စာရေးသူ၊ စာဖတ်သူ၊ စာနယ်ဇင်းထုတ်ဝေသူ၊ သတင်းဖြစ်သူ အစရှိသူအားလုံးတို့ဟာ လူတွေချည်းပါပဲ။ကျွန်တော်က စာရေးသူ၊ သူတို့က စာဖတ်သူ၊ ထိုမိတ်ဆွေကတော့ သတင်းစာထုတ်ဝေသူ၊ အဲ ဟိုလူပုဂ္ဂိုလ်တွေကတော့ သတင်းဖြစ်သူ စတဲ့ နာမဝိသေသနတွေက နောက်မှ အတပ်ခံလာရပြီး မူလအနေကတော့ ‘လူ’ တွေပါ။ အားလုံးသိကြပြီးဖြစ်လို့ လူရဲ့အဓိပ္ပာယ်ကို ဘာအထူးပြောစရာ လိုပါသလဲ။ စာထဲမှာရှိတဲ့ အဓိပ္ပာယ်ကိုလည်း လူတွေကပဲ ဖွင့်ဆိုထားခဲ့ကြတာပါ။ ‘တွေးခေါ်ဉာဏ်ရှိသော ခြေနှစ်ချောင်း သတ္တဝါ’ ဖြစ်ပါသတဲ့။ လူပါပဲ။ လူတွေပါပဲ...လို့ ဆိုကြပေမယ့် ခွဲခြားလို့ ကွဲပြားသလား ကွဲပြားနေလို့ပဲ ခွဲခြားထားသလား။ လူအတူတူချင်းမှာပဲ ကြည့်ပါဦး။ လူကုံထံတဲ့ လူကြီးလူကောင်းတဲ့၊ လူကြမ်းတဲ့၊ လူစိမ်း၊ လူစွမ်းကောင်းတဲ့၊ လူဆိုးတဲ့ ခွဲခြားကွဲပြားနေကြတာပါ။ထိုနည်းကားပဲ ရှိလာခဲ့တဲ့ လူဝေါဟာရတွေက လူတွင်ကျယ်၊ လူပေါ်လူဇော်၊ လူပြက်လူပြန်တော်၊ လူဖလံ၊ လူမိုက်၊ လူမွဲ၊ လူယုံ၊ လူရတတ်၊ လူရင်း၊ လူရည်ချွန်၊ လူရည်လည် လူရည်သန့်၊ လူရွတ်၊ လူလည်၊ လူလွန်မသားလို့ဆိုပြီး လူတွေကပဲ သတ်မှတ်ခဲ့ကြပါတယ်။ ကိုယ်တိုင်လည်း ခံယူလိုက်ကြတာ ရှိပါမယ်။ အရည်အချင်းနဲ့ အဖြစ်သနစ်တို့ကို လိုက်ပြီး ထင်ပါရဲ့။ ‘လူတန်းစား’ လို့ ခေါ်တာတောင် ရှိနေပါတယ်။“ခါးပုံတင် လူယဉ်၊ ခါးပုံထိုး လူရိုး၊ ခါးတောင်းကျိုက် လူမိုက်”မြန်မာဇာတ်သဘင် ရုပ်သေးသဘင်တို့မှာ ဇာတ်ရုပ်အလိုက် ဝတ်စားပြင်ဆင်ဖို့ ဒီလို ဆိုရိုးစကားထားကြောင်း ဆိုပါတယ်။“တူကြီးလျှင်ပေ၊ လူကြီးလျှင်တေ”လူဟာ အသက်အရွယ်ကြီးလာတဲ့အလျောက် ရင့်ကျက်တဲ့ လူကြီးသူမ နာယက ဖြစ်ထိုက်ကြတာ။ ဒါပေမဲ့ ဆိုးတတ်တေတတ်လို့ တူကြီးကြီးကမှ ပေတုံးအဖြစ် သုံးလို့ရသေးတယ်လို့ ဆိုပါတယ်။ အသိတရား ရကြဖို့ပေါ့။ မြန်မာစကားများမှာလည်း အဲဒီလို သာသာနဲ့ နာနာ ဆုံးမထားတယ် မြင်ပါတယ်။ ဒီသဘောသွားပါပဲ။ ‘သျှောင်ကြီးလျှင် ငိုက်၊ လူကြီးလျှင် မိုက်’ ဆိုတဲ့ စကားလည်း ရှိပြန်ပါတယ်။ ခေါင်းပေါ်က ယောက်ျားဆံထုံးလို့ခေါ်တဲ့ သျှောင်က ကြီးလွန်းရင် မတင့်တယ်ဘဲ ငိုက်ကျတတ်သလို လူကြီးလေ မိုက်လေဆိုရင်တော့ အလွန့်အလွန် မတင့်တယ်ပါလို့ ဆိုရမှာပါပဲ။ ဆုံးမထားပါတယ်။ ဆင်ဆင်ခြင်ခြင် သတိဝင်ထိုက်ကြတာပါ။ရွေးချယ်မှု ဆိုတာကတော့ ကြိုက်ရာကို စိစစ်ယူတာလို့ ဆိုပါတယ်။ ကျွန်တော်တို့ လူယောက်ျား လူမိန်းမတွေ အရွယ်ရောက်ပြီးကတည်းက ရွေးချယ်ခဲ့ကြ ရွေးချယ်ခံခဲ့ကြပြီး ဖြစ်ပါတယ်။ ချစ်သူကြင်သူ ရွေးချယ်ခဲ့ကြပါတယ်။ ရွေးချယ်မှုဟာ စိတ်ကြိုက်ဖြစ်ကြသလို အပြန်အလှန် သဘောမတွေ့ အလိုမကျ ဖြစ်လာတာတွေကိုလည်း ကြုံတတ်ကြပါတယ်။ အဖြစ်သနစ်ပေါ့။မိဘဖြစ်လာတဲ့ လူတွေဟာ သားယောက်ျားလေးမှ သမီးမိန်းကလေးမှရယ်လို့ ရွေးချယ်ယူချင်လို့ ကွက်တိရတယ်ရယ်လို့ မကြားဖူးသလို သားသမီးကလည်း မိဘကိုရွေးချယ်ခွင့် မရှိပါဘူး။ ရလာတဲ့ သားနဲ့သမီးကို ဘယ်ပုံဘယ်လို လူစားမျိုးဖြစ်လာအောင် ပုံသွင်းလို့ ရကြတယ် ဆိုတာလည်း အချို့အဝက်သာလို့ပဲ ဆိုကြရမယ် ဖြစ်ပါတယ်။နုနယ်ငယ်ရွယ်တဲ့ ဘဝကို “စာကိုလည်း သင်၊ စိတ်ကိုလည်းပြင်မှ” လို့ဆိုပြီး ကလေးသူငယ် လူငယ်တွေကို ထုဆစ်တယ်ဆိုတဲ့ ‘ဆရာ’ ဆိုတာတွေကကော ကိုယ်တိုင်စိတ်ကို ပြုပြင်ထားကြပြီး ဖြစ်ပါရဲ့လား။ ဒီလိုပုံ ဒီလိုနည်းတွေနဲ့ လူတွေဆိုတာ လူအမျိုးမျိုး စိတ်အထွေထွေ ဖြစ်လာကြပုံပါပဲ။ဒါပေမဲ့ လူတွေ တူကြရမယ်။ စိတ်တွေ တူကြရမယ်လို့လည်း မဟုတ်ပြန်ပါဘူး။လူရဲ့ အသက်အရွယ်နဲ့ ဘဝအရ လူကောင်းသူကောင်း လူမွန်သူမွန် ဖြစ်ကြမယ့် စိတ်ကိုတော့ မွေးကြရမယ်လို့ မြင်ပါတယ်။ အဲဒီစိတ်အရ ကံသုံးပါး အပြုအမူတွေကိုတော့ လူတွေ..