လွန်ခဲ့သော ၁၀ နှစ်ခန့်ကဆိုလျှင် ကမ္ဘာတွင် တပ်ဆင်တည်ဆောက်ခဲ့သည့် ဖိုတိုဗို့လ် တိတ် (PV- Photo Voltage) ဆိုလာ လျှပ်စစ်ဓာတ်အားပေးစနစ်များမှ ထွက်ရှိသော ဓာတ်အားကို သိုလှောင်ထားရန်အတွက် ဘက်ထရီများကိုသာ အသုံးပြုခဲ့ကြသည်။ တည်ရှိနေပြီးဖြစ်သည့် စွမ်းအားကွန်ကွက် (Power Grid) ခေါ် မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်သွယ်တန်းခြင်း မရှိသည်ကို တွေ့ရ၏။ ယင်းသို့ဖြစ်ရခြင်း အကြောင်းရင်းမှာ ဒေသအများအပြား၌ လျှပ်စစ်ကွန်ကွက် တည်ဆောက်ထားခြင်း မရှိသောကြောင့်ဖြစ်သည်။ ယင်းနေရာ ဒေသများအတွက် ယခုအခါ ကွန်ကွက်လွတ် (Off Grid) ဆိုလာဓာတ်အားပေး စီမံကိန်းများသည် ဆိုလာပစ္စည်းကိရိယာ ထုတ်လုပ်သူတု့ိအတွက် အလွန်ကြီးမားသော ဈေးကွက်တစ်ခုအဖြစ် ပြောင်းလဲလာနေပြီဟု ဆိုသည်။
ဤနေရာတွင် ကွန်ကွက် (Grid) နှင့် ကွန်ရက် (Network) မတူကွဲပြားကြောင်း ပြောလိုပေသည်။ ကွန်ကွက်ဟူသည် ကွန်ရက်များစွာအား အချင်းချင်း အပြန်အလှန် ချိတ်ဆက်ယှက်သွယ်ထားသော အရာတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံရှိ ဘီလူးချောင်းရေအား လျှပ်စစ်စက်ရုံမှ ရန်ကုန်မြို့ထိ အဆုံးသတ် သွယ်တန်းထားသော ပို့လွှတ်လိုင်းအပါအဝင် လမ်းခုလတ်ရှိ သာစည်နှင့် အခြားမြို့များရှိဓာတ်အားခွဲရုံများသို့လည်း စွမ်းအားပို့လွှတ် ကာ ချိတ်ဆက်နွှယ်ယှက်ထားသည့် စနစ်တစ်ခုလုံးသည် ကွန်ကွက်ကြီးတစ်ခုဖြစ်သည်ဟု ဆိုရပေမည်။
စွမ်းအားကွန်ကွက်အတွင်းရှိ ဓာတ်အားပေးလိုင်းနှင့် ဝေးလံ၍ လက်လှမ်းမမီသည့် ဒေသများအတွက် ဓာတ်အားဖြန့်ေ၀ ထုတ်လုပ်ခြင်းစနစ် (DG – Distributed Generation) ကို အသုံးပြုသည့် အလေ့အထ အများအပြား ရှိနေပြီ ဖြစ်သည်။ ယင်းစနစ်တွင် မြို့နယ်နှင့် ဆင်ခြေဖုံးအစွန်အဖျားတို့ရှိ အဓိကကျသော နေရာများ၌ တည်ဆောက်ထားသည့် ၂ မှ ၅၀ မဂ္ဂါဝပ်ထိ လျှပ်ထုတ်စက် (Generator) အသေးစားများ ပါဝင်သည်။ ထို့ပြင် လူနေအိမ်နှင့် ရုံးများအတွက်မူ ဓာတ်အားပျံ့နှံ့ ထုတ်လုပ်ခြင်းစနစ် (Dispersed Generation) ဖြင့် ကီလိုဝပ် ၅၀၀ ထုတ်စက်များဖြင့် ဓာတ်အားပို့လွှတ်ပေးသည်။ လျှပ်ထုတ်စက်များအား မောင်းနှင်ရန် သုံးလေ့ရှိသော ဒီဇယ်ဆီသုံးစက်များမှာ သမားရိုးကျစက်များ ဖြစ်နေသည့်ပြင် ယင်းမှာ စွမ်းရည်နိမ့်ကျရုံသာမက အသံဗလံ ဆူညံပြီး အခိုးအငွေ့များစွာ ထွက်စေသဖြင့် ယနေ့အချိန်အခါ၌ အသုံးပြုမှု မရှိသလောက် ဖြစ်နေပြီ။
