ကိုယ့်ထုတ်ကုန်ကို ဂရုစိုက်ပါ

ကိုယ့်ထုတ်ကုန်ကို ဂရုစိုက်ပါ
Published 18 August 2015
အေသင်ဇော်ဇော်

ဆိုကြပါတော့။ လူတွေဟာ ဈေးသည်တွေဖြစ်တယ်ဆိုရင် သူတို့ရဲ့ ရောင်းကုန်တွေက ဘာတွေဖြစ်မလဲ။ ခြုံပြောကြည့်မယ်။ ကိုယ်ရယ်၊ စိတ်ရယ်၊ နှလုံးသားရယ်။ ဒီသုံးခုပဲ ဖြစ်လိမ့်မယ်။
 
ကျွန်တော်တို့တွေ ဈေးသွားတယ်။ ဈေးဝယ်တယ်။ ထမင်းဆိုင်သွားတယ်။ ထမင်းစားတယ်။ ဟိုဈေးသည်ကခေါ် ဒီဈေးသည်ကခေါ်နဲ့။ ဒီပစ္စည်းနဲ့ ဒီဈေး ဘယ်လိုတန်တဲ့အကြောင်းတွေ ပြောရင်းအလုအယက် ရောင်းချကြလို့။ 
 
အင်္ဂလိပ်စာ စကားစုတွေထဲမှာ Mind Your Product ဆိုတဲ့ စကားလေးရှိတယ်။ “ကိုယ့်ထုတ်ကုန်ကို ဂရုစိုက်ပါ” တဲ့။ အလုပ်ရုံ၊ စက်ရုံစတဲ့ အလုပ်ခွင်ထဲမှာ ကိုယ့်ထုတ်ကုန် နဲ့ ပတ်သက်ပြီး သတိပြုမိဖို့ ဒီလိုမျိုးတွေ ရေးထားကြတာတွေကိုလည်း တွေ့ခဲ့ဖူးတယ်။ 
Slogan လို့ ပြောရမလား။ အဖွဲ့အစည်းတစ်ခုရဲ့ ရပ်တည်ချက်၊ အမှတ်တံဆပ်တစ်ခုရဲ့ အိပ်မက်စတဲ့ အကြောင်းအရာတစ်စုံတစ်ခုကို ပုံဖော်ဖို့ ဒီလိုမျိုးတွေ သုံးကြတယ်။
 
အခုတော့ Mind Your Product ကိုပဲ ဖွင့်ဆိုကြည့်ကြမယ်။ တကယ်တမ်းပြောရရင် “ကိုယ့်ထုတ်ကုန်ကို ဂရုစိုက်ပါ” ဆိုတာဟာ ကျွန်တော်တို့ အမြဲမေ့မေ့နေတဲ့ ဆင်ခြင်တုံတရားဖြစ်နေမလားပဲ။တစ်နေ့ပြီး တစ်နေ့၊ တစ်ရက်ပြီးတစ်ရက် ကျွန်တော်တို့ဟာ ကိုယ့်ထုတ်ကုန်တွေကို ရောင်းနေကြရပါတယ်။ ကိုယ်ဆေးလိုက်တဲ့ ပန်းကန်လေးတစ်ချပ်၊ ကိုယ်ပေးလိုက်တဲ့ အကူအညီတစ်ခု၊ ကိုယ်လုပ်လိုက်တဲ့ တာဝန်တစ်ရပ်။ အရာအားလုံးဟာ ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေပါပဲ။
 
မနက်တိုင်းမှာ မျက်လုံးနှစ်ဖက် စပွင့်ကတည်းက ကျွန်တော်တို့ ထုတ်လုပ်မယ့် ထုတ်ကုန်တွေက ရှိနေပြီးသားပါ။ အိပ်ရာကို ဘယ်လိုသိမ်းတယ် ဆိုတာကစပြီး ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေ အစီအစဉ်ထွက်လာပါတယ်။ ဒါပေမဲ့ ကိုယ်တစ်နေ့လုံး ထုတ်လုပ်လိုက်တဲ့ အရာတွေထဲမှာ ဘယ်ထုတ်ကုန်ကတော့ဖြင့် ဘယ်လိုစိတ်ကျေနပ်စရာကောင်းတယ်ဆိုတာမျိုးကိုတော့ တော်ရုံမစဉ်းစားဖြစ်ကြဘူး။ 
 
နာမည်ကြီး မိုဘိုင်းဖုန်းတစ်လုံးရဲ့ အရည်အသွေးကို လူပေါင်းများစွာက အလေးထား သုတေသနတွေ လုပ်၊ သီးသန့်စစ်ဆေးချက်တွေ လုပ်ပြီး ဈေးကွက်တင်တယ်။ ဒါက အရမ်းအရေးကြီးပါတယ်။ အဲဒီ မိုဘိုင်းဖုန်းကို သုံးမယ့်သူတွေအတွက် သူ့အရည်အသွေးက ပီပီပြင်ပြင် စကားပြောနိုင်ဖို့ လိုအပ်တယ်။ ဒါဆို ကျွန်တော်တို့စားမယ့် ဟင်းတစ်ခွက်ကရော။ ဘယ်လိုထုတ်ကုန်မျိုးဖြစ်ဖို့ လိုအပ်တယ် ထင်ပါသလဲ။
 
