လွှတ်တော်ဥက္ကဋ္ဌတစ်ဦးအား ဖယ်ရှားနိုင်သည့်အနေအထား လက်ရှိအုပ်ချုပ်ရေး အာဏာပိုင်များလက်ထဲတွင် မရှိကြောင်း ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က သြဂုတ် ၁၄ ရက်က သုံးသပ်ပြောကြားသည်။
သြဂုတ် ၁၃ ရက်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းကို ရာထူးမှဖယ်ရှားပြီးနောက် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရာထူးတွင် ဆက်လက်တည်ရှိနိုင်၊ မရှိနိုင်အပေါ် မေးခွန်းထုတ်မှုများ ရှိနေသည့်အပေါ် ဒေါက်တာအေးမောင် က ယခုကဲ့သို့ သုံးသပ်ပြောကြားလိုက်ခြင်း ဖြစ်သည်။
ဒေါက်တာအေးမောင်က လက်ရှိ လွှတ်တော်သည် သူရဦးရွှေမန်းကို လက်ခံသည့် လွှတ်တော်ဖြစ်သည့်အပြင် အခြားသောအချက်များကြောင့်ပင်လျှင် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအနေဖြင့် လွှတ်တော်ဥက္ကဋ္ဌအဖြစ်ပင် ဆက်လက်ရှိနေရဦးမည် ဖြစ်ကြောင်း ဒေါက်တာအေးမောင်က သုံးသပ်ပြောကြားသည်။
ဒေါက်တာအေးမောင်က “ရှိနိုင်တယ်။ ရှိလည်း ရှိရဦးမယ်။ ဘာလို့လဲဆိုရင် လက်ရှိ ပါလီမန်က ဦးရွှေမန်းကိုလက်ခံတဲ့ ပါလီမန်ကိုး။ ဒါကြောင့် ပါလီမန်အတွင်းမှာ ဦးရွှေမန်းကို ဖြုတ်ချလို့မရလို့သာ ပါတီတွင်းမှာ ဖြုတ်ချတာပေါ့။ ပါလီမန်ကနေ ခုနကလို နိုင်ငံတော်သမ္မတကြီးကို အယုံအကြည်မရှိ အဆိုလုပ်လို့ရတဲ့ အခင်းအကျင်းတွေ အများကြီးရှိခဲ့တယ်။ သို့သော်လည်းပဲ ပါလီမန်ကို ကိုင်ထားတဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ နာယကဖြစ်တဲ့ ဦးရွှေမန်းက ဒီအခင်းအကျင်းမျိုးမဖြစ်အောင် ဆင်ခြင်သုံးသပ်ပြီးမှ ရှောင်ဝေးခဲ့တဲ့ဖြစ်စဉ်တွေ ရှိတယ်။ ဥပမာ ရေကူးအသံလွှင့်ရုံနဲ့ ပတ်သက်လို့ စိန်ခေါ်ခဲ့တဲ့ ဦးရဲထွဋ်ကို ဝန်ကြီးဘဝကနေ အရေးယူလို့ရတဲ့ ဖြစ်စဉ်ရှိတယ်။ ဒါပေမဲ့ မဖြစ်ဖို့အတွက် ဦးရွှေမန်းထိန်းခဲ့တဲ့ပုံနဲ့ ဒီလိုပဲ ခြောက်ပွင့်ဆိုင်တောင်းဆိုမှုနဲ့ ပတ်သက်လို့လည်း တရားဝင် ခုနကလို အချိန်ဆွဲသလို ဖြစ်ခဲ့တာပေါ့။ တခြားဖြစ်စဉ်တွေလည်း အများကြီးရှိပါတယ်။ အဲဒါတွေအကုန်လုံးက နိုင်ငံတော်နဲ့ပတ်သက်တဲ့ ကဏ္ဍတွေမှာ ပြည်ထောင်စုလွှတ်တော်ဘက်က အယုံအကြည်မရှိ အဆိုတင်နိုင်တဲ့အနေအထား ရှိပါသော်လည်းပဲ ချစ်စကို ရှည်စေ၊ မုန်စကို တိုစေဆိုတဲ့သဘော နဲ့ ဆင်ခြင်ခဲ့တဲ့ မှတ်သားချက်တွေရှိပါတယ်။ သို့သော်လည်းပဲ ဒီအခင်းအကျင်းအထိ လွှတ်တော်ဥက္ကဋ္ဌ တစ်ဦးအနေအထားက ဖယ်ရှားနိုင်တဲ့အနေအထား အင်အား အုပ်ချုပ်ရေးအာဏာပိုင်တွေလက်ထဲမှာ မရှိသေးဘူး။ လက်ရှိလွှတ်တော် အခင်းအကျင်းကိုပြောတာပါ။ ပြီးရင် အယုံအကြည်မရှိ အဆိုအပြင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ်က ရုပ်သိမ်းပိုင်ခွင့်လည်းပဲ လက်ရှိအခင်းအကျင်းမှာ လူထုမှာမရှိဘူး”ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။
