ဒါနကထာ

ဒါနကထာ
Published 19 August 2015
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

ဘုရားအဆူဆူ ဒါနကူမှ သုံးလူသင်းကျစ် ဧကန်ဖြစ်၍  အမြိုက်တရား ဟောဖော်ကြားလျက် အများဝေနေ ကျွတ်လွတ်စေ၏။
(ကိုယ်ကျင့်အဘိဓမ္မာ၊ မဟာဂန္ဓာရုံဆရာတော်)
ဘုရားအလောင်းတော် သုမေဓာရသေ့လေးဟာ ဒီပင်္ကရာဘုရားရှင် ထံတော်မှောက်မှာ ဘုရားဖြစ်ဖို့ နိယတဗျာဒိတ်ရရှိပြီးတဲ့ နောက်ပိုင်း ငါ့ရဲ့နောင်တော်ဘုရားများဟာ ဘယ်ပါရမီ အကျင့်ကိုများ ဦးစားပေး ဖြည့်ကျင့်တော်မူခဲ့ ကြသလဲလို့ ကြည့်လိုက်တော့ နောင်တော်ဘုရားများဟာ ဒါနပါရမီအကျင့်ကို ဦးစားပေး ဖြည့်ကျင့်တော်မူ သွားကြပါလားဆိုတာ တွေ့ရတယ်။ ဒါကြောင့် သုမေဓာ ရသေ့ဘဝမှစကာ နောက်ဆုံး  ဝေဿန္တရာ ဘဝတိုင်အောင် ဒါနပါရမီကို ဦးစားပေး ဖြည့်ကျင့်တော် မူခဲ့ပါတယ်။ ဝေဿန္တရာမင်းသားလေး အမိဝမ်းက ကျွတ်လျှင်ကျွတ်ချင်း ထူးထူးဆန်းဆန်းပြောတဲ့ စကားတစ်ခွန်းက “အမေ ဘာများလှူစရာရှိပါသလဲ” တဲ့။
ပါရမီဆိုတာ မြင့်မြတ်သူတို့ရဲ့အလုပ်၊ မြင့်မြတ်တဲ့အလုပ်ကို ခေါ်ပါတယ်။ အဲဒီမြင့်မြတ်တဲ့ ပါရမီအလုပ် ဆိုတာဟာ အခြားတော့လည်း မဟုတ်ပါဘူး။ ခေတ်စကားနဲ့ ပြောတော့ ပရဟိတ အလုပ်ပါပဲ။ အလောင်းတော်ကြီးများ ပါရမီဖြည့်တယ်ဆိုတာ အတ္တကို ဘေးဖယ်ထားပြီး ပရကို ဦးစားပေး၊ ပရဟိတ အလုပ်ကို လုပ်သွားရုံမျှ သက်သက်သာပါ။ ဒါကြောင့် ပရဟိတသမား စစ်စစ်တွေဟာ တကယ်တော့ ပါရမီရှင်တွေပါ။ ပါရမီက ဒါနသီလ စသည်ဖြင့် ဆယ်ပါးရှိတယ်။ ပါရမီဆယ်ပါးမှာ ဒါနက အခြေခံပါပဲ၊ ဒါနကို  အခြေမခံဘဲနဲ့ ဘယ်ပါရမီမှ မဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါနံ နာမ ပရိစ္စာဂလက္ခဏာ ဆိုတဲ့အတိုင်း ဒါနဆိုတာ စွန့်ခြင်းလက္ခဏာ ရှိပါတယ်။