ဓာတ်အားဖြန့်ေ၀ ထုတ်လုပ်ခြင်းစနစ် အရေးကြီးသော ကဏ္ဍတစ်ခုမှာ ပြန်ပြည့်မြဲ စွမ်းအင် (Renewable Energy) ကို ခြွင်းချက်မရှိ အသုံးပြုခြင်း ဖြစ်သည်။ အဆိုပါ ညစ်ညမ်းမှုကင်းသော စွမ်းအင်များမှာ ပတ်ဝန်းကျင် ထိခိုက်ညစ်ညမ်းစေမှု ကင်းသော ဖိုတိုဗို့လ်တိတ် သို့မဟုတ် ဆိုလာစွမ်းအင်သုံး ကိရိယာများ၊ လေစွမ်းအင်သုံး လျှပ်ထုတ်စက်များ၊ လောင်စာဆဲလ် (Fuel Cell) တို့ ဖြစ်ကြ၏။ နိုင်ငံအစိုးရများ၊ အဖွဲ့အစည်းများသည် ဆိုလာစွမ်းအင် ခေါ် ဖိုတိုဗို့လ်တိတ်ကိရိယာများ၊ လောင်စာဆဲလ်များ၊ သဘာဝဓာတ်ငွေ့သုံး မိုက်ခရိုတာဘိုင်များနှင့် လေစွမ်းအင်သုံး စနစ်များအား တွင်ကျယ်စွာ အသုံးပြု တပ်ဆင်လာနေကြသည့် ကာလမျိုးတွင် ပတ်ဝန်းကျင် လေထုရေထုနှင့် လူနေမှုဘဝတစ်ခုလုံးကို ထိခိုက်ပျက်စီးစေမည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် တွန်းအားပေးနေသည့် ကိစ္စကို သက်ဆိုင်ရာ ဒေသခံလူအများက လက်မခံဘဲ ဆန့်ကျင်ကန့်ကွက်နေခြင်းသည် သဘာဝကျလှပေသည်။
ကိန်းဂဏန်းများအရ၊ ကမ္ဘာတစ်ဝန်းလုံးတွင် လူဦးရေ သန်းပေါင်း ၁၅၀၀ ခန့်၊ သို့မဟုတ် စုစုပေါင်း လူဦးရေ၏ ၂၂ ရာခိုင်နှုန်းသည် လျှပ်စစ်ဓာတ်အား သုံးစွဲခွင့်မရရှိသေးဟု ဆိုသည်။ ယင်းလူများသည် အာရှတောင်ပိုင်း၊ အာဖရိကရှိ သဲကန္တာရ အနီးအနားဒေသ၊ တောင် အမေရိက၊ အာရှအလယ်ပိုင်းဒေသ နှင့် အလယ်ပိုင်း အမေရိကတို့ရှိ ကျေးလက်ဒေသတွင် နေထိုင်သူအများစု ဖြစ်သည် ဆိုသည်။ လေ့လာတွေ့ရှိချက်များအရ လျှပ်စစ်ဓာတ်အားကို အငမ်းမရ လိုလားမွတ်သိပ် နေသူများမှာ မဖွံ့ဖြိုးသေးသောနှင့် ဖွံ့ဖြိုးဆဲဖြစ်သော နိုင်ငံများမှ ဖြစ်ကြောင်း တွေ့ရသည်။ မည်သို့ဆိုစေ ဤနိုင်ငံဒေသများ၌ ဆိုလာ ခေါ် နေစွမ်းအင်အသုံးပြုမှု ဖွံ့ဖြိုးတိုးတက်စေမည့် အလားအလာကောင်းများစွာ ရှိနေကြောင်းလည်း တွေ့ရသည်ဆိုသည်။