လွှတ်တော်ဥက္ကဋ္ဌရာထူးသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဖြစ်ပေါ်လာသည့် ရာထူးတစ်ခုဖြစ်သည့်အတွက် အလွယ်တကူ ဖြုတ်ချ၍ မရကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ဖြုတ်ချချင်သည်ဆိုရင်တောင်မှ ဥပဒေ၊ နည်းဥပဒေအရ ပြဋ္ဌာန်းပြီးသား ရှိရမည်ဖြစ်သလို မည်သို့စစ်ဆေးမည်၊ စုံစမ်းမည်၊ မည်ကဲ့သို့ လျှောက်လဲချက်ပေးမည်၊ မည်ကဲ့သို့ ခုံရုံးဖွဲ့မည်၊ မည်သည့် အဖွဲ့အစည်းက စစ်မည်ဆိုသည်တို့မှာ သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိကြောင်း ဒေါက်တာ အေးမောင်က ပြောကြားသည်။
“ဆိုတော့ ဘယ်လိုလုပ်မလဲဆိုတဲ့ ဥပဒေပြဋ္ဌာန်းချက်မရှိတဲ့အခါမှာ ဦးရွှေမန်းအပါအဝင် ကျွန်တော်တို့ ကိုယ်တိုင်ကိုက လွှတ်တော်ကိုယ်စားလှယ်တွေကို ဘယ်လိုအရေးယူမယ်ဆိုတဲ့ဥပဒေ မရှိဘူး”ဟု ဒေါက်တာ အေးမောင်က ပြောကြားသည်။
သူရဦးရွှေမန်းကို ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌအဖြစ်မှ ဖယ်ရှားခြင်းမပြုမီ သူရဦးရွှေမန်းကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ မဲဆန္ဒရှင်အချို့က တိုင်ကြားမှုရှိခဲ့သည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍လည်း ဒေါက်တာအေးမောင်က “ဆိုတော့ ဦးရွှေမန်းကို တင်တာကတော့ တစ်ရာခိုင်နှုန်းဆိုပေမယ့်လည်း ဥပဒေအရ ပြဋ္ဌာန်းထားတာ ပြည်ထောင်စုလွှတ်တော်မှာ မရှိသေးဘူး။ အရေးယူလို့ မရတဲ့အခြေအနေဖြစ်တယ်။ အဲဒါကြောင့် ဘယ်လိုမှ ဒါအရေးယူလို့မရဘူး။ ဦးရွှေမန်းကို အရေးယူရင် တခြားသူတွေကိုပါ အရေးယူရမယ့်ဖြစ်စဉ်တွေ ရှိတယ်။ တစ်ရာခိုင်နှုန်းဆိုတာ အင်မတန်နည်းတဲ့ အရေအတွက်ပါ။ အဲဒါကြောင့် တစ်ရာခိုင်နှုန်းကို ကျွန်တော်တို့ ဆွေးနွေးတဲ့အခါမှာလည်းပဲ နိုင်ငံရေးမငြိမ်မသက်မှုရှိအောင် တစ်ဖက် ပါတီငယ်လေးတွေကအစ ပါတီကြီးတွေအဆုံး လုပ်လာနိုင်တယ်။ အနိုင်ရတဲ့ လွှတ်တော်အမတ်တစ်ဦးကအစ အနိုင်မရတဲ့ လွှတ်တော်ရဲ့ မဲဆန္ဒနယ်မြေကို မတည်မငြိမ်ဖြစ်အောင် လုပ်လာနိုင်တဲ့ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်ဖြစ်တယ်။ ဒါကြောင့် တစ်ရာခိုင်နှုန်းဆိုတာကို ပြန်သုံးသပ်ဖို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မှာ ကျွန်တော်တို့ စဉ်းစားရတာပေါ့။ တစ်နည်းအားဖြင့် တည်ငြိမ်တဲ့နိုင်ငံရေးပတ်ဝန်းကျင်မဖြစ်အောင် ဖန်တီးထားတဲ့ ဖွဲ့စည်းပုံပါပြဋ္ဌာန်းချက်ဖြစ်နေတာကိုး။ အဲဒီတော့ ဒီဟာကလည်းပဲ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အားနည်းချက်ပဲ”ဟု ဒေါက်တာ အေးမောင်က ပြောကြားသည်။
သြဂုတ် ၁၃ ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌ သူရဦးရွှေမန်းအပြင် အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အချို့အား ပါတီထိပ်ပိုင်း ရာထူးများမှ ဖယ်ရှားခဲ့ပြီး အတွင်းရေးမှူးအဖွဲ့ဝင်များကိုလည်း ပြန်လည်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
သူရဦးရွှေမန်းသည် လက်ရှိတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးအဖြစ်ပင် ရှိနေသေးပြီး လာမည့် ၂၀၁၅ ရွေးကောက်ပွဲ၌ ဖြူးမြို့နယ် မဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
လွှတ်တော်ဥက္ကဋ္ဌတစ်ဦးအား ဖယ်ရှားနိုင်သည့် အနေအထား အုပ်ချုပ်ရေးအာဏာပိုင်များ လက်ထဲတွင် မရှိကြောင်း ဒေါက်တာအေးမောင် ပြောကြား