ပါရမီဆိုတာလည်း တကယ်တော့ စွန့် ခြင်းသဘောကို အခြေခံရတာပါပဲ။ ဒါကြောင့် စွန့်ခြင်းသဘော သွားတူနေလို့ ပါရမီ ၁၀ ပါးလုံးဟာ  ဒါနလက္ခဏာကို အခြေခံကြရပါ တယ်။
ကမ္ဘာလောကမှာ ဘုရားဆိုတာ အမြင့်ဆုံး အမြတ်ဆုံး ပုဂ္ဂိုလ်ထူးပါ။ အဲဒီဘုရားရှင်တွေဟာ ဂင်္ဂါဝါဠုသဲစုမက ပွင့်တော်မူခဲ့ကြပါတယ်။ ပွင့်တော်မူကြတဲ့ ဘုရားရှင်အဆူဆူကို ဒါနက အဓိကကူညီခဲ့ပါတယ်။ ဒါနအကူအညီ မပါဘဲနဲ့ ဘယ်ဘုရားမှ မပွင့်နိုင်ပါဘူး။ မိမိတို့ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို ကိုးကွယ်ဆည်းကပ်ခွင့် ရနေတာ၊ ဘုရားရှင်၏ တရားတော်ကို နာကြားခွင့်ရနေတာ၊ ကုသိုလ်အကုသိုလ်ကံကို ခွဲခြားနားလည်ခွင့်ရနေတာ၊ ဒါနသီလဘာဝနာ ကောင်းမှုတွေကို ပြုခွင့်ရနေတာတွေဟာ ဒါနရဲ့ ကျေးဇူးတရား မကင်းပါဘူး။
ဘုရားရှင်ရဲ့ ဒေသနာအစဉ်ဟာ ဒါန ကထာ၊ သီလကထာ၊ သဂ္ဂကထာ၊  မဂ္ဂကထာ၊ သာမုက္ကံသိကကထာလို့ ကထာငါးပါး အစဉ်အတိုင်း ရှိပါတယ်။ သာမန်အားဖြင့် ဘုရားရှင်က ဒါနကထာက စဟောတာများပါတယ်။
မင်္ဂလာတရား ၃၈ ပါး ဟောကြားရာမှာ ဘုရားရှင်က ‘ဒါနဉ္စ- စွန့်ကြဲပေးကမ်း လှူဒါန်းမှု ဒါနသည်လည်း၊ ဥတ္တမံ မင်္ဂလံ- တိုးတက်ကြီးပွားကြောင်း ကောင်းမြတ်သော မင်္ဂလာတစ်ပါး ဖြစ်ပေ၏’ လို့ ဒါနကို မင်္ဂလာတစ်ပါးအနေနဲ့ ထည့်သွင်းဟောကြား ခဲ့ပါတယ်။ ဒါနပြုတာ မင်္ဂလာတစ်ပါးပါ။ စွန့်လွှတ်ခြင်းဟာ မင်္ဂလာတစ်ပါးပါ၊ မစွန့်လွှတ်နိုင်ကြလို့ ကျက်သရေမဲ့ အမင်္ဂလာတွေ ဖြစ်နေကြရတာပါ။
ဒုက္ခသစ္စာ- ဆင်းရဲခြင်းရဲ့ လက်သည် တရားခံအမှန်တရားဟာ သမုဒယသစ္စာ လောဘတဏှာပါပဲ။ အဲဒီလောဘတဏှာကို အလွယ်ကူဆုံး ဖျက်ဆီးသတ်ဖြတ်နိုင်တာက ဒါနပါပဲ။ ဒါနဆိုတာ လောဘရဲ့ ဆန့်ကျင်ဘက် အလောဘပြဋ္ဌာန်းပါတယ်။ အလောဘနှင့်တကွမကွာ သဒ္ဓါစေတနာ ဓာတ်၌လာ၍ တဏှာလောဘ  သေဆုံးရ၏၊ လောဘမသေ ဖြစ်ရှိနေမူ ပေးဝေလှူမှ ဘယ်မှာပြုလိမ့်။ အလောဘ၊ သဒ္ဓါ၊ စေတနာ ပူးပေါင်းသတ်လို့ တဏှာလောဘ သေရတယ်၊ တဏှာက လောဘသေသွားလို့ ဒါနအထ မြောက်တယ်။ ဒါနပြုတယ်ဆိုတာ ဒုက္ခရောက်ကြောင်း တဏှာသမုဒယကို ပယ်သတ်လိုက်တာပါပဲ။
ဒါနဆိုတာ ဆောက်တည်အပ်၊ ကျင့်သုံးအပ်သောကြောင့် ‘ဝတ’ အမည်ရတယ်၊  ပညာရှိတို့ ပညတ်ထားအပ်၊ မြင့်မြတ်သော အကျင့်၊ မြင့်မြတ်သူတို့၏ အကျင့်ဖြစ်သော ကြောင့် ‘ဗြဟ္မစရိယ’ အမည်ရတယ်၊ သတ္တဝါ တို့ကို ဘေးမဲ့ပေးကြောင်း အကြွင်းမဲ့ သတ္တဝါအပေါင်းကို စောင့်ရှောက်ကြောင်း ဖြစ်သောကြောင့် ‘သီလ’ ခေါ်လို့လည်း ရတယ်၊ လောကီစည်းစိမ်ချမ်းသာ၊ ဈာန် ဝိပဿနာ မဂ်ဖိုလ် နိဗ္ဗာန်ဆိုသည့် လောကုတ္တရာ ချမ်းသာတို့ကို ပေးတတ်၊ ဆောင်နှင်းတတ်သောကြောင့် ‘နိဒါန’ အမည်ရတယ်။
လူ့စည်းစိမ်နတ်စည်းစိမ် အားလုံးရဲ့ အခြေခံအကြောင်းရင်းဖြစ်လို့ ‘မူလ’ လို့လည်း ခေါ်တယ်။ နှစ်သက်ဖွယ် အာရုံတို့ကို ဖြစ်ပေါ်လာစေသော ချမ်းသာသုခတို့ရဲ့ တည်နေရာ ခိုင်မာတဲ့ ဌာနဖြစ်လို့ ‘ပတိဋ္ဌာ’ လို့လည်း ခေါ်တယ်။
ဒါနဆိုတာ တစ်စုံတစ်ရာ အခက်အခဲ အကျပ်အတည်းနဲ့ တွေ့ကြုံနေရသူတို့အတွက် အကာအကွယ် အစောင့်အရှောက်ဖြစ်ပြီး မှီခိုရာ၊ ထောက်တည်ရာ၊ လားရောက်ရာ၊ ကိုးကွယ်ရာ၊ လဲလျောင်းရာလည်းဖြစ်တယ်၊ သတ္တဝါအပေါင်းရဲ့ မှီခိုအားထားရာ သီဟာ သနရာဇပလ္လင်ကြီးနဲ့ တူတယ်၊ ဖြစ်လေရာ ဘဝတိုင်းမှာ ထောက်တည်ရာကို ရစေနိုင်လို့ မဟာပထဝီ မြေကြီးနဲ့လည်း တူတယ်၊ သတ္တဝါအားလုံး မြဲမြံတင်းကျပ်စွာ ကိုင်ထားအပ်တဲ့ လက်ကိုင်ကြိုးတန်းနဲ့လည်း တူတယ်။
ဒါနဆိုတာ ဒုဂ္ဂတိဘ၀ ဆင်းရဲဒုက္ခအမျိုး မျိုးမှ ထုတ်ဆောင်ကယ်တင် တတ်သောကြောင့် လှေသင်္ဘောတို့နဲ့လည်း တူတယ်။ လိုချင်မက်မောမှုလောဘ၊ နှမြောဝန်တိုမှု မစ္ဆရိယစတဲ့ ဆန့်ကျင်ဘက် ရန်သူဘေးမှ သက်သာရာရစေလို့ စစ်မြေပြင်က သူရဲကောင်းနဲ့လည်းတူတယ်။ ဆင်းရဲနွမ်းပါး၊ ဥစ္စာရှားပါးခြင်း ဘေးရန်မှ ကာကွယ်စောင့် ရှောက်တတ်လို့ ကောင်းစွာတည်ဆောက်ထားတဲ့ မင်းနေပြည်နဲ့လည်း တူတယ်။