နေရာဒေသ တော်တော်များများတွင် ရှိရင်းစွဲ စွမ်းအားကွန်ကွက်အား ထပ်မံတိုးချဲ့၍ သုံးစွဲသူထံရောက်ရှိစေရန် တာဝါတိုင်ထောင်ကာ ပို့လွှတ်လိုင်းများဆွဲခြင်းအတွက် ကုန်ကျစရိတ်မှာ ကွန်ကွက်လွတ် (Off Grid) ဖိုတိုဗို့လ်တိတ် ဆိုလာစနစ်သုံးခြင်းထက် ကြီးမြင့်နေကြောင်း တွေ့ရသောကြောင့် မြို့စွန်မြို့ဖျားနှင့် ကျေးလက်နေ ပြည်သူတို့အတွက် ကွန်ကွက်လွတ် PV ဆိုလာပြား အသုံးပြု၍ လျှပ်စစ်တပ်ဆင်ခြင်း (Electrification) စီမံချက်မျိုး ဖော်ဆောင်လာကြခြင်း ဖြစ်သည်။ ကျေးလက်နေ အိမ်ထောင်စုများအတွက် အရေးကြီးဆုံး ဦးစားပေးရမည့် အစီအစဉ်မှာ မီးလင်းရေးဖြစ်သည်။ ထို့နောက်တွင်မှ လျှပ်စစ်သုံး ရေဒီယိုများ၊ တယ်လီဗီး ရှင်းစက်များ၊ ယင်းနောက်တွင်မှ ပန်ကာများ၊ အဝတ်လျှော်စက်များ၊ ရေခဲသေတ္တာများ စသည်တို့ကို အသုံးပြုနိုင်ရေး ဖြစ်သည်။
ဖိုတိုဗို့လ်တိတ် ဆိုလာစွမ်းအင်မှ ထွက်ရှိသော လျှပ်စစ်မှာ ဒီစီ (DC – Direct Current) ဖြစ်သောကြောင့် ယင်းဓာတ်အားဖြင့် အသုံးပြုမည့် ပစ္စည်းကိရိယာ တို့ကိုလည်း စက်ရုံမှ သီးခြားထုတ်လုပ် ဖြန့်ဖြူးပေးရသည်။ သို့ရာတွင် ယေဘုယျအားဖြင့် အေစီ (AC – Alternation Current) ကို နေရာတိုင်းတွင် အသုံးပြုသောကြောင့် ဆိုလာပြားမှ ထွက်သော ဒီစီလျှပ်စီးကို အင်ဗာတာ (Inverter) ကိရိယာဖြင့်ကြားခံ၍ အေစီအဖြစ်သို့ ပြောင်းပေးရန် လိုသည်။ ယင်းအင်ဗာတာသည်ပင် တပ်ဆင်ကုန်ကျစရိတ်ကို များစွာမြင့်တက် သွားစေသည်။
အင်ဗာတာကြောင့် စရိတ်စကမြင့်တက် သွားစေသည် မှန်သော်လည်း အိမ်ထောင်စု အများအပြား နီးကပ်စွာစုပြုံလျက်ရှိသော ကျေးလက်ပြည်သူများနှင့် စက်မှုလုပ်ငန်းများ အတွက် မိုက်ခရို ကွန်ကွက် (Micro Grid) အသေးစား တည်ဆောက်ပေးခြင်းဖြင့် အဆင်ပြေစေနိုင်သည်။ နေရောင်အလျှံပယ် ရနိုင်သော ရွာများအား ယင်းမိုက်ခရိုကွန်ကွက်သို့ ချိတ်ဆက်သွယ်တန်း ပေးခြင်းဖြင့်လည်း ရွာလူထုအတွက် လျှပ်စစ်ဓာတ်အားရယူ သုံးစွဲနိုင်သည်။
ဖိုတို့လ်တိတ် PV စနစ်မသုံးဘဲ စီအက်စ်ပီ (CSP – Concentrating Solar Power) ဟုခေါ်သော စနစ်ဖြင့်လည်း လျှပ်စစ်ဓာတ်အား ထုတ်ပေးနိုင်သည်။ အဆိုပါ စီအက်စ်ပီစနစ်ကိုလည်း နေရောင်ခြည်ပြည့်ဝသော မြန်မာနိုင်ငံ ကျေးလက်ဒေသ အများအပြား၌ အထူးတလည် အသုံးပြုနိုင်သည်။ နောက်ဆုံးနည်းပညာသစ် တစ်ခုဟု ခေါ်ဆိုနိုင်သော ယင်းစနစ်တွင် အရည်တစ်ခုခုကို အပူပေးရန် နေရောင်ခြည်အား တစ်နေရာတည်း၌ စုဆုံစေခြင်းဖြင့် ပြုလုပ်ခြင်းစနစ်ဖြစ်သည်။ ယင်းမှတစ်ဆင့် တာဘိုင်တစ်ခုကို မောင်းနှင်ပြီး