မကြာသေးတဲ့ရက်ပိုင်းက အရသာနဲ့ စေတနာမှာ ပြဿနာရှိတဲ့ (စားရသောက်ရတဲ့အခါ အလွန်စိတ်မချမ်းမမြေ့ဖြစ်ရတဲ့) ဆိုင် တစ်ဆိုင်ကဆိုင်ရှင်ရဲ့ ညည်းတွားသံ ကြားရတယ်။ သူကတော့ သူ့ဆိုင်မှာ လာစားတဲ့သူတွေကို သတိပေးသလိုလို ဘာလိုလို။ အပြင်မှာ မုန့်ဟင်းခါးတစ်ပွဲ ဘယ်လောက်ဖြစ်နေပြီ။ သူကတော့ ဘယ်လောက်ပေါ့။ သူပြောတဲ့ မုန့်ဟင်းခါးဈေးက နာမည်ကြီး မုန့်ဟင်းခါးဆိုင်ကြီးတွေက ဈေးနှုန်း။ တကယ့်လက်တွေ့ မှာ ဖြစ်နေတာက သူ့ထက် အရသာပိုကောင်း၊ စေတနာပိုပါ၊ ဝန်ဆောင်မှုပိုသာတဲ့ တချို့ ဆိုင်တွေတောင် သူ့ထက်ဈေးက နည်းနေသေးတယ်။ ဒါပေမဲ့ သူကတော့ သူဖြစ်ချင်တာကို ဆုတောင်းနေတယ်။ အရသာကို ပြုပြင်ဖို့နဲ့ သူရဲ့အလုပ်ကို ပိုကောင်းအောင် လုပ်ဖို့တော့ မေ့နေလေရဲ့။ သူက သူ့ထုတ်ကုန်အကြောင်းကို စိတ်မဝင်စားဘူး။ သူရချင်တဲ့ အခွင့်အရေးအကြောင်းပဲ စိတ်ဝင်စားနေတဲ့ပုံ။ တကယ်တော့ ကိုယ့်ထုတ်ကုန်ဟာ ဘာလေးပဲဖြစ်ဖြစ် ဂုဏ်သိက္ခာရှိနေသင့်တယ်လေ။
 
ဒီလို ထုတ်ကုန်တွေ ရောင်းချဖို့ ပြင်ဆင်ကြတဲ့အခါ အရေးတယူ ရောင်းချရတဲ့ နေရာတွေလည်း ရှိတယ်။ အရေးသိပ်မကြီးဘဲ ရောင်းဖြစ်တဲ့နေရာတွေလည်း ရှိတယ်။ အရေးတယူရောင်းချဖို့ ကိုယ့်ထုတ်ကုန်ကို ပြင်ဆင်ရတဲ့နေရာကတော့ ကျွန်တော်တို့တွေ ဘဝရပ်တည်ဖို့အတွက် လှုပ်ရှားရုန်းကန်နေရတဲ့ ထမင်းကျွေးတဲ့ အလုပ်မှာပါပဲ။ ဒီနေရာဟာ ထုတ်ကုန်ကောင်းတွေ ရောင်းချသင့်တဲ့ အရေးအပါဆုံးနေရာဖြစ်ပါတယ်။ ကိုယ့်အတွက် ပေးအပ်လိုက်တဲ့ တာဝန်ဟာ ကြီးကျယ်ခမ်းနားနေသည်ဖြစ်ဖြစ်၊ သာမန်အခြေအနေပဲဖြစ်ဖြစ်၊ အောက်ကျနောက်ကျ နိုင်သည်ပဲဖြစ်ဖြစ် ကျွန်တော်တို့ လုပ်ရမှာကတော့ ထုတ်ကုန်ကောင်းဖြစ်ဖို့ပါ။ ဒါနဲ့ ပတ်သက်ပြီး ထုတ်ကုန်ကောင်းဖြစ်အောင် စိတ်နှလုံးကို ပြင်ဆင်ထားဖို့ထက် တခြားနည်းလမ်း မရှိပါဘူး။ ကိုယ်ရဲ့ လုပ်ဆောင်ချက်အပေါ် လူတွေရဲ့ မှတ်ချက်၊ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ ခြင်းအရာအားလုံးထက် ကိုယ်ကရော ကိုယ်လုပ်လိုက်တာနဲ့ပတ်သက်လို့ ဘယ်လိုသဘောထားလဲဆိုတဲ့အချက်က ပိုအရေးကြီးတယ်။ 
 
