ဒီကနေ့ သတင်းစာကို စဖတ်တော့ မျက်နှာဖုံးမှာ ဖော်ပြထားတဲ့ ကြေညာချက် စာတမ်းလေးကို ဦးဆုံး သတိပြု ဖတ်လိုက်မိပါတယ်။ ဘာတဲ့ “ရွေးကောက်ပွဲကျင်းပရန် ရက် --- သာလိုတော့သည်။ သင့်နိုင်ငံအား ဂုဏ်သိက္ခာရှိသော နိုင်ငံအဖြစ် တည်ဆောက်ရန် သင်အပါအဝင် ပြည်သူအပေါင်းတို့ ခံစားနေရသော လူမှုဒုက္ခ သုက္ခအပေါင်းမှ လွတ်မြောက်ရန်၊ သင့်တွင်နောက်ဆုံးအခွင့်အရေး ရှိနေပြီ။ သင်မဲပေးပါ” တဲ့။ အင်းဘာလိုလိုနဲ့ ရွေးကောက်ပွဲကြီးက တဖြည်းဖြည်း နီးလာပါပြီလား။
ကျွန်တော့်တစ်သက်မှာ ရွေးကောက်ပွဲဆိုလို့ နှစ်ကြိမ် နှစ်ခါပဲ ကြုံခဲ့ရဖူးပါတယ်။ ပထမတစ်ကြိမ်က ၁၉၉၀ ရွေးကောက်ပွဲပါ။ နောက်တစ်ကြိမ်က ၂၀၁၀ ရွေးကောက်ပွဲပါ။ ပထမအကြိမ် ၉၀ ရွေးကောက်ပွဲကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ နိုင်ငံတကာက အသိအမှတ်ပြုခဲ့တဲ့ ရွေးကောက်ပွဲပါ။ အများထင်မှတ်ထားတဲ့အတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က တောင်ပြိုကမ်းပြို အနိုင်ရလိုက်ပါတယ်။ ဒါပေမဲ့ အစိုးရဖွဲ့ခွင့် မရလိုက်တဲ့အပြင် ရွေးကောက်ပွဲရလဒ်ကိုလည်း ထိုစဉ်က ရွေးကောက်ပွဲကို ဦးဆောင်ကျင်းပပေးတဲ့ အစိုးရက အသိအမှတ် မပြုခဲ့ပါဘူး။ ဘာကြောင့်လဲ ကျွန်တော်အပါအဝင် ရွေးကောက်ပွဲမှာ တက်တက်ကြွကြွ မဲပေးခဲ့ကြတဲ့ ပြည်သူအများစုက နားမလည်ကြပါဘူး။ ကျွန်တော်တို့ကိုယ်တိုင် ၉၀ ရွေးကောက်ပွဲကို အစိုးရအပြောင်းအလဲ ဖြစ်ဖို့အတွက် ရည်ရွယ်ပြီး ပေးခဲ့တာ မှန်ပေမယ့် ကျွန်တော်တို့ရဲ့ ဆန္ဒအမှန်ကို အရေးပေး အလေးထား မခံခဲ့ရတဲ့အတွက် တစ်ခုခုမှားနေပြီလို့ ခံစားလိုက်ရပါတယ်။
ဟောလာပြန်ပါပြီ ၂၀၁၅ ရွေး ကောက်ပွဲကြီး။ ဒါပေမဲ့ ခုဟာကတော့ အမှန်အကန်ပါလို့ နိုင်ငံရေး အသိုင်းအဝိုင်းကတော့ ပြောနေကြတာ တွေ့ရပါတယ်။ အမှန်လည်း ရွေးကောက်ပွဲဆိုတာ ပြည်သူကသူတို့ လိုချင်တဲ့ အစိုးရကို သူတို့ဆန္ဒသဘောထားနဲ့ မှတ်ချက်ပြု ရွေးချယ်တာဖြစ်လို့မို့ ပြည်သူ့ဆန္ဒကို ဘယ်အစိုးရမဆို ဘယ်အဖွဲ့အစည်းကမဆို လက်ခံရမှာပါ။ ဒီမိုကရေစီစနစ်ကို ပီပီပြင်ပြင် အကောင်အထည် ဖော်ချင်တယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးကိုလိုလားတယ်ဆိုရင် အစစအရာရာအဘက်ဘက်က နိမ့် ကျနေတဲ့တိုင်းပြည်ကို ကယ်တင်ချင် တယ်ဆိုရင် ရွေးကောက်ပွဲနည်းလမ်းအရ ပြည်သူကတင်မြှောက်တဲ့ အစိုး ရတစ်ရပ် ခိုင်ခိုင်မာမာပေါ်ထွက်လာ ဖို့လိုပါတယ်။ လက်လည်းလက်ခံရ မှာပါ။