ဒါနဆိုတာ ဝန်တိုနှမြောမှု မစ္ဆရိယ၊ လိုချင်တပ်မက်မှုလောဘ၊ အလှူခံပုဂ္ဂိုလ်၊ သတ္တဝါသင်္ခါရတို့အပေါ် အမျက်ထွက်မှု ဒေါသ၊ သူတစ်ပါး စည်းစိမ်ကိုငြူစူမှုဣဿာ၊  အမြင်မှားမှုမိစ္ဆာဒိဋ္ဌိ၊ ယုံမှားမှု ဝိစိကိစ္ဆာစတဲ့ စိတ်အညစ်အကြေးတွေ မလိမ်းကျံ၊ မကပ်ငြိနိုင်သောကြောင့် ပဒုမ္မာကြာပန်းနဲ့လည်း တူတယ်။ ဒါနပြုသူကို ယခုဘဝမှာ ခြွေရံသင်းပင်းနဲ့ ပြည့်စုံစေပြီး တမလွန်မှာ သူတစ်ပါးထက် ခွန်အားဗလ ပိုမိုကောင်းမွန် စေတတ်သောကြောင့် ဆင်ပြောင်ကြီးနဲ့လည်း တူတယ်၊ ခုရောနောင်ပါ ဘဝနှစ်ဖြာတို့မှာ တိုးတက်ကြီးပွား ချမ်းသာကြောင်း ကောင်းမြတ်သော မင်္ဂလာလို့ ဘုရားရှင်တို့  သမုတ်အပ်သောကြောင့် ငွေဘော်အတူ ကိုယ်လုံးဖြူသော နွားလားဥသဘနဲ့လည်း တူတယ်၊ ဘေးရန်ထူလှ ဒုဂ္ဂတိဘဝမှ ဘေးရန်ကုန်ခန်း ငြိမ်းချမ်းသော သုဂတိဘဝသို့ ပို့ဆောင်ပေးတတ်သောကြောင့် မြင်းပျံရတနာနဲ့လည်း တူတယ်။ ဘုရားရှင် အဆူဆူတို့က ဒါနကို အဲဒီလို ချီးမွမ်းခဲ့ကြတယ်။
ဘဝဆိုတာ ရယူခြင်းနဲ့ ပေးဆပ်ခြင်း အပိုင်းကြီး နှစ်ပိုင်းရှိတယ်။ ဘဝကို ရယူခြင်းနဲ့  တည်ဆောက်ရသလို ပေးဆပ်ခြင်းနဲ့လည်း တည်ဆောက်ရပါတယ်။ ပညာတွေရှာ ရယူတယ်၊ ဥစ္စာတွေရှာ ရယူတယ်။ ပညာရှာတဲ့ အလုပ်၊ ဥစ္စာရှာတဲ့ အလုပ်တွေမှာ အကုသိုလ်ရှာတဲ့ အလုပ်မျိုးတော့ မဖြစ်စေနဲ့။ ပညာရှာတာ ပြန်ပေးဖို့၊ ဥစ္စာရှာတာ ပြန်ပေးဖို့၊ ဒီရည်ရွယ်ချက်မျိုးထား ရှာရမယ်။ ဒါဆိုရင် ပညာရှာရင်း၊ ဥစ္စာရှာရင်း ကုသိုလ်ပါ ရှာပြီး သားဖြစ်သွားတယ်။ ဘဝဆိုတာ ကုသိုလ် လည်းရ၊ ဝမ်းလည်းဝဆိုတာ အကောင်းဆုံးပဲ။ ကုသိုလ်ဆိုတာ စိတ်ပါပဲ။ စိတ်ထားလေး ဦးတည်ချက်မှန်အောင်၊ တည့်အောင် ထားလိုက်တာနဲ့ ကုသိုလ်က ဖြစ်သွားတယ်။