လျှပ်ထုတ်စက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် စနစ်မျိုးဖြစ်သည်။ အများအားဖြင့် ရေကိုသာ အပူပေးလျက် ထွက်လာသည့် ရေနွေးငွေ့ဖြင့် စက်ကို မောင်းနှင်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံနှင့် အထူးသင့်လျော်သော ဤဆိုလာ စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်စနစ်သည် မြို့အစွန်အဖျားနှင့် ကျေးလက်ဒေသရှိ ဆင်းရဲနွမ်းပါးသော ပြည်သူတို့၏ ဘဝကို မြှင့်တင်ရာတွင် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေမည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ အဓိကအချက်မှာ သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် အကျင့်ပျက်ခြစားမှုကြောင့် ဘဏ္ဍာငွေ အလေအလွင့်များ၊ စီမံခန့်ခွဲမှု အလွဲများအား ပြုပြင်ထိန်းကျောင်းလျက် ကိုယ်ကျိုးစီးပွားမဖက်ဘဲ ပြည်သူ့အကျိုးကို ရှေးရှုဖော်ဆောင် ပေးမည်ဆိုလျှင် အကောင်အထည် ပေါ်မလာစရာ အကြောင်း ရှိမည်မဟုတ်။ ဆင်းရဲနွမ်းပါးမွဲတေသူများ မွတ်သိပ်ဆာလောင် လိုအပ်လျက်ရှိနေသည့် အခြေခံအကျဆုံး လျှပ်စစ်ဓာတ်အားကို ၎င်းတို့ထံသို့ အရောက်ပေးပို့ရန် အချိန်ကျရောက်ရုံမျှမက အချိန်ပင် လွန်နေပြီဟု ဆိုနိုင်သည်။ ပြီးတော့ နောက်ထပ် ဆာလောင်မွတ်သိပ်သည့် အရာတစ်ခုမှာ နေ့စဉ်ဝမ်းတစ်ထွာ ဖြည့်တင်းမှုအတွက် ဆာလောင်မွတ်သိပ်ခြင်း ဖြစ်သည်။ မီးဖိုချောင်သုံး အခြေခံစားသောက် ကုန်ပစ္စည်းဖြစ်သော သားငါးဟင်းသီးဟင်း ရွက်တို့၏ ဈေးနှုန်းသည် နှစ်နှစ်တာကာလ အတွင်း ရာခိုင်နှုန်း ၉၀ မျှ မြင့်တက်လာသည် ဆိုသည့်သတင်းကို ဖတ်ရကြားသိရသည်။ ကြားသိရသည့် သတင်းအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူ ပုဂ္ဂိုလ်များသည် စားသောက်ကုန် ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးနှင့် ပတ်သက်၍ မည်သို့သောစီမံကိန်းချမှတ် လုပ်ဆောင် နေသနည်းဟူ၍ မေးခွန်းထုတ်သူ အများအပြား၏ သတင်းက လွှမ်းမိုးနေသည်ကို တွေ့ထိခံစားရသည်။
ယနေ့ ပစ္စက္ခကာလ အခြေခံ လက်လုပ်လက်စားတို့၏ ဆာလောင်မွတ်သိပ်မှု နှစ်ရပ်ဖြစ်သည့် ထိုက်သင့်သော လျှပ်စစ်ဓာတ်အား ရရှိရေးနှင့် ဝမ်းတစ်ထွာ မပူမပင် ဖြည့်တင်း နိုင်ရေးတို့သည် မပြီးသေးသည့် စိတ္တဇပန်းချီ ကားတစ်ချပ်အဖြစ် တာရှည်တည်ရှိနေဦးမည်လော။










