရွယ်မှာ တရားရှာကြရမယ်လို့ ဆိုတယ်။ သို့ပေမဲ့ ဒီကနေ့ခေတ်မှာ အဲဒါတွေက ခေတ်ရဲ့ပြောင်းလဲမှုအရ ပြောင်းလဲမှုတွေ ဖြစ်လာတယ်။ ပထမအရွယ်မှာ ကတည်းက ဒီရှာဖွေမှု သုံးခုစလုံးကို လုပ်ဖို့လိုအပ်လာတယ်။ အုပ်ချုပ်သူတွေရဲ့ လွဲမှားသော အုပ်ချုပ်စီမံခန့်ခွဲမှုတွေကြောင့် နိုင်ငံသားတွေအများစု ဆင်းရဲတွင်း နက်ခဲ့ကြရတယ်။ ပညာရှာချိန်မှာ ပညာမရှာနိုင်ကြဘဲ ဥစ္စာရှာနေကြရတယ်။ ဟိုယခင်က ဆိုရိုးတစ်ခုရှိတယ်။ ပညာရွှေအိုး လူမခိုး ဆိုတာဖြစ်တယ်။ အဲဒါကို တက္ကစီယာဉ်မောင်း တစ်ဦးက ပြောတယ်။ ဒီခေတ်က ပညာရွှေအိုး လူမခိုး မဟုတ်တော့ဘဲ ရွှေအိုးရှိမှ ပညာရနိုင်တဲ့ခေတ် ရောက်လာပြီလို့ ပြောတယ်။ တွေးကြည့်တော့လည်း မှန်နေတယ်။ ကလေးငယ်အများစုက မိဘတွေဆင်းရဲတွင်း နက်တော့ ပညာမရှာ ကျောင်းမတက်နိုင်တာကြောင့် မိဘတွေနဲ့အတူ ဥစ္စာရှာနေကြရတယ်။ အရွယ်မရောက်သေးဘဲ လက်ဖက်ရည်ဆိုင်တွေ ဘီယာဆိုင်တွေမှာ အလုပ်လုပ် နေကြရတယ်။
လူတစ်ဦးချင်းက မိမိတို့ရဲ့ကာယ၊ ဉာဏ စွမ်းအားတွေနဲ့ သမ္မာအာဇီ၀ ရှာဖွေရရှိတဲ့ ငွေကြေးကို စနစ်တကျ သုံးစွဲတတ်မှုနဲ့ စုဆောင်းမှုတွေ ပြုလုပ်ကြရတယ်။ အများစုကတော့ မိမိတို့ရဲ့ လုပ်အားခရရှိငွေကြေးက နေ့စဉ်နဲ့အမျှ တက်လာနေတဲ့ ကုန်ဈေးနှုန်း ကို မယှဉ်နိုင်တဲ့အတွက် မလောက်မငရရှိ တဲ့ငွေကြေးနဲ့ ရုန်းကန်လှုပ်ရှား နေကြရတယ်။ သမ္မာအာဇီဝနဲ့ မဟုတ်ဘဲ ရှာဖွေရရှိလာသူတွေက ငွေကြေးကို ရေလိုသုံးစွဲ နေကြတယ်။ စာရေးသူအထက်မှာ ဖော်ပြခဲ့တဲ့ စာရေးသူက သူ့ရဲ့အမြင်အရ လူတွေမှာ လုပ်ဆောင်တတ်တဲ့ အမှားလေးခုကို ထောက်ပြထားတယ်။
(၁) အပြောင်းအလဲဖြစ်မှုကို မလိုလားလို့
သမားရိုးကျ အမြင်ရှိသူတွေက ဒီကနေ့ ခေတ်အခေါ် ပါရာဒိုင်းလို့ခေါ်တဲ့ ရွှေ့လျားပြောင်းလဲမှုကို မလိုလားကြဘဲ ရှိရင်းစွဲ အခြေအနေအတိုင်း လိုလားကြသူတွေ ဖြစ်တယ်။ ဒီလိုလူတွေက မပြောင်းလဲသော အရာက ပြောင်းလဲခြင်း ဖြစ်တယ်ဆိုတဲ့ သဘောတရားကို နားမလည်ကြလို့ ဖြစ်တယ်။
(၂) ရန်လိုစိတ် ပြင်းထန်လွန်းအားကြီးလို့
ဒီလိုရန်လိုစိတ် အမြဲရှိသူတွေက သူတို့ရဲ့ ဘဝခရီးလမ်းမှာ အမြဲပဲ မီးတောက်အတွင်းမှာ လျှောက်လှမ်းသွား နေရသူနဲ့ တူတယ်လို့ ဆိုတယ်။ အစိတ်အပိုင်း တစ်ခုသော လူတွေမှာ အခုလိုတစ်ဖက်လူအပေါ်မှာ ရန်လိုစိတ်တွေ ထားရှိနေကြတယ်။
(၃) အနိုင်ယူလိုစိတ် များလွန်းလို့