ခုဆို ၂၀၁၅ ရွေးကောက်ပွဲကြီးက အတော်နီးလာပါပြီ။ ရက်ပေါင်း ၈၀ ကျော်လောက်ပဲ လိုပါတော့တယ်။ မဲဆန္ဒနယ်တွေလည်း သတ်မှတ် ပြီးပြီ၊ မဲဆန္ဒရှင်စာရင်းတွေလဲ ထွက် ပေးနေပါပြီ။ မှားတာမှန်တာကတော့ တစ်ပိုင်းပေါ့လေ။ ဒါကမှားနေရင် လည်းလိုက်ပြင်လို့ရပါတယ်။ သိပ်ပြီး ကျယ်ကျယ်လောင်လောင် ပြောနေ ဖို့မသင့်ဘူးထင်ပါတယ်။ အခုနောက် ဆုံး မဲဆန္ဒနယ်အလိုက်ရွေးကောက် ခံမယ့် ပါတီကိုယ်စားလှယ်လောင်း တွေစာရင်းကိုသာ ပြည်သူတွေကြား ချပြဖို့ပဲလိုပါတော့တယ်။ မကြာခင် ကိုယ်စားလှယ်လောင်း အမည်စာ ရင်းတွေထွက်လာရင်တော့ သိကြ မှာပါ။
အဲဒါလေးသွားစဉ်းစားတော့ ဖတ်ခဲ့ဖူးတဲ့ ဝတ္ထုတိုလေးတစ်ပုဒ်သွားပြီး အမှတ်ရမိတယ်။ ခက်တာက ဇာတ်လမ်းအကြောင်းအရာ လောက်ပဲစဉ်းစားလို့ ရတော့တယ်။ စာရေးဆရာ အမည်တောင် သိပ်မမှတ်မိတော့ဘူး။ စိတ်ထဲ ဆရာသော်တာဆွေများလား ထင်မိတယ်။ ဒီလို အူထဲက တနုံ့နုံ့နဲ့တွေးပြီး ရယ်ရအောင် ရေးတဲ့နေရာမှာ ကျွန်တော်တို့ပေါင်းတည်သား ဆရာသော်တာဆွေက နံပတ်ဝမ်း မဟုတ်လား။
တစ်ခါက “ဘေကြီး” ဆိုတဲ့ အညာသားတစ်ယောက် အောက်ပြည်အောက်ရွာကို ရောက်လာတယ်။ အမှန်တော့ အလည်လာတာပါ။ သူက အောက်ပြည်ကိုရောက်တော့ ကြည့်ကြည့်သမျှ မြင်မြင်သမျှမှာ ထန်းပင်တွေကို တွေ့တော့တာပဲ။ အဲဒီထန်းပင်တွေက ပြုပြင်တဲ့သူလည်းမရှိ ထန်းတက်တဲ့လူလည်း မတွေ့တော့ ပထမ အရမ်းအံ့သြသွားတယ်။ အညာမှာတော့ ထန်းပင်ဆိုတာ အင်မတန် တန်ဖိုးရှိတာကလား။ အညာမှာ သူဋ္ဌေးလို့ပြောရင် ထန်းဘယ်နှပင်ပိုင်တယ်၊ ထန်းလျက်တစ်နှစ် ဘယ်လောက်ရတယ်လို့ ပြောကြတာ မို့လား၊ အောက်အရပ်ကတော့ ထန်းပင်ထက် လယ်ယာချောင်းမြောင်းကို အဓိကထားကြတယ်။ ထန်းတက်တယ် ဆိုလည်း ကိုယ်သောက်ဖို့ လောက်ရရင် ပြီးစတမ်းပဲ။
“ဘေကြီး” က အညာမှာ ထန်းအငှား တက်ရတဲ့သူပါ။ ထန်းပိုင်မရှိတော့ သူ့တစ်သက် ခါးမှာချည်ကြမ်း ပုဆိုတစ်ထည်နဲ့ ကိုယ်ချည်းဆီးနေရတာ များပါတယ်။ ခုလည်းအညာမှာ အလုပ်အကိုင် ရှားလွန်းလို့ အောက်ပြည် လိုက်လာတော့မှ ထန်းလျက်အိုးကို သွားတွေ့တော့တာပါ။ ဒါနဲ့ သည်ထန်းပင်တွေကို ထန်းတက်ပြီး ထန်းလျက်ချက်၊ ထန်းရည်ခါးရောင်းလိုက်ရရင် ဘယ်လောက်များ စီးပွားဖြစ်လိုက်မလဲလို့ တွေးမိပြီး ရပ်ရွာကို စကားမေးကြည့်လိုက်တော့ “အလကားထားတဲ့ ထန်းပင်တွေပါကွာ။ မင်းတက်နိုင်ရင် ကြိုက်သလောက်တက် တစ်ခါတစ်ရံ တစ်ခွက်တစ်ဖလား သောက်ရရင် တော်ပါပြီ” လို့ ဘေကြီးလက်ထဲကို ထန်းပင်တွေထိုး အပ်ကြတော့တာပါပဲ။
