ပုဂံ၏ ရန်သူ

ပုဂံ၏ ရန်သူ
Published 17 August 2015
ကိုနော် (ပုဂံ)

“ပုဂံကို ဘယ်သူတည်သလဲလို့မေးရင် ဖြေဖို့ မလွယ်ပါ။ ဘယ်သူဖျက်သလဲ မေးရင် ခြေရာလမ်းစရှာပြီး ဖြေဖို့ မခက်လှပါ။”သမိုင်းပါမောက္ခကြီး ဒေါက်တာသန်းထွန်း၏ ပုဂံလက်သစ် ဆောင်းပါးထဲမှ ဖြစ်သည်။ ဆရာကြီးက သူ့ဆောင်းပါးထဲမှာ အောက်ပါအတိုင်း ဆက်ပြီး ရေးသားထားသည်။“လွယ်လွယ်ပဲ ခရစ်နှစ် ၁၃ ရာစုနှောင်းက မွန်ဂိုကျူးကျော်သူလို့ ပြောကြမယ်။ ရှင်ဘုရင် ပုဂံက ၂၂ စက်တင်ဘာ ၁၃၆၁ ထွက်သွားလို့ ဝင်လာတဲ့ရှမ်းလို့ ပြောချင်ပြောမယ်၊ နောက်ထပ်လည်း ၁၄၄၂၊ ၁၄၄၄၊ ၁၄၅၆ ရောက်လာတဲ့ ရှမ်းလို့လည်း ပြောမယ်။ ပုဂံဂူနံရံမင်စာအရ အမျိုးသားဌာပနာတိုက် ဖောက်သူတွေရဲ့ ၁၄ ဇန်နဝါရီ ၁၅၇၅၊ ၁၇ ဧပြီ ၁၇၅၉ နဲ့ ၂ ဒီဇင်ဘာ ၁၇၇၀ မှာ ဖျက်ဆီးခဲ့တဲ့ လက်ချက်လို့ ပြောလည်းဖြစ်တာပဲ။ ဥရောပနာမည်ရ ပြတိုက်ကြီးတွေအတွက် ရှေးပစ္စည်းဇွတ်ရှာတဲ့ နိုင်ငံခြားသားတွေ ၁၃ ဧပြီ ၁၈၉၁ က တစ်ကြိမ်၊ ၁၈ မတ် ၁၈၉၉ က တစ်ကြိမ် အကြီးအကျယ် မွှေနှောက်ရှာဖွေ ဖျက်ဆီးလုယူသွားလို့ ဆိုတာမျိုးလည်း ပြောကြပါတယ်။ မီးအကြီးအကျယ် ခရစ်နှစ် ၁၂၂၅ ခုမှာ လောင်လို့၊ ၁၉ ဇူလိုင် ၁၃၃၁ က ရေကြီးလို့ ဒုတိယစည်သူ ၁၁၆၉-၁၂၁၁ လက်ထက် ငလျင်ကြီး၊ ၂၅ နိုဝင်ဘာ ၁၃၇၂ ငလျင်၊ ၂၂ မတ် ၁၈၃၉ ငလျင်၊ ၁၆ ဇူလိုင် ၁၉၅၆ ငလျင်၊ ၈ ဇူလိုင် ၁၉၇၅ ငလျင်တွေကြောင့်လို့ ပြောရင်လည်း ဟုတ်တာပဲ။”ပုဂံသည် မြန်မာ့သမိုင်း၏ ကနဦးအစဖြစ်ရာ ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့ဖူးပြီ။ ၁၃ ရာစုနှောင်း အင်အားကြီးမားလှသော မွန်ဂိုစစ်သည်များနှင့်လည်း ကြုံတွေ့ခဲ့ရသည်။ ဒုတိယကမ္ဘာစစ်ကြီး၏ ဘေးမှလည်း ဆရာကြီး ဦးဖေမောင်တင်၊ ဒေါက်တာလုစ်တို့၏ ကျေးဇူးကြောင့် သီသီကလေး လွန်မြောက်ခဲ့ရသည်။ ကိုလိုနီခေတ်၊ ဖက်ဆစ်ဂျပန်ခေတ်ကိုလည်း ကျော်ဖြတ်ခဲ့ဖူးသည်။ပုဂံ၏ ရန်သူသည် မည်သူနည်း။ ပုဂံကို ဖျက်ဆီးသူသည် မည်သူဖြစ်မည်နည်း။ အတိတ်ကာလတွင် ပုဂံသည် တိုင်းတစ်ပါးသားမင်းတို့ ကျူးကျော်စစ်ခင်းမှုကြောင့် ထိခိုက်ပျက်စီးမှုတို့ ရှိခဲ့မည်။ ပြည်တွင်း