ကလေးသူငယ်လူငယ်တွေ အမျိုးမျိုးသော လူမျိုးတွေ မှီတင်းနေထိုင်ကြတဲ့ ရွာတွေမြို့တွေမှာ ပြုသင့်ပြသင့်ကြတယ်လို့ ဆိုချင်ပါတယ်။ ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွား နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်တယ်ဆိုပြီး နွားတွေရဲ့ ပြုကျင့်ပုံကို ပမာပြထားတာတောင် ရှိပါတယ်။လူပီသပြီဆိုရင် အဓိပ္ပာယ်ဖွင့်ထားတဲ့အတိုင်း တွေးခေါ်ဉာဏ် ရှိပါတယ်။ လူဟာ တိရစ္ဆာန် မဟုတ်ပါဘူး။ သတ္တလောကထဲမှာမို့ သတ္တဝါလို့ဆိုပေမယ့် တွေးခေါ်ဉာဏ် အသိဉာဏ်ရှိလို့ လူဟာ တိရစ္ဆာန်လို မနေပါ မကျင့်ပါဘူး။ သားစားတဲ့ တောတွင်းက သားရဲလို မကျင့်ပါဘူး။ တောတွင်းက သားရဲ့တိရစ္ဆာန်ကတော့ သူအသက်ရှင်နေရပြီး အိပ်၊ စား၊ ကာမအတွက် တောကို အနိုင်ထက်ကလူ အကြမ်းဖက် စိုးမိုးထားလိုက်ကြပါတယ်။သူ့ထက်အင်အားကြီးသူ ပေါ်လာမှာကိုလည်း မလိုလားဘူး။ ကြောက်ရင်ကြောက်မယ်။ ဒါမှမဟုတ် တိုက်ခိုက်သတ်ဖြတ်ပြီး အနိုင်လုရင် လုမယ်။ ဒီလို ကြောက်ကန်ကန်တာ ရှိတတ်ပြီး၊ အရှက်တော့ တိရစ္ဆာန်မှာ လုံးဝမရှိဘူး။ အရှက်မရှိတဲ့ အပြုအမူဟာ တိရစ္ဆာန် အပြုအမူပါ။စာရေးတဲ့လူစာဖတ်တဲ့လူစာနယ်ဇင်းထုတ်ဝေတဲ့လူသတင်းဖြစ်တဲ့လူဒီလူတွေ အားလုံးဟာလည်း သတင်းဖြစ်တဲ့လူထဲ အကျုံးဝင်ကြပြန်ပါတယ်။ အဲဒီ သတင်းဖြစ်တဲ့ လူထဲမှာမှ ကိုယ့်ရဲ့အကြောင်း ဖြစ်ရတဲ့ ကောင်းသတင်း၊ မကောင်းသတင်း ဆိုတာဟာလည်း ကိုယ့်ရဲ့ပြုလုပ်မှု၊ ပျက်ကွက်မှုတွေကြောင့် သတင်းဖြစ်လာရတာပါ။ ကိုယ်တိုင်ရွေးချယ်ခဲ့မှုကြောင့် ဖြစ်ရတာ။ ဒီလိုဖြစ်တော့မှ ကောင်းသတင်းကိုတော့ သဘောတွေ့လို့ ရွေးယူမယ်။ မကောင်းသတင်း ဖြစ်သွားတဲ့ အခါကျတော့ သဘောမတွေ့တော့ဘူး၊ မလိုချင်ဘူး၊ ကန့်ကွက်မယ်၊ လှည့်ပတ်မယ်၊ ရန်လိုမယ်၊ ရန်လုပ်မယ်ဆိုရင် လူ့အခြေခံ ပီသပါသေးရဲ့လား။ ကျွန်တော်တွေးကြည့်မိပါတယ်။‘လူ’ ဆိုတဲ့ အခြေခံမှာ သူက သတင်းဖြစ်တဲ့သူဆိုတဲ့ နာမဝိသေသနကိုပါ သူရလာခဲ့ပြီလေ။ ဥပမာအားဖြင့် ရုပ်ရှင်သရုပ်ဆောင်တစ်ဦး၊ အပိုင်သိမ်း လုပ်ငန်းရှင်ကြီးတစ်ဦး၊ အမှုမလိုက်တဲ့ ရဲကြီးတစ်ဦး၊ ပါးရိုက်မယ် နားရိုက်မယ်ဆိုတဲ့ လူတချို့၊ အပိုင်သိမ်း လုပ်ငန်းရှင်နဲ့ ကိုယ်ကျိုးအတွက် လက်ဝါးရိုက်တဲ့ ပုဂ္ဂိုလ်ကြီး... အစရှိသဖြင့်ပေါ့ဗျာ။ဒီလိုပါပဲ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ဘဝကို ရွေးချယ်ခဲ့ကြပြီးပါပြီ။ငါဟာ လူကောင်းလား။ လူဆိုးလူမိုက်လား၊ လူကြီးငတေလား၊ သျှောင်ကြီးလို့ ငိုက်နေတဲ့လူလား ကိုယ့်ဟာကိုယ် သိနိုင်ကြပါတယ်။ သိအောင်လို့လည်း တွေးခေါ်ဉာဏ်ရှိအောင် လူကိုခွဲခြားပြတဲ့ ဝေါဟာရတွေနဲ့ ဆုံးမစကားတွေ ရှိရဲ့မဟုတ်ပါလား။အခု ဒီစကားတွေ ဘာကြောင့်ဆိုနေသလဲ ဆိုတော့ “လူမစွမ်းကို ချီးမွမ်းလေလေ ဖျင်းလေလေ” ဖြစ်နေတာတောင်မှ “လူမိုက်ဆွဲရင် လူမဲပါမှာပဲ” ဆိုတဲ့ သဘောတွေနဲ့ လူဆိုးလူမိုက်တွေက ရွေးကောက်ပွဲကြီး ဝင်ကြမယ် တပြင်ပြင် တကဲကဲ တွေ့နေကြရလို့ပါ။ လှည့်ကွက်တွေ ဆင်နေကြတယ် မြင်လို့ပါ။မကြာသေးမီက ဖန်တီးလိုက်တဲ့ အဖြစ်သနစ်ကိုပဲ ကြားသိရတာဟာ တိုင်းပြည်နဲ့ လူမျိုးအကျိုး ဘယ်မှာဟုတ်လို့လဲလို့ တွေးစရာ ဆိုစရာ ဖြစ်ပါတယ်။ဒီလိုပုံ ဒီလိုမျိုးတွေကြောင့် လွတ်လပ်သန့်ရှင်းပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာဖို့ ကျွန်တော်တို့ လူထုတွေက တကြောင့်ကြကြနဲ့ စိုးရိမ်သံသယတွေ ရှိနေကြရပါတယ်။ ကိုယ်ကျိုးတွေပဲ ထပ်လုပ်နေကြဦးမှာ စိုးနေကြတာပါ။ဒီမိုးဒီလေ ဒီလူတွေနဲ့ ဒီလိုပုံမျိုးဆိုရင် ကျွန်တော်တို့တွေ ရနေကြတဲ့ လူစော်မနံ လူစဉ်မမီ လူညွှန့်တုံးနေရတဲ့ အခြေနဲ့ တိုင်းပြည်ဆင်းရဲတွင်း နွံနစ်နေတဲ့ အခြေကနေ လွတ်မြောက်ပါ့မလားလို့လည်း စိုးရိမ်နေရပါတယ်။ တိုင်းပြည်ကို စိုးမိုးအုပ်ချုပ်သူတို့ဟာ ပြည်သူတွေရဲ့ သောကတွေကို ဖြေဖျောက်ပေးကြရပါမယ်။ တိုင်းပြည်အတွက်ပဲ ရပ်တည်ရပါမယ်။“လူမှာအကျင့် ပန်းမှာအပွင့်”ပန်းမှာ အပွင့်ကောင်းမှ တန်ဖိုးရှိသလို လူမှာလည်း အကျင့်ကောင်းမှ တန်ဖိုးရှိတာမို့ အကျင့်ကောင်းသူတွေကိုသာ ရွေးချယ်တင်မြှောက်ကြဖို့အရေး ကျွန်တော်တို့ရဲ့ဘဝမှာ ရွေးချယ်ခွင့် ကြုံလာရပြန်ပါပြီ။ သတိကြီးကြပါစို့ရဲ့။