တစ်ခါက လူတစ်ယောက်နဲ့ စကားပြောတဲ့အခါ မှတ်သားဖို့ ကောင်းတာလေးတစ်ခုသူပြောတာ ပြန်အမှတ်ရတယ်။ “တစ်စုံတစ်ယောက်ဆီ တစ်စုံတစ်ရာ လှမ်းပေးတဲ့အခါ၊ လှမ်းယူတဲ့အခါမှာ လက်နှစ်ဖက်နဲ့ ပေးမယ်၊ ယူမယ်လို့ ဆုံးဖြတ်ထားတာက ကိုယ့် ရပ်တည်ချက်ပဲ။ သူက လက်တစ်ဖက်နဲ့ပဲ ယူလို့၊ ပေးလို့ နောက်ဆို ကိုယ်က လက်တစ်ဖက်နဲ့ပဲလှမ်းပေးတော့မယ်၊ လှမ်းယူတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်ဆိုရင် အဲဒါဟာ ကိုယ်မဟုတ်တော့ဘူး” တဲ့။ ဒါဟာလည်း တကယ်တော့ ထုတ်ကုန်တစ်မျိုးပါပဲ။ 
ထုတ်ကုန်တွေကို ကျွန်တော်တို့က ဖြစ်သလိုထုတ်ကြတော့ ဖြစ်သလို ထုတ်ကုန်တွေ ဖြစ်လာရတာပေါ့။ အမှုမဲ့ အမှတ်မဲ့ ထင်တတ်ပေမယ့် ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေအားလုံးဟာ ကမ္ဘာကြီးအထိ အကျိုးသက်ရောက်နိုင်ပါတယ်။ 
 
စိတ်မကောင်းစရာလေးတစ်ခု။ စိတ်မကောင်းဘူးဆိုတာထက် စိတ်ထဲမှာ မသက်မသာ ဖြစ်နေတဲ့အကြောင်းပါ။ နေ့စဉ်နေ့တိုင်း မိသားစုများစွာရဲ့ ပစ္စုပ္ပန်တွေ၊ အနာဂတ်တွေ နဲ့ ဆက်နွှယ်ပတ်သက်နေတဲ့ လူပေါင်းများစွာရဲ့ အသက်ပေါင်းများစွာကို လူတစ်ယောက်တည်းရဲ့ လက်ထဲအပ်ပြီး လိုင်းကားတွေနဲ့ ခရီးသွားကြတဲ့အခါ ခရီးစဉ်တစ်ခုနဲ့ တစ်ခုကြား တစ်ခါတစ်ရံမှာ တွေ့ရတတ်တဲ့ ယာဉ်မောင်းတွေရဲ့ ဒေါသစိတ်လေးတွေနဲ့ လုပ်ချင်သလိုလုပ်ကြတဲ့ လမ်းမပေါ်က ထုတ်ကုန်တွေ။ 
 
ကိုယ်စားပြုတယ်ဆိုတဲ့ စကားဟာ ဘယ်လောက်အထိ အကျိုးသက်ရောက်ပါသလဲ။ မကြာခဏ ကြားရပါတယ်။ “အဖွဲ့အစည်းကို ကိုယ်စားပြုလုပ်ရလို့ကွာ။ ဘာကို ကိုယ်စားပြုနေရလို့ကွာ။ ငါ့ဘာငါသာဆိုရင်” ဆိုတဲ့ စကားမျိုးတွေ။ ဟုတ်ပါတယ်။ ကျွန်တော်တို့တွေ ဘယ်လောက် ကိုယ်စားပြု ထားရတယ်ဆိုတဲ့အချက်နဲ့ပဲ ကိုယ့်ရဲ့ အတ္တ၊ မာန၊ ဒေါသကို ထိန်းချုပ်ကြရပါတယ်။
 
ယာဉ်မောင်းတစ်ယောက်အနေနဲ့ သူတို့ကိုယ်စားပြုထားတာ ဘယ်လောက်များလဲ။ သူ၊ သူ့မိသားစု၊ ခရီးသွားများ၊ ခရီးသွားများရဲ့ မိသားစု။ ဒါ့ထက်လည်း ပိုနိုင်တယ်။ အဲတော့ဒီခရီး သွားတွေထဲမှာ သူတို့အိမ်ကို တစ်ယောက်တည်း တာဝန်ယူ လုပ်ကျွေးနေရတဲ့ သူလည်း ပါဝင်နေမှာပဲလေ။ ယာဉ်မောင်းတစ်ယောက်ရဲ့ ထုတ်ကုန်ကတော့ သူ့ခရီးသည်တွေကို ဘေးကင်းဖို့ ကားကို ဘယ်လိုစိတ်နဲ့ ဘယ်လို ကျွမ်းကျင်မှုမျိုးနဲ့ မောင်းနေတယ်ဆိုတာပါပဲ။ အဲဒီထုတ်ကုန်ဟာလည်း နေ့စဉ် လိုင်းကားစီးနေရတဲ့သူတွေအဖို့ အရမ်းကို အရေးပါတဲ့ ထုတ်ကုန်ပါပဲ။
 
ကျွန်တော်တို့ တစ်ယောက်ချင်းစီက ကိုယ့်ထုတ်ကုန်တွေကို တတ်နိုင်သလောက်တော့ ဂရုစိုက်သင့်တယ်။ ဒါဆို ကျွန်တော်တို့ နိုင်ငံရဲ့ ထုတ်ကုန်တွေ ပိုကောင်းလာမှာ။ အဲဒါ သေချာပါတယ်။
 

Most Read

Most Recent