အရာရာမှာ သူပဲအနိုင်ရရမယ်ဆိုတဲ့ တစ်ဖက်သတ်စိတ် ထားရှိသူဖြစ်တယ်။ ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဓာတ်ရှိသူ တွေဖြစ်တယ်။ ဒီလိုလူမျိုးက နေရာတစ်နေရာ ထိုင်စရာနေရာ တစ်ခုရထားရင် အခြားသူတွေကို ဖယ်ပေးရမယ်ဆိုတဲ့ အသိမရှိဘဲ သူသာလျှင်ဒီနေရာမှာ အမြဲထိုင်ထားလိုသူတွေ ဖြစ်တယ်။ ဒီလိုလူက သူ့ကိုယ်သူတွေ သူကြိုးစားလို့ အောင်မြင်တယ်လို့ ထင်ပေမယ့် အဲဒီလိုလူတွေက အမြဲဆုံးရှုံးနေသူတွေ ဖြစ်တယ်လို့ ဆိုတယ်။
(၄) အမြော်အမြင်ကင်းစွာ လူတွေကို ယုံကြည်မှု များလွန်းလို့
အသိဉာဏ်ရှိသူတွေက တစ်ဖက်စွန်းရောက်မှုကို ရှောင်ရှားတတ် ရှောင်ရှားနိုင်ကြတယ်။ သို့ပေမဲ့ အသိဉာဏ်နည်းပါးပြီး အမြော်အမြင် နည်းပါးသူတွေက ယုံကြည်မှု လွန်ကဲခြင်းကြောင့် ငွေကြေးဆုံးရှုံးမှုတွေ၊ မိမိပစ္စည်းက အခြားသူတွေရဲ့ ပစ္စည်းတွေ ဖြစ်သွားစေတယ်။
နိုင်ငံတော်မှာ ပြောင်းလဲမှုကို လိုလားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ စစ်မှန်တဲ့ ပြောင်းလဲလိုစိတ်နဲ့ ကောင်းသော ပြောင်းလဲခြင်းတွေ ဖြစ်လာပေမယ့် ပြောင်းလဲမှုကို မလိုလားတဲ့ နိုင်ငံခေါင်းဆောင်တွေ အုပ်ချုပ်တဲ့ နိုင်ငံမှာတော့ အကြောင်းအမျိုးမျိုးကြောင့် အပြောင်းအလဲကို မလိုလားဘဲ နည်းလမ်းပေါင်းစုံနဲ့ မပြောင်းလဲနိုင်အောင် ကာကွယ်နေကြတယ်။ ဘယ်လိုပဲ နည်းလမ်းပေါင်းစုံနဲ့ တားဆီးနေပေမယ့်အချိန် ကျရောက်ရင်တော့ ပြောင်းလဲမှုက ဖြစ်ကိုဖြစ်လာရမှာ ဖြစ်တယ်။
What is not change is change. ဆိုထားတယ်မို့လား။ ဂျွန်အက်ဖ်ကနေဒီရဲ့ စကားညွှန်းတစ်ခုကို ရေးပြပေးချင်တယ်။
“The greatest enemy of truth is very often not the lie… deliberate, contrived, and dishomest… but the myth… persistent, persuasive” လို့ဆိုတယ်။ သဘောက အမှန်တရားရဲ့ ကြီးမားတဲ့ ရန်သူက မကြာခဏ ဆိုသလို တမင်ရည်ရွယ်တဲ့၊ ဖန်တီးလုပ်ဆောင်တဲ့ မရိုးသားတဲ့ မုသားပြောဆိုမှု ဖြစ်ပေမယ့် အမြဲဆက်တိုက် ဆွဲဆောင်ပြီး မဖြစ်နိုင်တဲ့ ဒဏ္ဍာရီလို ဖြစ်ရင်တော့ မုသားစကားက အမှန်တရားရဲ့ ရန်သူဖြစ်မယ် ဆိုတာဖြစ်တယ်။
History does not lie. လို့ဆိုတယ်။ လူတွေကသာ လိမ်ညာလှည့်ဖြားနေကြတာ ဖြစ်တယ်။ သမိုင်းက မလိမ်ညာဘူးဆိုတဲ့ သဘောဖြစ်ပါတယ်။ ဒါဆိုရင် ဘဝအရည်အသွေး မြင့်မားစေဖို့ ပညာလည်းတတ်ပြီး မှန်ကန်တဲ့ သမ္မာအာဇီ၀ နည်းလမ်းတွေနဲ့ ချမ်းသာကြွယ်ဝမှု လိုအပ်မှာ ဖြစ်တယ်လို့ ဆိုချင်ကြောင်းပါ။










