ဟောင်ကောင်၏နွေကား မန္တလေးထက်ပင် ပြင်းထန်သည်။ ၂၇ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည်နေ့တွင် ဟောင်ကောင်အပူချိန်မှာ ၃၇ ဒီဂရီ စင်တီဂရိတ်ကျော်သည်။ အနှစ် ၁၃၀ အတွင်း အမြင့်ဆုံးအပူချိန်ဟု ဆိုသည်။ မန္တလေးလို နေရောင်က စူးရှလှသည်ကား မဟုတ်။ ရေခိုးရေငွေ့တို့၏ စိုထိုင်းဆအတွင်းဝယ် အပူသိပ်သည်းဆက ကြောက်မက်ဖွယ်။ ဤအပူရှိန်အောက်တွင် ရုံးစာကြည့်တိုက်မှ အာရှလူ့အခွင့်အရေး ကော်မရှင်၏ ခြေရာရှာသည်။ (History and Achievements: AHRC/ALRC) စာအုပ် သွားတွေ့သည်။အာရှလူ့အခွင့်အရေး ကော်မရှင် (Asian Human Rights Commission) နှင့် ညီနောင်အဖွဲ့အစည်း အာရှဥပဒေရင်းမြစ် ဗဟို (Asian Legal Resource Centre) တို့ကို ၁၉၈၄ ခုနှစ်တွင် စတင်တည်ထောင်သည်။ ထိုစဉ်က လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူများ၏ ခေါင်းဆောင်များ ဖြစ်ကြသော တရားသူကြီးများ၊ ရှေ့နေများ၊ ဘာသာရေးခေါင်းဆောင်များက အာရှတိုက် တစ်လွှားတွင် အာဏာရှင်စနစ်၏ ဘုံခြိမ်းခြောက်မှု ကြီးထွားလာနေကြောင်း သတိထား အသိမှတ်ပြုမိခဲ့ကြသည်။ အဆိုပါ ခေါင်းဆောင်များက လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အာဏာရှင်စနစ်ကို ဟန့်တားရန်၊ လူ့အခွင့်အရေး ကာကွယ်ရန်၊ တိုးမြှင့်ရန်အတွက် ဒေသဆိုင်ရာ အဖွဲ့အစည်းတစ်ရပ် လိုအပ်ကြောင်း သဘောတူညီခဲ့ကြသည်။ သူတို့လုပ်ငန်းများအပေါ် ခြိမ်းခြောက်မှု အန္တရာယ်ကို တားဆီးကူညီမည့် အဖွဲ့အစည်းတစ်ရပ် ထူထောင်ရန် သဘောတူခဲ့ကြသည်။ ဤအချက်မှာ (AHRC/ALRC) ထူထောင်ရသည့် အခြေခံအဘိဓမ္မာဖြစ်သည်။ ထိုစဉ်က ဖိလစ်ပိုင်တွင် သမ္မတ ဖာဒီနန်မားကို့စ် အာဏာရှင်အဖြစ် အုပ်စိုးနေချိန်ဖြစ်ပြီး ဖိနှိပ်ချုပ်ချယ်မှု အနေအထား အခြေအနေမျိုးစုံ ပေါ်ပေါက်နေချိန်ဖြစ်သည်။ ပြည်သူ့အခွင့်အရေး ကာကွယ်မှုမှန်သမျှ သဏ္ဌာန်အမျိုးမျိုးဖြင့် တိုက်ခိုက်ခံနေရချိန် ဖြစ်သည်။ အလုပ်သမားသမဂ္ဂများ၊ ရှင်သန်ခွင့် တိုက်ပွဲဝင်သူများ၊ လူ့အခွင့်အရေး ရှေ့နေများကို ပြင်းထန်စွာ တိုက်ခိုက်သည်။ ဒီမိုကရေစီ နည်းလမ်းကျ စနစ်များ၊ လူမှုအဆောက်အအုံများ၊ လွတ်လပ်သော တရားရေးစနစ်၊ အဖမ်းခံရသူများ၏ အခွင့်အရေးအားလုံး ဖြိုလှဲဖျက်ဆီး