ကုန်တင်သင်္ဘောတွေမှာ အတင်အချဆိုတာ ရှိတယ်။ ကုန်တွေ နင်းကန်တင်၊ ကုန်ချ (ချတဲ့ကုန်) မရှိဘူးဆိုရင် အဲဒီသင်္ဘော ရေပြင်မှာ နစ်မြုပ်မှာပါ။ ဘဝမှာလည်း အယူချည်းပဲရှိပြီး အပေးမရှိဘူးဆိုရင် အဲဒီဘ၀ အပါယ်လေးပါး နစ်မြုပ်မှာပါပဲ။ ဒါကြောင့် ဘဝဆိုတာ အယူအပေး၊ အပေးအယူ ရှိရပါတယ်။
ပုထုဇဉ်အများစုဟာ ဘဝကို အယူနဲ့ပဲ တည်ဆောက်ကြတာမို့ လောဘဒေါသ ကိလေသာ ဝန်ထုပ်ဝန်ပိုးတွေပိပြီး ကွယ်လွန်တဲ့အခါ အပါယ်လေးပါးကို နစ်မြုပ်ကြရတာ များပါတယ်။ တရားသဘောကို သက်ဝင် ဉာဏ်ယှဉ်သူတွေကတော့ ဘဝကို အပေးအယူမျှအောင်  တည်ဆောက်ကြပါတယ်။ တတ်နိုင်ပါက အပေးကိစ္စကို အလေးထားပြီး အတ္တကို တည်ဆောက်ကြပါတယ်။ ဒါကြောင့် ဘဝဟာ ပေါ့ပေါ့ပါးပါးဖြစ်ပြီး ကွယ်လွန်တဲ့အခါ လူ့ရပ်နတ်ရွာ ကောင်းရာသုဂတိမှာပဲ ရောက်ကြပါတယ်။ လေးရင် မြုပ်မယ်၊ ပေါ့ရင် ပေါ်မယ်။ အတ္တကြီးရင် ဘဝက လေးလံတယ်၊ အတ္တနည်းရင် ဘဝဟာ ပေါ့ပေါ့ပါးပါးရှိတယ်၊ ဒီသဘောပါပဲ။
တကယ်တော့ ပရဟိတသည်သာ အတ္တဟိတ အစစ်ပါ။ ပရဟိတမပါသော အတ္တဟိတဆိုတာ အတ္တအတွက် ဝန်ထုပ်ဝန်ပိုးပါပဲ။ ဝန်ထုပ်ဝန်ပိုး ဝန်ပိုတွေများနေတဲ့ အတ္တဟာ အပါယ်လေးပါးကို နစ်မြုပ်ရမှာ အသေအချာပါပဲ။ ဒါကြောင့် ပေါ့ပါးသော အတ္တဖြစ်အောင် ပရဟိတကို ဦးစားပေး လုပ်ရပါတယ်။ ပရဟိတကို လုပ်ဆောင်ခြင်းဟာ တကယ်တော့ အတ္တသမ္မာပဏိဓိမင်္ဂလာ - မိမိကိုယ်ကိုယ် ကောင်းစွာထားခြင်း၊ ကောင်းစွာတည်ဆောက်ခြင်း ဆိုတဲ့ မင်္ဂလာတစ်ပါးပါပဲ။ ကပ်စေးနှဲခြင်း၊ နှမြောတွန့်တိုခြင်းဆိုတဲ့ လောဘမစ္ဆရိယကတော့ ဘဝကို နိမ့်ကျအောင် ဆွဲချတတ်တဲ့ မကောင်းဆိုးဝါးပါ၊ ဒါနကတော့ ဘဝကို မြင့်သထက်မြင့်အောင် မြှင့်တင်ပေးတတ်တဲ့ မင်္ဂလာတရားပါ။ ။

Most Read

Most Recent