ဘာပြောကောင်းမလဲ ဘေကြီး အညာမပြန်တော့ဘူး။ ရွာနီးချုပ်စပ်တွေ့သမျှ ထန်းပင်တွေ သူအကုန် တက်တာပဲ။ ရတဲ့ထန်းရည်ကို ထန်းလျက်ချက်တန်တာချက် ထန်းရည်ခါးလုပ်ပြီး သူ့ထန်းတောထဲမှာ ရောင်းတန်တာ ရောင်းပေါ့လေ။ သိပ်မကြာဘူး သူ့ထန်းရည်ဆိုင်က လူစညလာတယ်။ စည်ပေမပေါ့ အရောအနှောမရှိ ပကတိထန်းရည် စစ်စစ်ကို လူတန်းစာမရွေး သောက်နိုင်အောင် အများတတ်နိုင်တဲ့ဈေးနဲ့ ရောင်းနေတာကိုး။ သည်ကြားထဲ ထန်းရည်နဲ့ မြည်းဖို့ ကြွက်ကြော်တို့ ကြောင်သားတို့ တစ်ခါတစ်ခါ အဆက်အသွယ်ရရင် ဂျီကတုံးသားလေးတွေတောင် ရတတ်တာမို့ အဲဒီနယ်တစ်ဝိုက်မှာ ဘေကြီးရဲ့ ထန်းရည်ဆိုင်ဟာ သည်ကနေ့ ဘီယာဆိုင်ထက်တောင် ရောင်းအားက ကောင်းသေးတယ်။ သည်တော့ ဘာဖြစ်လဲ ဘေကြီးစီးပွား ဖြစ်တော့တာပေါ့။
လူကပုကွကွ ခြေကခွင်သေးတယ်။ ဘယ်တုန်းကမှ ရေနဲ့ဆပ်ပြာ မတိုက်ဘူးတဲ့ သူ့ကိုယ်လုံးကလဲ မည်းပြောင်ပြီး ချွေးနံ့က ဟောင်စပ်နေသေးတယ်။ ဒါပေမဲ့ လူ့လည်ပင်းမှာတော့ တစ်ကျပ်သား ဆွဲကြိုးကြီးက တဝင်းဝင်း၊ လာသမျှဖောက်သည်တွေကို အစ်ကိုတန် အစ်ကို၊ ဦးလေး တန်ဦးလေး၊ ညီလေးတန်ညီလေး တစ်ခါမျှ သွားမတိုက်တဲ့ သွားဝါကျန်ကျန်ကြီးတွေကို ပါးစပ်ဖြဲပြီး ပြုံးပြုံးပြတတ်တဲ့ ဖော်ရွေတဲ့မျက်နှာကြောင့် တစ်နယ်လုံးဘေကြီးကို ခင်ကြပါတယ်။ ဒါနဲ့ စီးပွားဖြစ်လာတော့ ရပ်ထဲရွာထဲက ပညာမတတ် ခိုကိုးရာ မဲ့နေတဲ့ သူ့လိုမဂျီးထူတစ်ယောက်နဲ့စပ်ပြီး ပေးစားလိုက်ကြတာ ဘေကြီးဟာ အိုးနဲ့အိမ်နဲ့ လူတစ်လုံးသူတစ်လုံး ဖြစ်နေတော့တာပဲ။
ဒါပေမဲ့ လောကဆိုတာ အမြဲတမ်း ရီစရာ ဇာတ်တွေချည်းပဲ ခင်းတတ်တာ မဟုတ်ဘူး။ တစ်ခါတစ်ရံ မခံချိမခံသာ ကလိတာလေးတွေ ရိတာလေးတွေ ချောက်ချတာလေး တွေကလည်း ပါတတ်သေးတော့ တစ်နှစ်မှာ ရွေးကောက်ပွဲကြီးနဲ့ ဘေကြီး တည့်တည့်ကို တိုးတော့တာပဲ။ သူတို့ရွာမှာလည်း လက်ရှိသူကြီးက အာဏာတွေ ပါဝါတွေပြ၊ နောက်ဖေးပေါက်က တက်လာတဲ့ လက်ဆောင်ကိုယူပြီး မတရား ဆုံးဖြတ်ချက်တွေ ချလိုချ၊ မျက်နှာကြီးရာ ဟင်းဖတ်ပါ။ လုပ်ငန်းလိုင်စင်တွေ ချပေးလိုပေး။ အထက်ဖား အောက်ဖိတွေ လုပ်နေတော့ ရပ်ရွာက သူကြီးကို မျက်နှာကြည့်ပြီး