ခံရသည်။ ဤမီးတောက်များသည် လူ့အခွင့်အရေး လိုလားသော ကက်သလစ်ဝတ် ကျောင်းတော်ကိုပင် ကူးစက်လောင်မြိုက်သည်။ ကက်သလစ် သီလရှင်များသည် အခြားလူ့အခွင့်အရေး လှုပ်ရှားသူများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခံရကာ ဆိုးရွားသည့် အခြေအနေများ ကြုံတွေ့ရသည်။ ညှဉ်းပန်းနှိပ်စက်မှုကား ဘုံလက္ခဏာ ဖြစ်လာ၏။ ပါလီမန် အမတ်တဦးဖြစ်ပြီး ဝါရင့်ရှေ့နေကြီး တစ်ဦးဖြစ်သူ ဒီယိုကိုနို အပါအဝင် ခေါင်းဆောင်ရှေ့နေများ အပြင်းအထန် နှိပ်ကွပ်ခံရသည်။ ဤခက်ခဲ ကြမ်းတမ်းသော အခြေအနေတွင် တိုက်ပွဲဝင်နေရသူများက အကူအညီ လိုအပ်ကြောင်း သတိပြုမိလာကြသည်။ သို့ဖြင့် ဒီယိုကိုနိုသည် (AHRC/ALRC) ပင်မထူထောင်သူတစ်ဦး ဖြစ်လာသည်။တစ်ချိန်တည်းတွင် ပါကစ္စတန်၌ စစ်တပ်က အာဏာသိမ်းပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရပ်ဆိုင်းလိုက်သည်။ အရွေးချယ်ခံ အစိုးရကို ဖျက်သိမ်း၍ စစ်အစိုးရနှင့် အစားထိုးလိုက်၏။ ဖိလစ်ပိုင်တွင် ပေါ်ပေါက်နေသည့် ဖိနှိပ်ချုပ်ချယ်မှုများသည် ပါကစ္စတန်တွင် အလားတူ မရိုးရင်းစွဲ ဖြစ်ပေါ်လာပြီး ဖိနှိပ်မှုဒီဂရီမှာ ပိုပြင်းထန်သည်ဟုပင် ဆိုနိုင်ပါသည်။ ပါကစ္စတန် တရားလွှတ်တော်ချုပ်မှာ စစ်အစိုးရလက်အောက် ရောက်ရှိသွားသည်။ ပြင်ပမှ အားပေးထောက်ခံမှု လိုအပ်ကြောင်း ယူဆသူများတွင် ပါကစ္စတန် တရားလွှတ်တော် တရားသူကြီးချုပ် ဒိုရက်ပ်ဖရာမို့စ် ပတဲလ် (Dorab Framose Patel) ပါဝင်သည်။ တရားသူကြီးချုပ် ဒိုရက်ပ်သည် စစ်အာဏာရှင်လက်အောက်တွင် ကျမ်းကျိန်တာဝန် ထမ်းဆောင်ရန် ငြင်းပယ်ခဲ့သည်။ နိုင်ငံ၏ ဒီမိုကရေစီ အခွင့်အရေးများကို ကာကွယ်ရန် အခြားသူများနှင့်အတူ ပူးပေါင်းပါဝင်ခဲ့သည်။ ခေတ်ပြိုင် အိန္ဒိယနိုင်ငံကြီး၏ အခြေအနေကား တစ်မျိုးတစ်ဘာသာ ထူးခြားသည်။ စစ်တပ်၏ ပါဝင်ပတ်သက်မှု မရှိဘဲ ဝန်ကြီးချုပ် မစ္စစ်အင်ဒီရာဂန္ဒီက အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ ဤအစိုးရ၏ လက်အောက်တွင် တရားစီရင်ရေး အာဏာပိုင်များကို တိုက်ခိုက်ရန် ကြံစည်မှုများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့သည့်အပြင် ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းမှုများ၊ ဥပဒေပ ပြစ်ဒဏ်ပေးခြင်းများ နိုင်ငံနှင့်အဝန်း ပေါ်ပေါက်ခဲ့သည်။ အလုပ်သမားသမဂ္ဂများ၊ ဘဝရပ်တည်မှုဆိုင်ရာ အခွင့်အရေး လှုပ်ရှားသူများ၊ လူနည်းစုတိုင်းရင်းသားများ၏ အခြေအနေများ စိုးရိမ်ထိတ်လန့်ဖွယ် ဖြစ်လာခဲ့သည်။ ထိုစဉ်တွင် ဝန်ကြီးချုပ် မစ္စစ်ဂန္ဒီသည် လွတ်လပ်သော တရားရုံးများကို ခြိမ်းခြောက်ထိန်းချုပ်နိုင်သည့် အနေအထား ရရှိရန် ဖွ့ဲစည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိမ့်မည်ဟု အဓိက စိုးရိမ်ပူပန်နေကြသည်။ ဤခြိမ်းခြောက်မှုကြီးကို ဆန့်ကျင်ခုခံ နေကြသူများအနက် ထင်ရှားသူများမှာ တရားသူကြီးချုပ် P.N Bhagwati (ပီအဲန်ဘဂဝတီ) နှင့် အိန္ဒိယနိုင်ငံတွင် ပြည်သူ့အခွင့်အရေးဆိုင်ရာ ဥပဒေစနစ် ထူထောင်ရန် ဟူသည့် အယူအဆကို အဓိက ဖော်ဆောင်နေသူ ပါမောက္ခ ဦပင်ဒရာဘက်ဆီ (Upendra Baxi) တို့ ဖြစ်ကြသည်။ ၎င်းတို့နှစ်ဦးသည်လည်း AHRC/ALRC ကို အဦးအစ တည်ထောင်သူများ ဖြစ်လာသည်။ နယူးဇီလန်နှင့် အင်ဒိုနီးရှားတို့မှ လူ့အခွင့်အရေး အတိုက်အခံ ခေါင်းဆောင်များလည်း ထောက်ခံပါဝင်ခဲ့ကြသည်။အာဏာရှင် ဆူဟာတိုက အင်ဒိုနီးရှားနိုင်ငံကို ဓားမိုးအုပ်ချုပ်နေချိန်လည်း ဖြစ်ပါသည်။ အစဦးတည်ထောင်သူများကို အာရှခရစ်ယာန်ကွန်ဖရင့် (Christian Conference of Asia - CCA) က အခိုင်အမာ ထောက်ခံသည်။ CCA သည် အာရှဆိုင်ရာ ကမ္ဘာ့ခရစ်ယာန်ဘုရားကျောင်းများကောင်စီ (The World Council of Churches in Asia - WCCA) နှင့် အဆက်အသွယ်ရှိသည်။ ထိုစဉ်က WCCA ၏ အတွေးအခေါ်မှာ ဘုရားကျောင်းများက လူသားဂုဏ်သိက္ခာနှင့် ဖန်ဆင်းမှု၏ အချုပ်အခြာကို တိုးမြှင့်ကာကွယ်ရန် ဖြစ်သည်။ CCA ၏ နိုင်ငံတကာ အရေးဆိုင်ရာ ဌာနကို ဦးဆောင်နေသူမှာ ပါကစ္စတန်ရှေ့နေ မစ္စတာကလီမင့်ဂျုန်း (Mr.Clement Jone) ဖြစ်သည်။ မစ္စတာ ကလီမင့်ဂျုန်း ဦးဆောင်၍ အထင်တွင် ဖော်ပြခဲ့သည့် ကမ္ဘာအရပ်ရပ်မှ ပုဂ္ဂိုလ်များက အစည်းအဝေးပေါင်းများစွာ ကျင်းပပြီး AHRC/ALRC တို့ကို တည်ထောင်ခဲ့ကြပါသည်။ ALRC သည် ပင်မအဖွဲ့အစည်း AHRC ၏ ဥပဒေလက်ရုံး ဖြစ်သည်။ဤအဖွဲ့အစည်းနှစ်ရပ်သည် ကနဦးတွင် လူ့အခွင့်အရေး လှုပ်ရှားသူများအတွက် သင်တန်းများပေးခြင်း၊ နိုင်ငံတကာမှ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် လေ့လာကြေညာချက် ထုတ်ပြန်ခြင်း၊ အခြားနိုင်ငံတကာ အဖွဲ့အစည်းများ ဥပမာ အပြည်ပြည်ဆိုင်ရာ တရားရေးကော်မရှင် (International Commission of Jurist - ICJ) ကဲ့သို့ အဖွဲ့ အစည်းများနှင့်အတူ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် စုံစမ်းစစ်ဆေးရန် အဆင့်မြင့်ခေါင်းဆောင်များ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ကြသည်။ ၁၉၈၇ ခုနှစ်တွင် လူငယ် ၂၀ ကို စင်ကာပူအစိုးရက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဤလူငယ်များသည် အစိုးရကို ဖြုတ်ချရန် ပူးပေါင်းကြံစည်သည်ဟူသော လုပ်ကြံစွပ်စွဲချက်ဖြင့် လီကွမ်ယုအစိုးရက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ခေါင်းခံဆောင်မှာ ကာသိုလစ်ရဟန်းဖြစ်သင်ကျောင်းသား ဗင်းဆင့်ချင် (Vincent Chen) ဖြစ်သည်။ ၎င်းတို့အဖွဲ့သည် အဓိကအားဖြင့် ရွှေ့ပြောင်းအလုပ်သမားအရေးနှင့် စင်ကာပူ ကာသိုလစ်သာသနာ၏ အလှူအတန်းဆိုင်ရာ ဆောင်ရွက်မှုများကို ကိုင်တွယ်သည့် အဖွဲ့ဖြစ်သည်။ ၎င်းတို့အား ဖမ်းဆီးခြင်းမှာ စင်ကာပူအာဏာရ ပြည်သူ့လှုပ်ရှားမှုပါတီ (People's Action Party) ၏ ချဉ်းကပ်ပုံ ပေါ်လစီကြောင့် ဖြစ်သည်။ စင်ကာပူအစိုးရက အရပ်ဘက် အဖွဲ့အစည်းများ၏ လူမှုပါဝင်ပတ်သက်မှု မှန်သမျှသည် အစိုးရ၏ ထိန်းချုပ်မှုနှင့် တိုက်ရိုက်ညွှန်ကြားမှုအောက်တွင် ရှိရမည်ဟု ခံယူသည်။ ယင်းမှအပ အလှူရှင် အဖွဲ့အစည်းများ အပါအဝင် အခြားအဖွဲ့အစည်းများမှာ တရားမဝင်ပေ။ဤအချိန်တွင် ဘာသာရေးအရ လွတ်မြောက်ခြင်း အတွေးအခေါ်သည် အခိုင်အမာ ဖြစ်တည်လာနေပြီး အထူးသဖြင့် လက်တင်အမေရိကတိုက်နှင့် ဒေသတွင်း ခရစ်ယာန်ဘုရားကျောင်းများက လွတ်မြောက်ရေး လှုပ်ရှားမှုများနှင့် ဆက်စပ်ပတ်သက်နေကြသည်။ စင်ကာပူအစိုးရ အနေဖြင့် နိုင်ငံရှိ ဘုရားကျောင်းများက လူမှုတရားမျှတမှုနှင့် လူ့အခွင့်အရေး ကာကွယ်မှု လုပ်ငန်းများတွင် ပါဝင်ပတ်သက်လာမည်ကို စိုးရိမ်သဖြင့် ကြိုတင်ကာကွယ်သည့် အနေဖြင့် ဤလုပ်ကြံမှုကြီးကို ဖန်တီးအကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။ ဤလုပ်ကြံမှုကြီးကို ဆန့်ကျင်သည့် နိုင်ငံတကာ၏ စစ်ခေါ်သံကြောင့် ဤကိစ္စမှာ ကမ္ဘာသိသွားခဲ့သည်။အပြည်ပြည်ဆိုင်ရာ တရားရေးကော်မရှင် (ICJ) နှင့် AHRC တို့ကို အဆင့်မြင့် အထူးအဖွဲ့ ပူးတွဲစေလွှတ်ပြီး လုပ်ကြံမှုကြီးကို စုံစမ်းစစ်ဆေးခဲ့သည်။ ဤအထူးအဖွဲ့က ဖြစ်စဉ်ကို အသေးစိတ် လေ့လာပြီးနောက် စင်ကာပူအစိုးရ၏ စွပ်စွဲချက်များမှာ အခြေအမြစ် မရှိကြောင်းနှင့် ဤအပြစ်မဲ့သူများ၏ လွတ်မြောက်ရေးအတွက် တစ်ကမ္ဘာလုံး ပူးပေါင်းပါဝင်ကြရန် ပန်ကြားခဲ့သည်။ သုံးနှစ်ကျော် အကြာတွင် ဗင်းဆင့်ချင်မှအပ ကျန်သူများအားလုံး လွတ်မြောက်လာကြသည်။ ဗင်းဆင့်ချင်ကိုမူ နောက်ထပ် သုံးနှစ်ကျော်ကြာမှ ရုံးမတင်ဘဲ ပြန်လွှတ်ပေးခဲ့သည်။ မည်သူ့ကိုမျှ စင်ကာပူအစိုးရက ရုံးတင်စစ်ဆေးနိုင်ခဲ့ခြင်း မရှိပေ။ ပြန်လည်လွတ်မြောက်လာကြသူများက စစ်ကြောရေးကာလအတွင်း ညှဉ်းပန်းနှိပ်စက်မှုများကို ဖော်ထုတ်ဖွင့်ချခဲ့ကြသည်။ အလားတူပင် အစိုးရက ခြိမ်းခြောက်သည့်အတွက် အသင့်ရေးပေးထားသည့် ထွက်ချက်များအတိုင်း သတင်းမီဒီယာများသို့ ပြောကြားခဲ့ကြကြောင်းလည်း ဖော်ထုတ်ခဲ့ကြသည်။ ဤသည်မှာ ထိုကာလအတွင်းက AHRC/ALRC ၏ ပူးပေါင်းဆောင်ရွက်မှု ဖြစ်သည်။ဖိလစ်ပိုင်အာဏာရှင် ဖာဒီနန်မားကို့စ်နှင့် ၎င်း၏ အရေးပေါ် အခြေအနေအောက်တွင် ဖိလစ်ပိုင်နိုင်ငံသား အမြောက်အမြား ဖမ်းဆီးခြင်းခံခဲ့ကြရသည်။ AHRC/ALRC ကနဦး တည်ထောင်သူ တစ်ဦးဖြစ်သည့် လွှတ်တော်အမတ် ဒီယိုကိုနိုသည် ဒီမိုကရေစီမှုပြုရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ဤထိန်းသိမ်းသူများကို အပြင်းအထန် ဆန့်ကျင်တိုက်ခိုက်သူများ ပါဝင်ခဲ့သည်။ လူအမြောက်အများ ဖမ်းဆီးထိန်းသိမ်းခြင်း ခံရခြင်းသည် စစ်အာဏာရှင်စနစ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေသူ ရှေ့နေအနည်းငယ် ပခုံးပေါ်သို့ လေးလံစွာ ကျရောက်ခဲ့သည်။ ဒီယိုကိုနိုက ဤဖမ်းဆီးထိန်းသိမ်းမှုများကို ခုခံရာတွင် စစ်မျက်နှာနှစ်ရပ် ဖွင့်ခဲ့သည်။ ပထမ စစ်မျက်နှာမှာ တရားရုံးများတွင် ဥပဒေကြောင်းအရ မတရားမှုကို ခုခံဖွင့်ချခြင်း ဖြစ်သည်။ ဒုတိယ စာမျက်နှာမှာ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှု တစ်စိတ်တစ်ပိုင်းအဖြစ် ထုတ်ဖော်ခြင်း ဖြစ်သည်။
သောင်းတိုက်က ကြားစေသား (၁) ကို ဖတ်ရှုရန် >>>>>