သက်ဦးဆံပိုင် ပြည့်ရှင်မင်း အချင်းချင်း ဂုဏ်တုဂုဏ်ပြိုင်၊ သူနိုင်ကိုယ်နိုင် စစ်ခင်းမှုကြောင့်လည်း ထိခိုက်မှုတွေ ရှိနိုင်သည်။ ကိုလိုနီခေတ်တွင်မူ စစ်ဒဏ်၊ ဗုံးဒဏ်မှ ကင်းဝေးစေဖို့ ပညာရှင်တို့က ကြိုးစားခဲ့စေကာမူ ထိုခေတ် ဓာတ်ပုံမှတ်တမ်းများအရ နိုင်ငံခြားသားစစ်သည်အချို့ ဂူဘုရားများအပေါ် စစ်စခန်းချ နားနေခဲ့သည်များ ရှိသောကြောင့် ထိခိုက်ဆုံးရှုံးမှုများ ရှိခဲ့မည်မှာ မြေကြီးလက်ခတ် မလွဲပေ။စစ်ခင်းလို့--မီးလောင်လို့--ရေကြီးလို့---ခိုးယူခြင်းခံရလို့---ငလျင်လှုပ်လို့--မသိနားမလည်လို့--စသော အကြောင်းတရားများကြောင့် ပုဂံသည် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ကျွန်တော်တို့ ကြီးပြင်းလာသော ခေတ်ကာလ တစ်လျှောက်လုံးသည် တန်ဖိုးထားမှု အလွဲများနှင့် ကြုံတွေ့ခဲ့ရသည့်နည်းတူ စားဝတ်နေရေး အဆင်မပြေခဲ့သော ကျွန်တော်တို့သည် ဝင်ငွေရရှိရေးသည်သာ အဓိက၊ ဒေသတွင်း ရင်းနှီးမြှုပ်နှံမှု များများရောက်ရှိလာရေးသည်သာ ပဓာနအဖြစ် တွေးထင်ယူဆခဲ့ကြသည်။ အိမ်ဦးခန်းလောက်တွင်သာ ထားသင့်သူကို ဘုရားဆင်ထက်တင်ကာ ဦးခိုက်ပူဇော် မိခဲ့ကြသည်။ ပုဂံရှေးဟောင်းစေတီ ပုထိုးများအကြား ဟိုတယ်၊ တည်းခိုခန်းများ၊ စားသောက်ဆိုင်များကို အဆင်ခြင်မဲ့စွာ သာသာထိုးထိုး လုပ်ကိုင်ခွင့် ပေးခဲ့ကြသည်။ရှေးဟောင်းအမွေအနှစ်များအဖြစ် တန်ဖိုးထားရမည့်အစား၊ ပညာရှင်များဖြင့် ထိန်းသိမ်းစောင့်ရှောက် မွမ်းမံရမည့်အစား အုပ်ချုပ်သူများအကြိုက်၊ အလှူရှင်များအကြိုက် ရှေးဟောင်းစေတီပုထိုးများ၊ အဆောက်အအုံများကို ပြုပြင်မွမ်းမံမှုများ၊ ပြန်လည်တည်ဆောက်မှုများ ပြုလုပ်ခဲ့ကြသည်။တစ်နေ့ကပင် ညဘက်ရွာလိုက်သော မိုးကြောင့် ပုဂံတွင် ဘုရားတစ်ဆူ ပြိုကျသွားကြောင်း သိရသည်။ ပြိုကျသွားသည့် ဘုရားမှာ ၁၂ ရာစုလက်ရာ ဂူဘုရားများရှိသော ရေတော်မုနိအနားက ဂူဘုရားတစ်ဆူ ဖြစ်သည်။  အဆိုးထဲက အကောင်းဟု ဆိုရမည်မှာ ပြိုကျသွားသော ဘုရားသည် ၂၀၀၃ ခုနှစ်ကမှ ပြန်လည်မွမ်းမံ တည်ဆောက်ထားသော ဂူဘုရား ဖြစ်နေသောကြောင့်ပင်။“အဟောင်းကိုပြန်ပြီး မွမ်းမံတည်တဲ့အခါ အရေးကြီးတာက အစာသွတ်တာပဲ။ အစာသွတ်တဲ့အခါ အစိုသွတ်တာနဲ့ အခြောက်သွတ်တာ ရှိတယ်။ အစိုဆိုတာ ထုံးတို့၊ ဘိလပ်မြေတို့ပါတဲ့ မဆလာနဲ့ သွတ်တာကို ဆိုတာ။ အခြောက်သွတ်တာကတော့ အဲ့ဒါမပါဘဲ အကုန်အကျ သက်သာအောင် လုပ်တဲ့နည်းပေါ့။ အစိုသွတ်ရင် အတွင်းထဲကို ရေစိမ့်မဝင်နိုင်တဲ့အတွက် ဒဏ်ခံနိုင်တယ်။ အခြောက်သွတ်ရင် ရေစိမ့်ဝင်လွယ်တဲ့အတွက် ဒဏ်မခံနိုင်ဘူး” မိုးရွာ၍ ဘုရားပြိုရသည့် အကြောင်း ပြောကြတော့ အတွေ့အကြုံရှိသူ တစ်ဦး ပြောသည့် စကားကို မှတ်သားမိသည်။ ရှေးဟောင်းသုတေသနတွင် တာဝန်ထမ်းခဲ့ဖူးသူကတော့ ရှေးဟောင်းစေတီပုထိုး၊ အဆောက်အအုံများကို ပြန်လည်မွမ်းမံ တည်ဆောက်သည့်အခါ ယူနက်စကိုကဲ့သို့ အဖွဲ့အစည်းမှ ပညာရှင်များ လိုအပ်သည့်အကြောင်း၊ နည်းပညာပိုင်း ဆိုင်ရာများ လိုအပ်ကြောင်း၊ Quality Control သည်လည်း အရေးကြီးကြောင်း ပြိုကျသွားသည့် ဘုရားကြီးကို စိတ်မကောင်းစွာကြည့်ရင်း သုံးသပ်သွားသည် အမှတ်ရမိသည်။အများနှင့် သက်ဆိုင်သော အလုပ်များ လုပ်ကိုင်ကြသည့်အခါ မည်သည့်အလုပ်မျိုးမဆို အချက်နှစ်ချက်သည် အဓိကအရေးကြီးကြောင်း ဆရာတော်ကြီးတစ်ပါး၏ မိန့်ကြားမှုကို တစ်ဆင့်စကား နာကြားဖူးသည်။ ထိုနှစ်ချက်မှာ စေတနာနှင့် ကျွမ်းကျင်မှု (ပညာ) ဖြစ်သည်ဟုဆိုသည်။ စေတနာပါပြီး ကျွမ်းကျင်မှု (ပညာ) မရှိလျှင်လည်း ဆင်ကန်းတောတိုးနေသကဲ့သို့ ဖြစ်လိမ့်မည်။ ကျွမ်းကျင်မှု (ပညာ) ရှိပြီး စေတနာမပါလျှင်လည်း ရလဒ်ကောင်းများ ပေါ်ထွက်လာမည် မဟုတ်ပါ။ ပုဂံရှေးဟောင်း အမွေအနှစ်များ ရေရှည်တည်တံ့ ခိုင်မြဲဖို့အတွက် ဒီဒေသခံများ၏ မှန်ကန်သော တန်ဖိုးထားတတ်မှုနှင့်အတူ ကျွမ်းကျင်မှု (ပညာ) နှင့် စေတနာ ပေါင်းစပ်ထားသော ပြည်တွင်း၊ ပြည်ပလူမှု အဖွဲ့အစည်းများ အရေးတကြီး လိုအပ်နေပြီဟု ထင်ပါသည်။“လာအိုကိုရောက်သွားတော့ သူတို့ရဲ့ ရှေးဟောင်းအမွေအနှစ် ဒေသဖြစ်တဲ့ လွမ်ပရာဘွမ်ကို ရောက်သွားတယ်။ သူတို့ ဒေသခံတွေက ရှေးဟောင်းအမွေအနှစ်ကို တန်ဖိုးထားရမှန်း သိသွားပြီဗျ။ အဲဒီအတွက်နဲ့ Tourism က တစ်နှစ်ပတ်လုံးလာနေတော့ တန်ဖိုးကို သူတို့နားလည်သွားပြီ။ တစ်နှစ်ပတ်လုံး ဧည့်သည်က လာနေတယ်။ ကျွန်တော်တို့ဆီမှာ ဧည့်သည်မလာတဲ့လတွေ ရှိနေသေးတယ်”။မကြာသေးမီက လာအိုနိုင်ငံသို့ ခရီးသွားလုပ်ငန်း အကြောင်းပြု၍ သွားရောက်ခဲ့သူ ဧည့်လမ်းညွှန်တစ်ဦးက ပြောသည်။ ရှေးဟောင်းအမွေအနှစ်များကို အကြောင်းပြုပြီး ဖြစ်တည်လာသော ခရီးသွားလုပ်ငန်းသည် ရှင်သန်ဖွံ့ဖြိုးမှုနည်းလမ်း အားနည်းချက်များ ရှိနေသည့်အခါ “ငါမွေးတဲ့မျောက် ငါ့ပြန်ခြောက်” ဆိုသည့် အဖြစ်မျိုးနှင့် ကြုံလာရသည်။ တကယ်တမ်း ယဉ်ကျေးမှုအခြေခံ ခရီးသွားလုပ်ငန်းနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များသည် အပြန်အလှန် အကျိုးပြု သဟဇာတ ဖြစ်နေရမည့် ကဏ္ဍများဖြစ်သည်။အတိတ်ကာလ တစ်လျှောက်လုံးတွင် ပုဂံသည် ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သူ စသော ရန်သူမျိုးငါးပါးကြောင့် ထိခိုက်ပျက်စီးမှုများ၊ ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည်။ ငလျင်ဒဏ်ကြောင့် ပုဂံ၏ ရှေးဟောင်းအမွေအနှစ်များ ဆုံးရှုံးခဲ့ရသည်။ ယခုမျက်မှောက်တွင်လည်း ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများကြောင့် ပုဂံ၏ နှစ်တစ်ထောင်ဝန်းကျင်ရှိသော ရှေးဟောင်းအမွေအနှစ် စေတီ၊ ဂူပုထိုး၊ အဆောက်အအုံများ၊ ဗိသုကာ၊ အနုလက်ရာများ စိုးရိမ်နေရပါပြီ။ တတ်ကျွမ်းနားလည်သော ပညာရှင်များဖြင့် ထိန်းသိမ်းကာကွယ်ဖို့ အရေးတကြီး လိုအပ်နေပါပြီ။ဧရာဝတီမြစ်သည် မြန်မာတို့၏ အသက်သွေးကြော ဖြစ်သကဲ့သို့ ပုဂံသည် မြန်မာတို့၏ အသည်းနှလုံး ဖြစ်သည်။ ပုဂံကို ကျွန်တော်တို့ မြန်မာနိုင်ငံသားအားလုံး ပိုင်ဆိုင်သည်။ ကျွန်တော်တို့သာမက ကျွန်တော်တို့၏ နောင်လာနောင်သား မျိုးဆက်များနှင့်လည်း သက်ဆိုင်သည်။ ပုဂံသည် မြန်မာနိုင်ငံသား အားလုံး၏ အမွေဆိုင်လည်း ဖြစ်သည်။ထို့ကြောင့် ပုဂံကို ကာကွယ်ကြရမည်။ ပုဂံကို ထိခိုက်လာမည့် အန္တရာယ် ဟူသမျှကို အချိန်မီ ကာကွယ်နိုင်ရေး စေတနာမှန်ကန်ပြီး၊ ကျွမ်းကျင်သော ပညာရှင်များ၊ ဒေသခံလူမှု အဖွဲ့အစည်းများ အမြန်ဆုံး ပေါ်ပေါက်လာစေချင်ပါသည်။

Most Read

Most Recent