တံတွေထွေးရမှာတောင် တယ်မသတီချင်ကြဘူး။ ဒါနဲ့ ထန်းရည်သောက်ရင်းစားရင်း တစ်ကောင်က အစထောင်ပေးတယ်။ “ကိုဘေကြီး သူကြီးဝင်ရွေးဗျာ၊ ကျုပ်တို့ ခင်ဗျားကို မဲပေးမယ် စိတ်ချ” လို့ဆိုတော့ နောက်တစ်ယောက်က “ခင်ဗျားသာ မဲဝင်ရွေးလို့ကတော့ တောင်ပြိုကမ်းပြိုပဲဗျို့၊ ကျုပ်တို့တစ်နယ်လုံးက ခင်ဗျားဘက်က ချည်းပါပဲ” နဲ့ လာသမျှ ထန်းရည်မူးတွေက သူ့ထန်းရည်ကို အချောင်အလကား သောက်ပြီး အတင်းမြှောက်ပေးနေတာနဲ့ နောက်တော့ဘေကြီး စိတ်ပါလာတယ်။ ဒါနဲ့ နောက်ဆုံး သူကြီးရွေးကောက်ပွဲကို ဝင်ပြိုင်မယ် လုပ်တော့တာပဲ။
သူက ကိုယ်စားလှယ်လောင်း အမည်ပေးတဲ့ နေ့ကစပြီး မဲဆွယ်တဲ့အနေနဲ့ သူ့ထန်းရည်တဲမှာ မဲဆန္ဒရှင်တွေကို ကြိုက်သလောက်သောက် ပိုက်ဆံမယူပဲ အိုးပင်းဖွင့်ပေး ထားလိုက်တယ်။ အောင်မာလေး လာပြီး သောက်လိုက်ကြတဲ့လူတွေ နည်းရောလား။ သောက်ရင်းစားရင်းလည်း “သူကြီးမင်း သူကြီးမင်း” နဲ့ မြှောက်လိုက်သေးတယ်။ ဒါနဲ့ ရွေးကောက်ပွဲနေ့မှာတော့ တစ်သက်တစ်ခါ ဆိုသလို ဆပ်ပြာတိုက်ပြီး ရေချိုးပေး လိုက်ကြတယ်။ ပြီးတာနဲ့ သူကြီးလောင်းကို ပုဆိုးနီတာရဲနဲ့ ရှပ်အင်္ကျီ ဖြူကြီးကို ဝတ်ပေးလို့ မျက်နှာကို ပေါင်ဒါရိုက်ပေး လိုက်ကြတာ မြောက်ဖြူကြီးကိုဖြစ်လို့။ ဘေကြီးခမျာလည်း တစ်ခါမှ အင်္ကျီမဝတ်ဘူးတော့ ယားနေတာပေါ့လေ။ အဲဒီနေ့က ဘေကြီးရဲ့ ထန်းတဲမှာ မဲဆန္ဒရှင်တွေကို ဝက်သားပြောင်နဲ့ ထမင်းကျွေးလို့ ရွာလုံးကျွတ် လာစားကြတာ တစ်ရွာလုံး မီးခိုးတိတ်ပဲ။ ဘေကြီးကလည်း ပြုံးပြုံး ပြုံးပြုံးနဲ့ ကုန်ချင်ကုန်ပေစေ။ သူကြီးဖြစ်ဖို့အတွက် ဒါလောက်တော့ ရင်းရပေမပေါ့လို့ ဆိုရှာတယ်။
နေ့လည်လောက်ကျတော့ မဲရုံက မဲစာရင်း အဖြေထွက်လာတယ်။ ဘေကြီးက သုံးမဲပဲရရှာတယ်။ သုံးမဲကလည်း ဘေကြီးရယ် သူ့မိန်းမရယ် ထန်းတဲမှာ လက်တိုလက်တောင်း ခိုင်းထားတဲ့ ဆွေမျိုးမကင်းတဲ့ကောင် လေးရယ်ပဲဆိုပါတော့။ မဲစာရင်း အဖြေလည်းထွက်ရော ရှိသမျှ အိုးခွက် ပန်းကန်ရော ထန်းတဲကိုပါ အကုန်ထုရိုက်ပြီး ရိုက်နှက်ဖျက်ဆီး ပစ်လိုက်တယ်။ သူ့ပါးစပ်ကလည်း ပြောသေးတယ် “သေတောင် အောက်မှာမနေဘူး အညာပြန်တော့မယ်” ဆိုပဲ။
သြော်မဲဆန္ဒရှင်တွေကိုများ ခပ်တုံးတုံး မှတ်နေသလား ကျွေးရင် စားမှာပဲ ပေးရင်လည်း ယူမှာပဲ၊ အဲ မဲကတော့ ထည့်သင့်တဲ့လူပဲ ထည့်မှာပေါ့နော့။










